/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘက်တီးရီးယား-သို့-မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့်

ဘက်တီးရီးယား (သို့) မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့် နှလုံးအမှေးပါးကိုထိခိုက်စေနိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပါးစပ်၊ အရေပြားနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ ရောဂါတွေကိုဖြစ်လေ့ရှိတဲ့ ပိုးတွေက တစ်ခါတစ်လေ မှာ နှလုံးကိုပါဒုက္ခပေးနိုင်ပါတယ်။ ဖြစ်တော့ဖြစ်ခဲပါတယ်။ ဒီလို ပိုးဝင်ပြီး နှလုံးအမှေးပါးရောင်ခြင်းက မြန်မြန် ကုသမှုမခံယူရင် ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် စောစောသိဖို့အရေးကြီးပါတယ်။

ဘယ်လိုအခြေအနေတွေကြောင့် ပိုးဝင်ပြီး နှလုံးအမှေးပါးရောင်ခြင်းဖြစ်တတ်ပါသလဲ?

         ထင်မှတ်မထားတဲ့အခြေအနေမျိုးတွေမှာတောင် (ဥပမာ-သွားတိုက်စဉ်၊ ၀မ်းသွားစဉ်) ဘက်တီးရီးယားပိုးတွေ၊ မှိုတွေက သွေးထဲကိုဝင်ရောက်သွားနိုင်ပါတယ်။ ပုံမှန်ကျန်းမာတဲ့ နှလုံးကတော့ ခံနိုင်ရည်ရှိပေမယ့် တစ်ခါတစ်လေမှာ ပိုးဝင်တာပြင်းထန်ရင် နှလုံးအဆို့ရှင်တွေကို သွားပြီးတိုက်ခိုက်ပါတယ်။

နှလုံးအမှေးပါးရောင်ခြင်းကိုဖြစ်စေနိုင်တဲ့ ပိုးအုပ်စု 4 စုကတော့

1. Staphylococcus aureus

2. Viridans group streptococci

3. Enterococci

4. Coagulase-negative staphylococci

ရောဂါအားလုံးရဲ့ 3-4% လောက်ကသာပဲ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးစွဲကပ်ခြင်းကြောင့်ဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ နှလုံးအမှေးပါးရောင်ခြင်းပိုဖြစ်နိုင်ပါသလဲ?

         သွေးထဲကို ဘက်တီးရီးယားပိုးဝင်ရင် ရောဂါဖြစ်နိုင်ချေရှိပေမယ့် အောက်ပါလူတွေမှာ ပိုပြီးဖြစ်နိုင်ချေ များပါတယ်။

1. နှလုံးအဆို့ရှင်အတုထည့်ထားသူများ

2. ကျောက်ကပ်ဆေးနေသောလူနာများ

3. ပိုးသတ်မထားသော ဆေးထိုးအပ်များနှင့် ဆေးထိုးခြင်း

4. သွေးကြောထဲသို့ ပိုက်ထည့်ထားရသူများ

5. အရင်က နှလုံးအမှေးပါးရောင်ခြင်းဖြစ်ဖူးသူများ

6. နှလုံးခုန်စက်တပ်ဆင်ထားရသူများ

ဘယ်လိုရောဂါလက္ခဏာတွေပြတတ်ပါသလဲ?

         အဖြစ်များဆုံးရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်ကြပါတယ်။ ယခင်က ဘာရောဂါမှမရှိဘဲ ကျန်းမာနေတဲ့လူမှာဆိုရင်တောင် သိသိသာသာနေလို့ ထိုင်လို့မကောင်းတာကို ခံစားရနိုင်ပါတယ်။

         နှလုံးအဆို့ရှင်ရောဂါရှိသူတွေနဲ့ အရင်ကတည်းက ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေတဲ့သူတွေ ဆိုရင်တော့ နှလုံးအမှေးပါးရောင်ခြင်းကြောင့် မောပန်းတာလား၊ နဂိုရောဂါအခံကြောင့်ပဲလားဆိုတာကို မသိနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ပိုဆိုးလာမလာ အမြဲသေချာဆန်းစစ်ဖို့လိုပါတယ်။

စစ်ဆေးခြင်း

သွေးယူပြီး ပိုးမွေးခြင်း -  ပိုပြီးသေချာဖို့အတွက်ဆိုရင် နေရာနှစ်နေရာက သွေးကိုယူပြီး ပိုးမွေးကြည့်နိုင်ပါတယ်။

Echocardiogram - နှလုံးဓာတ်မှန်ရိုက်ပြီး နှလုံးအဆို့ရှင်တွေကောင်းမကောင်းကြည့်နိုင်ပါတယ်။

ရောဂါရှာရခက်သောအခြေအနေများ

         ရောဂါသေချာမသိခင်မှာ အဆုတ်ရောင်ခြင်းနဲ့ အခြားရောဂါပိုးဝင်ခြင်းလို့ထင်ပြီး ပိုးသတ်ဆေးတွေ ပေးထားတဲ့အခါမှာ သွေးထဲမှ ပိုးမွေးတဲ့အခါအခက်အခဲဖြစ်ပြီး တိကျတဲ့ ရောဂါအမည်ရရှိဖို့ ခက်ခဲတတ်ပါတယ်။

ကုထုံးများ

          ပိုးသတ်ဆေးတွေပေးပြီး ပိုးတွေသေအောင်ကုသတာမျိုး၊ ခွဲစိတ်ကုသတာမျိုး (နှလုံးအဆို့ရှင် ထိခိုက်ပျက်စီးသွားခဲ့လျှင်) လုပ်ဖို့လိုပါတယ်။

         မှိုကြောင့်ဖြစ်တဲ့ နှလုံးအမြှေးပါးရောင်ရမ်းခြင်းက ပိုပြင်းထန်လေ့ရှိပြီး ခွဲစိတ်မှုပိုလိုအပ်လေ့ရှိပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com