ဘယ်လို မိဘမျိုးလုပ်ရင် ကောင်းမလဲ
ရင်သွေးလေးကို ပြုစုစောင့်ရှောက်တဲ့အခါ ဘယ်လိုမိဘမျိုး လုပ်မယ်ဆိုတာက အလွန်တွေးဆစရာ အကြောင်းတစ်ခုပါပဲ။ ပထမဆုံးအနေနဲ့ သူတို့ကို လွတ်လပ်ခွင့် ဘယ်လောက်ပေးမယ်၊ စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လိုကြပ်မတ်မယ်ဆိုတာ စဉ်းစားသင့်တဲ့အချက်တွေပါ။
၁။ စည်းမျဉ်းခံအုပ်ချုပ်မှုစနစ်
ရင်သွေးလေးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကုန်ထောက်ပံ့မှုပေးပြီး မိခင်ဖခင်ကပဲ နေရာတိုင်းမှာ ဦးဆောင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေက လုပ်စရာကိုတော့ သူတို့ဘာသာ လုပ်ရပါမယ်။ ချီးကျူးစရာရှိ ချီးကျူး၊ အိမ်စာပေးစရာရှိပေးတာ ဖြစ်ပါတယ်။ လုပ်စရာကို သူ့ဘာသာ လုပ်စေခြင်းဖြင့် သူတို့ဘာသာ စည်းမျဉ်းတွေ ချတတ်လုပ်တတ်သွားပါတယ်။
၂။ အာဏာနှင့် အုပ်ချုပ်ခြင်း
စည်းမျဉ်းနှင့် အုပ်ချုပ်တာနဲ့ အာဏာနဲ့ အုပ်ချုပ်တာ ကွာပါတယ်။ အာဏာနှင့် အုပ်ချုပ်တာက မိဘကသာ အကုန်စီမံပေးပြီး လုပ်ကိုလုပ်ရမယ်လို့ ဆုံးဖြတ်ချက်တွေ၊ အလုပ်တွေ ပေးအပ်တာ ဖြစ်ပါတယ်။ ကလေးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုမပေးဘဲ လုပ်ကို လုပ်ဖို့ အတင်းတွန်းအားပေးတာ ဖြစ်ပါတယ်။
ဒီအခါ ကလေးက ခိုင်းသမျှကိုသာ ပြီးအောင် လုပ်တတ်သွားပြီ။ တီထွင်ဖန်တီးမှုဉာဏ် အလွန်နည်းပါးသွားပါတယ်။
၃။ အလိုလိုက်တဲ့ အုပ််ချုပ်ခြင်း
ဘာမဆို ကလေးကို အကုန်အလိုလိုက်ပါတယ်။ လိုချင်တာ ပေးသလို ဘာစည်းမျဉ်းမှမထားဘဲ လွတ်လပ်စွာ ကြီးပြင်းစေပါတယ်။ ကလေးကို မငိုဖို့၊ စိတ်ပျော်ဖို့သာ အဓိကဖြစ်ပြီး ကျန်တာ အရေးမပါတော့ပါဘူး။ အဲဒီအခါ ဘာမဆိုအဆင်သင့်ဖြစ်နေမှ ကြိုက်တဲ့ တစ်ကိုယ်ကောင်းဆန်ကလေး တစ်ယောက်အဖြစ် ကြီးပြင်းလာပါတယ်။
၄။ ဂရုမစိုက်တဲ့ အနေအထား
ကလေးကို ကောင်းကောင်းဆိုးဆိုး လွှတ်ထားပါတယ်။ ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချစေတဲ့အပြင် လုံး၀လျစ်လျူရှုထားပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း လုံခြုံမှုမပေး ရပ်တည်မှုလည်း မပေးပါဘူး။ နောက်ဆုံး ကလေး ကြီးပြင်းလာတဲ့အခါ မိဘကို အလွန်စိတ်နာသွားပြီး မိသားစုကို ပြိုကွဲစေပါတယ်။
ကဲ ... မေမေတို့ရော ဘယ်လိုမိဘမျိုးလဲ ...?
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























