ဘယ်အချိန်ဆို ဆရာ၀န်နဲ့ မဖြစ်မနေပြရမလဲ?
တချို့သူတွေက မိမိကျန်းမာရေး၊ မိသားစု ကျန်းမာရေးကို အမြဲမပြတ်ဂရုတစိုက်ရှိပေမယ့် တချို့တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် လစ်ဟာမှုတွေ ရှိနေတတ်ပါတယ်။ နေထိုင်မကောင်းဖြစ်ရင် ကျန်းမာရေးစောင့်ရှောက်ပေးမယ့် ဆေးပေးခန်းတွေ၊ ဆေးရုံတွေကို သွားသင့်ပေမယ့် ရောဂါ ဘယ်လောက်ကြီးကြီး အိမ်မှာနေပြီး ဆေးမြီးတိုတွေ၊ ပတ်၀န်းကျင်ကပေးတဲ့ အကြံတွေအတိုင်း လိုက်လုပ်နေသေးတဲ့သူတွေလဲ ရှိပါတယ်။ ဒါ့ကြောင့် ဆေးရုံ၊ ဆေးခန်းကို အချိန်မီမရောက်လို့ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့သူတွေ၊ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလို ကိစ္စမျိုးတွေနဲ့ ဘယ်သူမှမကြုံရလေအောင် ဆေးပေးခန်းတွေ ကိုတော့ ဘယ်လိုအခြေအနေမှာ မဖြစ်မနေ သွားကိုသွားသင့်တယ်ဆိုတာ၊ ဆရာ၀န်ရဲ့ ကုသမှုကို ဘယ်လိုအနေအထားမျိုးဆိုရင်တော့ ခံကို ခံယူရသင့်တယ်ဆိုတဲ့ အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. ၀မ်းလျောခြင်း
ရောဂါပိုးကူးစက်ခံရခြင်းနှင့် မလတ်ဆတ်တော့သော သစ်သီးဖျော်ရည် အများအပြား သောက် သုံးခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် ၀မ်းပျက်၀မ်းလျောဖြစ်နိုင်ပါတယ်။ ကလေးငယ်၀မ်းလျောနေပါက အိမ်တွင် အနားယူစေပြီး ရေဓာတ်ခမ်းခြောက်မှုမရှိစေရန် ဓာတ်ဆားရည်တိုက်ကျေွးပါ။ နို့စို့ကလေးဖြစ်ပါက မိခင်နို့ကို တိုက်ကျေွးပေးပါ။ ဖြည့်စွက်စာကျေွးနေပါက အမျှင်ဓာတ် ပါ၀င်မှုများတဲ့ အစားအစာတွေကို ရှောင်ရှားပါ။ ၀မ်းအရောင်မည်းခြင်း၊ သွေးပါခြင်း၊ နှလုံး ခုန်နှုန်းမြန်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ဆီးနည်းသွားခြင်း၊ 24 နာရီအတွင်း မသက်သာပါခြင်း၊ 6 လအောက်ကလေးငယ်ဖြစ်နေခြင်း စတဲ့အချက်အလက်တွေရှိပါက ဆရာ၀န်နှင့် အမြန်ဆုံးပြသပါ။
2. ဖျားခြင်း
အောက်ပါအချက်အလက်တွေရှိပါက နှောင့်နှေးမှုမရှိဘဲ ဆရာ၀န်နှင့် ပြသပြီး ကုသမှုခံယူပါ။ 3 လအောက် ကလေးငယ်များတွင် စအိုမှ တိုင်းတာရာတွင် အပူချိန် 100.4 ထက်များနေခြင်း၊ အသက် 3 လမှ 6 လအရွယ်ကလေးငယ်များ တွင် အဖျား 101 နှင့်အထက်ရှိခြင်း၊ မအီမသာနဲ့ဂျီကျပြီး ဂဏှာမငြိမ်ဖြစ်နေခြင်း၊ မှိန်းနေခြင်း၊ ထိလိုက်တာနဲ့ လှုပ်ရှားလိုက်တာနဲ့ ငိုကြွေးခြင်း၊ လည်ပင်းခိုင်၍ ခေါင်းငုံမရခြင်း၊ ကိုယ်ပူခြင်းနှင့်အတူ ချောင်းဆိုးခြင်း၊ အနီစက်ထွက်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အော့အန်ခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်းကြောင့် ငိုကြွေးခြင်း၊ တက်ခြင်း၊ ၀မ်းပျက်ခြင်းရှိ/မရှိ သေချာစွာစောင့်ကြည့်ပါ။
အဖျားတက်နေတဲ့ ကလေးငယ်ကို သက်သာချောင်ချိတဲ့ အ၀တ်အစားများ ၀တ်ပေးပါ။ ရေဓာတ်ခမ်းခြောက်ခြင်း မရှိစေရန် 6 လအောက် ကလေးငယ်များကို မိခင်နို့နှင့် 6 လကျော်ကလေးများကို ရေများများတိုက်ပေးပါ။ ရိုးရိုးရေနှင့် ရေပတ်တိုက်ပေးပါ။ အဖျားကျဆေးပါရာစီတမော ဆောင်ထားပြီး ဆရာ၀န်ညွှန်ကြားတဲ့အတိုင်းတိုက်ပါ။
3. ၀မ်းချုပ်ခြင်း
တချို့သော ကလေးတွေက တစ်နေ့မှာ အကြိမ်ကြိမ်၀မ်းသွားလေ့ရှိပြီး တချို့ကလေးငယ်တွေ က နေ့တိုင်း၀မ်းမသွားဘဲ နှစ်ရက်တခါးသုံးရက် တစ်ခါနေမှ သွားတတ်တာကြောင့် ၀မ်းအသွားနည်းတိုင်း ၀မ်းချုပ်တယ်လို့ မဆိုနိုင်ပါဘူး။ ၀မ်းသွားရာမှာ ခက်ခဲပြီး ညှစ်နေပြီဆိုရင်တော့ ၀မ်းချုပ်နေပြီဖြစ်ပါတယ်။ တစ်နှစ်အောက်ကလေးငယ်တွေမှာ မိခင်နို့တိုက်နေရာမှ နို့ဘူး၊ နွားနို့ စတာတွေပြောင်းတိုက်ချိန်မှာ ၀မ်းချုပ်တတ်ပါတယ်။ ၀မ်းချုပ်နေတဲ့ ကလေးငယ်ကို ရေများများ တိုက်ပေးပါ။ ဖြည့်စွက်စာ စားနေပါက ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ စတာတွေကို ပိုကျေွးပါ။ တစ်နှစ်အောက်ကလေးငယ်များတွင် ၀မ်းချုပ်ပါက ဆရာ၀န်နှင့်တိုင်ပင်ပါ။
4. အဖုအပိန့်၊ အနီစက် ထွက်ခြင်း
အနီစက်ထွက်တယ်ဆို်ရင်တော့ ရိုးရိုးအဖုလား ဆေးကုသမှု ခံယူဖို့လိုသလားဆိုတာကို ခွဲခြားဖို့လိုအပ်ပါတယ်။ အဖြူဆံ အရွယ်အစားမှသည် ပြည်ဖုအနီရောင်အဆုပ်ဆုပ်တွေထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ရိုးရိုး အနှီးလောင်နာကို အိမ်မှာကုသလို့ ရပေမဲ့ Staphylococcal Skin Infection မှာတွေ့ရတဲ့ ပြည်ဖုဆိုရင်တော့ အရေးတကြီးကုသဖို့ လိုအပ်ပါတယ်။ မကုသဘဲထားပါက သွေးဆိပ် တက်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပါတယ်။ အရေပြားရောဂါ ၀က်သက်၊ ရေကျောက်၊ ဓာတ်မတည့်မှု စတာတွေမှာလည်း အဖုအပိန့်၊ အနီစက်တွေ ထွက်တတ်တာကြောင့် ကလေးငယ်အနီအဖုအပိန့်၊ အနီစက်တွေထွက်လာပါက ပေါ့ပေ့ါဆဆမနေဘဲ ဆရာ၀န်နှင့်ပြသသင့်ပါတယ်။
Dr. Htet Htet Aung






























