ဘယ်လိုလက်သန့်ဆေးရည်ကို ရွေးချယ်မလဲ
● အယ်ကိုဟောပါဝင်မှု ၆၀-၉၅ ရာနှုန်းရှိသော လက်သန့်ဆေးရည်များက ထိရောက်မှုအရှိဆုံး ဖြစ်ပါတယ်။
● အယ်ကိုဟော အမျိုးမျိုးထဲမှာမှ Ethanol က ဗိုင်းရစ်တွေကို ပိုမိုသေစေနိုင်ပြီး Propanol ကတော့ ဘက်တီးရီးယားတွေကိုပိုမို သေစေနိုင်ပါတယ်။ ဒါကြောင့် အချို့လက်သန့်ဆေးရည်တွေမှာ နှစ်ခုစလုံးကို ရောစပ်ထားကြတာ ဖြစ်ပါတယ်။
● လက်သန့်ဆေးရည်များဟာ များသောအားဖြင့် ဂျယ်လ်အမျိုးအစားဖြင့် လာလေ့ရှိသော်လည်း အရည်ပုံစံ၊ အမြှုပ်ပုံစံ၊ တစ်ရှူး wipe ပုံစံ စသည်ဖြင့် ပုံစံအမျိုးမျိုး ဈေးကွက်တွင် ရရှိနိုင်ပါတယ်။ ဘယ်လိုအမျိုးအစားဖြစ်ဖြစ် အာနိသင်ထိရောက်ပုံချင်းတူတူပဲ ဖြစ်ပါတယ်။
>> လက်သန့်ဆေး အသုံးပြုမည်ဆိုပါက အောက်ပါအချက်များကို ဂရုပြုပါ။
(၁) အယ်ကိုဟော မပါဝင်သော လက်သန့်ဆေးရည်များကို ရှောင်ရှားပါ။
အယ်ကိုဟော မပါဝင်ပါက ပိုးမွှားတွေကို သေစေနိုင်မှာ မဟုတ်လို့ ဘာအာနိသင်မှ ပေးမှာမဟုတ်ပါဘူး။
(၂) နည်းလမ်းမှန်စွာ အသုံးပြုပါ။
လက်သန့်ဆေးရည်ကို အသုံးပြုရာတွင် လက်နှစ်ဖက်လုံးနှင့် လက်ကြားများမကျန် ပျံ့နှံ့အောင် ခြောက်သွားတဲ့အထိ ပွတ်ပေးဖို့ လိုပါတယ်။
(၃) အရေပြား ခြောက်သွေ့ခြင်း
သတိထားဖို့ကတော့ လက်သန့်ဆေးရည်တွေဟာ အရေပြားကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် အရေပြားချောမွေ့အောင် ဂလစ်ဆရင်းအလှဆီ၊ ရှားစောင်းလက်ပတ်စတဲ့ အစိုဓာတ်ထိန်းပစ္စည်းတို့ ပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို ရွေးချယ်သင့်ပါတယ်။
လက်သန့်ဆေးရည်တွေဟာ ဆိုးကျိုးပေးတဲ့ပစ္စည်းတွေ မဟုတ်ပါဘူး။ အလွယ်တကူ အသုံးပြုနိုင်ပြီး ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ရေနှင့်ဆပ်ပြာသုံးပြီး အလွယ်တကူ ဆေးကြောလို့ရတဲ့ အခြေအနေမျိုးမှာတော့ လက်သန့်ဆေးရည်အစား ဆပ်ပြာဖြင့် ဆေးခြင်းက ပိုမိုထိရောက်မှု ရှိပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























