ဘဝကို သာသာယာယာ ဖြတ်သန်းကြရအောင် ...
ဘဝကို နေ့စဉ် မောမောပန်းပန်း ဖြတ်သန်းရင်း စိတ်ညစ်နေရပြီလား။ မြန်ဆန်ပင်ပန်းတဲ့ လောကကြီးမှာ တစ်ခါလောက် စိတ်အေးလက်အေး ဖြတ်သန်းဖို့ စိတ်ကျန်းမာစေတဲ့ အရာတချို့ ကြိုးစားကြည့်ရအောင်။
● ကဖိန်းဓာတ်က လူကို လန်းဆန်းစေပြီး အားအင်တက်ကြွစေပါတယ်။ ဒါပေမဲ့ ကော်ဖီ၊ လက်ဖက်ရည် သိပ်သောက်လွန်းသူတွေမှာလည်း နုံးချိပျော့ခွေလာတတ်ပါတယ်။ အေးဆေးညင်သာတဲ့ စိတ်အခြေအနေရဖို့ ကော်ဖီကို အသီးဖျော်ရည်နဲ့ အစားထိုးပါ။
● အသီးဖျော်ရည်တွေကို အိမ်မှာတင် စိတ်အေးလက်အေး ဖျော်စပ်သောက်သုံးကြည့်ပါလား။ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ မိမိရဲ့လက်ရာလေးအတွက် ကျေနပ်မဆုံးဖြစ်ရင်း တစိမ့်စိမ့် အချိန်ယူ သောက်ကြည့်လိုက်ပါနော်။
● ရေသောက်တဲ့အခါ ပလိန်းရေ သဘာဝရေသန့်လည်း ကောင်းပါတယ်။ ဒါပေမဲ့ လိမေ္မာ်ရည်လေး ညှစ်ထည့်လိုက်တာ သံပရာရည်၊ ဂရိတ်ဖရုသီးအရည်လေးတွေနဲ့ ရောစပ်လိုက်တာဟာ ပိုကောင်းတဲ့ အချိုဓာတ်နဲ့ ကယ်လိုရီတွေ ရစေပါတယ်။ ရင်ချောင်စေပြီး စိတ်ကြည်လင်စေပါတယ်။
● ယောဂလေ့ကျင့်ခန်းက တစ်ကိုယ်လုံးက ဟန်ချက်ကို ညီမျှထိန်းသိမ်းပေးပြီး စိတ်အေးချမ်းချင်တဲ့လူတိုင်း လုပ်သင့်တဲ့ လေ့ကျင်ခန်းတစ်ခုပါ။
● အမွေးဖယောင်းတိုင်လေးတွေ နံ့သာခဲလေးတွေဟာ အခန်းထဲမှာ ထွန်းညှိထားရင် အလွန်စိတ်အေးချမ်းစေပါတယ်။ အနံ့ကုထုံးကို ပုံမှန်လုပ်ရင်း နူးညံ့ချမ်းမြေ့မှုကို သိသိသာသာ ခံစားလာရမှာပါ။
● အချိန်ယူပြီး ဖြည်းညင်းစွာ လျှောက်ပါ။ မြက်ခင်းပြင်နဲ့ ခြေဖဝါးလေးနဲ့ တွေ့ထိပါ။ အိမ်မှာ တစ်ယောက်တည်း ဟင်းချက်ပါ။ သူငယ်ချင်းတွေကို ခေါ်ကျွေးပါ။ ကိုယ်တိုင်လုပ်မုန့်တွေ၊ ဟင်းတွေ အတူမျှဝေ ခံစားကြပါ။ အစားကို အရသာခံပြီး စားသုံးပါ။
● ဟင်းချက်ပစ္စည်းတွေထဲတွေမှာ ငရုတ်ကောင်းအနံ့နဲ့ ဟင်းမွှေးမဆလာတွေ အများအပြားသုံးခြင်းဖြင့် ဟင်းတွေဟာ စားသုံးသူကို ကျေနပ်နှစ်သိမ့်စေသလို သွေးလည်ပတ်မှု ကောင်းစေပြီး အစာကြေလွယ်တဲ့ အာနိသင်ကို ပေးပါတယ်။
● အီးမေးလ်တွေစစ်၊ မက်ဆင်ဂျာနဲ့ ဖေ့ဘုတ်ပေါ်မှာ အချိန်ကုန်မယ့်အစား စာအုပ်ကောင်းတစ်အုပ်ပေါ်မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။ ပိုမိုတည်ငြိမ်လာပြီး စိတ်လက်ကြည်သာလာကာ အာရုံစူးစိုက်လာနိုင်တဲ့ ခံစားချက်ကို ရရှိပါလိမ့်မယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























