ဘာကြောင့် နားအူရသလဲ
တစ်ခါတလေ ဘာကြောင့်မှန်းမသိ နားတွေ အူအူနေတယ် ဆိုတာမျိုး ကြုံဖူးကြမှာပေါ့။ သိပ်လည်း အရေးမထားမိကြဘူးလေ။ တစ်ခါတလေတော့လည်း လုပ်ရကိုင်ရ ခက်ခဲတာကြောင့် စိတ်ညစ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ကံကောင်းတာက နားအူတာကို သက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။
တစ်ခါတလေကျရင် အိပ်ရေးပျက်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာတွေနဲ့ လာနိုင်ပါတယ်။ တချို့တွေမှာဆို အာရုံစူးစိုက်ရခက်ခဲတာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။
>> နားအူခြင်းရဲ့ အကြောင်းရင်းများ
ဘာကြောင့်နားအူရတယ်ဆိုတာကို အတိအကျအကြောင်းရင်းတော့ မသိရသေးပါဘူးတဲ့။ ဖြစ်လေ့ရှိတာတစ်ခုကတော့ ဆူညံသံအကျယ်ကြီးတွေကြောင့်ပါ။ စက်ရုံ အလုပ်ရုံတို့၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့လို ဆူဆူညံညံအသံတွေကြား အလုပ်လုပ်ရသူတွေလိုမျိုးပေါ့။ ဒါမှမဟုတ် သီချင်းသံတွေ အကျယ်ကြီး နားထောင်လေ့ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆူညံသံတွေက နားကို ထိခိုက်လာနိုင်ပါတယ်။
အသက်ငယ်ငယ်ကြီးကြီး နားကိုကာကွယ်ဖို့က အရေးကြီးပါတယ်။ အသံအကျယ်ကြီးတွေဆို ဝေးဝေးရှောင်၊ သီချင်းသံလေးကိုလျော့၊ နားအကာလေးတွေတပ်ပေါ့။
နောက်နားအူစေတတ်တဲ့ အကြောင်းရင်းတချို့ကတော့ -
၁။ နားဖာချေး
နားထဲနားဖာချေးတွေ စုပုံလာရင်လည်း နားအူတတ်ပါသေးတယ်။ ဆရာဝန်နဲ့ ပြသဖယ်ရှားလို့ ရပါတယ်။
၂။ ဆေးတွေ
တချို့ဆေးတွေက နားအူစေတတ်ပါတယ်။ အက်စပရင်ဆေးပမာဏ အများကြီး သောက်တာ၊ တချို့ပိုးသတ်ဆေးတွေနဲ့ စိတ်ကျရောဂါဆေးတွေပါ။ ကင်ဆာဆေးတွေကလည်း နားအူစေနိုင်ပါသေးတယ်။ ဆေးကြောင့်များ ဖြစ်နေမလားစိုးရိမ်ရင် ဆရာဝန်နဲ့အရင် တိုင်ပင်ကြည့်ပါ။
၃။ သွားပြဿနာများ
တစ်ခါတလေ နားအူတာဟာ သွားနဲ့ သွားဖုံးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် မေးရိုးရောဂါတွေကြောင့် မေးရိုးလှုပ်ရင် ဖောက်ခနဲ ဂျွတ်ခနဲ မြည်သံတွေဖြစ်တတ်ပါတယ်။
လတ်တလော သွားပြုပြင်ထားတာ၊ မေးရိုးက တစ်ခုခုဖြစ်နေတာမျိုးရှိရင် သွားဆရာဝန်နဲ့ ပြကြည့်ပါ။ တစ်ခါတစ်လေ ညဘက် သွားထိန်းတပ်တာမျိုးက သွားပြဿနာကို ဖြေရှင်းပေးနိုင်ပြီး စိတ်ညစ်စရာအသံတွေ ထွက်နေတာကို သက်သာစေနိုင်ပါတယ်။
၄။ ခေါင်းဒဏ်ရာ
လတ်တလောမှာ ကားမှောက်ဆိုင်ကယ်မှောက်တာမျိုး ဖြစ်ဖူးထားသလား? ခေါင်းကိုတစ်ခုခုနဲ့များ ဆောင့်မိထားသလား? ဒီလိုမျိုးသား ထိခိုက်မိထားရင် ခေါင်း၊ လည်ပင်း၊ မေးရိုးထိခိုက်မှုကြောင့် နားအူတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကို ထိခိုက်မိပြီး စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်ပါ။
ဒီလိုခေါင်းဒဏ်ရာတွေကိုကာကွယ်ဖို့ ဟော်ကီလိုမျိုး ထိခိုက်မှုများတဲ့ အားကစားမျိုး ဆော့တဲ့အခါဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်လိုမျိုး ထိခိုက်မှုများတဲ့ အလုပ်ခွင်တွေမှာပဲဖြစ်ဖြစ် ခေါင်းအကာအကွယ်ဦးထုပ် ဆောင်းပေးဖို့ လိုပါတယ်။
၅။ ရောဂါဘယတွေ
နားအူနေတာဟာ Miniere’s disease လို့ခေါ်တဲ့ နားထဲ အရည်ဖိအားတွေ ပုံမမှန်ရောဂါတစ်မျိုးကြောင့် ဖြစ်ပါတယ်။ သွေးတိုးတို့၊ ဆီးချိုတို့ကြောင့်လည်း နားအူနိုင်ပါသေးတယ်။ ဘာကြောင့်နားအူနေလဲ သိချင်ရင် ဆေးစစ်ကြည့်ဖို့ လိုနိုင်ပါတယ်။
>> ရောဂါကုသဖို့ -
ကံမကောင်းတာက နားအူတာအတွက် သီးသန့်ဆေး မရှိသေးတာပါပဲ။
နားအူစေတဲ့တခြားအကြောင်းအရင်းတွေကို အရင်ရှာကုဖို့ အရေးကြီးပါတယ်။ ပြီးတော့ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်နဲ့ နားအကြားစစ်ဆေးဖို့ လိုပါတယ်။
နားအူတာ သက်သာစေဖို့ သီးသန့်ကုသမှုတော့ မရှိပါဘူး။ တခြားကုသနည်းတွေကတော့ -
● အသိစိတ် အပြုအမူ ပြောင်းလဲလေ့ကျင့်ခြင်းကုထုံး Cognitive behavioural therapy
● အသံကုထုံး : နားအူတာကို အာရုံလွှဲပြောင်းဖို့ အပြင်သက်သာစေတဲ့အသံတွေကို အသုံးချခြင်း။ တချို့တွေမှာ အိပ်ရာဘေးအသံထွက်စက် ထားအိပ်ခြင်းဖြင့် သက်သာစေတတ်ပါတယ်။ ဖုန်းထဲ၊ တက်ဘလက်ထဲ ဒေါင်းလုပ်ဆွဲထည့်ထားလို့ရတဲ့ applicationတွေလည်း ရှိပါသေးတယ်။
>> နားကြားကိရိယာများ
နားကြားကိရိယာတွေက အသံပိုကြားရအောင် ကူညီပေးနိုင်တဲ့အတွက် ဘေးပတ်ဝန်းကျင်က အသံတွေကို ပိုကြားစေပြီး နားအူတာကို ဖုံးကွယ်ပေးပါတယ်။
တချို့နားကြားကိရိယာတွေမှာဆိုရင် အသံလွှတ်စက်တွေပါပါပြီး ပင်လယ်လှိုင်းသံလိုမျိုး အဖြူရောင်ဆူညံသံတွေကို ထုတ်လွှတ်ပေးပါတယ်။ နားအူတာကို သတိမထားမိတော့ဘဲ အကျင့်ဖြစ်သွားအောင် လေ့ကျင့်ပေးတဲ့သဘောပေါ့။
နားအူတာကို မပျောက်စေနိုင်ပေမယ့် သတိမထားမိတော့အောင် လုပ်ပေးတာပါ။
နားထဲ ခေါင်းလောင်းသံတွေကြားရတာ၊ အကြားအာရုံတစ်ခုခု ဖြစ်တာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























