/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာဖြစ်လို့-မေးရိုးတွေ-နာနေတာလဲ

ဘာဖြစ်လို့ မေးရိုးတွေ နာနေတာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျွန်ုပ်တို့ စကားပြောနိုင်အောင်၊ သောက်နိုင်အောင်၊ အစာ ဝါးနိုင်အောင်နဲ့ မျက်နှာအမူအရာ အမျိုးမျိုး လုပ်နိုင်အောင်အတွက် မေးရိုးက အရေးပါ,ပါတယ်။ မေးရိုး နာကျင်ကိုက်ခဲနေပြီဆိုရင် စိတ်အနှောင့်အယှက် အရမ်းဖြစ်ရပါတယ်။ ဒါကြောင့် ဒါကို လျစ်လျူရှုထားဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ မေးရိုး နာကျင်ကိုက်ခဲရတဲ့ အကြောင်းတွေကို သိထားသင့်ပါတယ်။

 

1.      စိတ်ဖိစီးမှုများလျှင်

          လူတွေက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ အရမ်းများတဲ့အခါမှာ ပုံမှန်လုပ်လေ့မရှိတဲ့ အကျင့်တွေကို လုပ်လေ့ရှိကြပါတယ်။ ဆိုလိုတာကတော့ ပါးစပ်ကို အစာစားဖို့ သုံးတာမျိုး မဟုတ်ဘဲ တခြားနည်းလမ်းအတွက် သုံးတာမျိုးကို ပြောတာပါ။ အများအားဖြင့် အံကြိတ်ထားတာမျိုး အလုပ်များပါတယ်။ အံကြိတ်ထားတဲ့အခါ မေးရိုးကို ထောက်ပံ့ပေးထားတဲ့ ကြွက်သားတွေ၊ အရွတ်တွေနဲ့အတူ သွားနဲ့ မေးရိုးအပေါ်မှာ အရမ်းကို တင်းအား များစေပြီး ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုတွေကို ခံစားရစေပါတယ်။ အံကြိတ်ရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ သေချာမသိကြပေမယ့်လည်း စိတ်ဖိစီးမှုကတော့ အဓိကအချက်ပါပဲ။

          နိုးနေတဲ့အချိန်မှာ အံကြိတ်ခြင်းက နာကျင်စေပြီးတော့ စိတ်ရှုပ်ရပေမယ့်လည်း အံကြိတ်မိနေတာကို သတိပြုမိပြီး ရပ်ဖို့ ကြိုးစားနိုင်ပါလိမ့်မယ်။ ညဘက် အိပ်နေရင်း အံကြိတ်တာ၊ သွားကြိတ်တတ်တဲ့အကျင့်က ဖျောက်ဖို့ ပိုခက်ပါတယ်။ ဆရာဝန်က အံကြိတ်ခြင်းကြောင့်ဖြစ်တဲ့ တင်းအားတွေကနေ ကာကွယ်ဖို့အတွက် အပေါ်သွားနဲ့ အောက်သွားကြားမှာ ကာကွယ်ပေးမယ့်အရာ တပ်ဆင်ဖို့ ညွှန်ကြားပါလိမ့်မယ်။

 

2.      TMJ disorder (မေးရိုးနဲ့ ဦးခေါင်းရိုးဆုံတဲ့ အဆစ် ပုံမှန်မဟုတ်ခြင်း)

          မေးရိုး တစ်ဖက်တစ်ချက်မှာ မေးရိုးနဲ့ ဦးခေါင်းခွံရိုးကို ဆက်ပေးတဲ့ ပတ္တာလိုမျိုး ဆောင်ရွက်ပေးတဲ့ အဆစ် ရှိပါတယ်။ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ ဒီအဆစ်မှာလည်း ပြဿနာ ဖြစ်တတ်ပါတယ်။ ဒီပြဿနာအားလုံးကြောင့် အဆစ် နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေပါတယ်။ အခြားလက္ခဏာတွေကတော့ အဆစ် တောင့်တင်းခြင်း၊ ပါးစပ်ဟဖို့ ခက်ခြင်း၊ မေးရိုးကြီးက သော့ပိတ်ထားသလို ခံစားရပြီး ပါးစပ်အ ဖွင့်အပိတ်လုပ်တိုင်း အသံတွေမြည်ပြီး နာကျင်ခြင်းတွေနဲ့ အပေါ်သွားနဲ့ အောက်သွားက ကောင်းကောင်း မတည့်တော့တာမျိုးကို ခံစားရတတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်း အတိအကျကိုတော့ မသိကြပါဘူး။

          ဒီအဆစ် ပုံမှန်မဟုတ်ဘူးလို့ သံသယရှိရင် ဆရာဝန်က စစ်ဆေးပြီး ပုံရိပ်ရိုက်စစ်ဆေးခြင်းတွေ လုပ်စေပါလိမ့်မယ်။ ကောင်းတဲ့ အချက်တစ်ခုကတော့ ဒီအဆစ်နာကျင်မှုက ယာယီသာဖြစ်သလို အနည်းဆုံးတော့ ပိုဆိုးမသွားဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီရောဂါကို ကုသတဲ့ ရှေးဦးနည်းကတော့ စောင့်ကြည့်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

          Ibuprofen ကဲ့သို့သော အရောင်ကျဆေးတွေနဲ့ ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် ရေခဲအိတ်ကပ်ခြင်း၊ အစာပျော့ပျော့စားပြီး မေးရိုးကို အနားပေးထားခြင်း၊ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ ပါးစပ်ကို အကျယ်ကြီး အဖွင့်အပိတ်လုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ကျစေဖို့ ကြိုးစားခြင်းနဲ့ မေးရိုး အကြောလျှော့ လေ့ကျင့်ခန်းများ လေ့ကျင့်ခြငး်တွေ ပြုလုပ်ဖို့ လိုပါတယ်။

 

3.      အစားအစာတစ်ခုခုကို ကိုက်တဲ့နေရာမှာ တစ်စုံတစ်ခု မှားယွင်းနေခြင်း

          ကောင်းကောင်း ကိုက်နိုင်တယ်ဆိုရင် အစားအစာ ဝါးစားတဲ့အခါမှာ သွားတွေ အကုန်လုံးက တစ်ညီတည်း ဖြစ်နေရပါမယ်။ ကိုက်တာမှာ ပြဿနာရှိရင်တော့ သွားအချို့ကသာပဲ ညီပြီးတော့ ကျန်တာတွေက နောက်မှာ ကျန်ခဲ့နိုင်ပါတယ်။ ကိုက်တာ ပြဿနာဖြစ်တာလို့ ဆိုရာမှာ အကိုက်လွန်ခြင်း (အပေါ်သွားက အောက်သွားပေါ်မှာ ထပ်နေခြင်း) နဲ့ အကိုက်နည်းခြင်း (အောက်သွားက အပေါ်သွားပေါ်မှာ ထပ်ခြင်း) တို့ ဖြစ်ပါတယ်။

          ဒီလိုမျိုး ကိုက်ဝါးတာ မညီမျှခြင်းက မေးရိုးကောင်းကောင်း အလုပ်မလုပ်တာကိုပြပြီး မေးရိုးအဆစ်နဲ့ ကြွက်သားတွေကို ဒဏ်ဖြစ်စေကာ နာကျင်ကိုက်ခဲမှုကို ခံစားရစေပါတယ်။ ဒီပြဿနာကို သွားဆိုင်းကြိုးနဲ့ ပြင်နိုင်ပေမယ့် ပြင်းထန်ပါက ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။

 

4.      သွားခေါင်းပေါက်များကို ကုသမှုမခံယူဘဲ ထားခြင်း

          အစားအသောက် အကြွင်းအကျန်တွေကြောင့် ဘက်တီးရီးယားပိုးတွေ စုပုံလာပြီး သွားချေးတွေ သွားမှာ စုပုံလာစေကာ ဒါကို ပုံမှန်သန့်ရှင်းရေး မလုပ်ဘူးဆိုရင် သွားအပေါ်မှာ ကာထားတဲ့ကြွေလွှာကို ပျက်စီးစေပါတယ်။ ဒါပြီးရင်တော့ သွားခေါင်းပေါက် ဖြစ်ပါပြီ။ သွားခေါင်းက ကြွေလွှာအောက်က dentin ဆိုတဲ့အလွှာကို ရောက်ပါက မသက်မသာ ခံစားရစေပြီးတော့ တဖြည်းဖြည်းနဲ့ သွားအလယ်ခေါင်အထိ ရောက်လာကာ သွားကိုက်တာက မေးရိုးတစ်လျှောက် ပျံ့နှံ့သွားစေပါတယ်။

          သွားခေါင်းပေါက် သေးသေးတယ်ဆိုရင် သွားဖာလို့ ရပါတယ်။ အရမ်းကြီးတယ် ဆိုရင်တော့ သွားရဲ့ ထိခိုက်ခံရတဲ့နေရာကို ဖယ်ရှားပြီး အောက်အထိ အခေါင်းဖြစ်အောင်လုပ်ပြီးမှ ပြန်ဖာရပါတယ်။

 

5.      အံသွားမြုံနေခြင်း

          အံဆုံးက ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက် ၂၀ အစောပိုင်းတွေမှာပေါက်တဲ့ အံသွား ဖြစ်ပါတယ်။ အံဆုံးက ဘာအလုပ်မှ မလုပ်တဲ့အတွက် လူတိုင်းမှာ ပေါက်ချင်မှ ပေါက်ပါတယ်။ တကယ်လို့ အံဆုံးပေါက်တယ်ဆိုရင် အပေါ်မှာ ၂ ချောင်း၊ အောက်မှာ ၂ ချောင်း ပေါက်ရပါမယ်။ ဒီအံသွားတွေက သွားဖုံးကို ဖောက်ပြီး ထွက်မလာနိုင်ဘူးဆိုရင် အထဲမှာ ပိတ်မိနေနိုင်ပါတယ်။

          မေးရိုးနာတာက အံဆုံး ဖောက်မထွက်နိုင်လို့လို့ထင်ရင် သွားဓာတ်မှန်ရိုက်ပြီး ကြည့်နိုင်ပါတယ်။ လိုအပ်ရင် ခွဲထုတ်နိုင်ပါတယ်။ ဒီတော့ မေးရိုး နာနေတယ်ဆိုရင် စောင့်ဆိုင်းမနေပါနဲ့။ သွားဆရာဝန်နဲ့ သွားပြပြီး ပြဿနာကို ရှင်းထုတ်လိုက်ပါ။ တစ်ခါတလေမှာတော့ သွားပြဿနာကြောင့် မဟုတ်ဘဲနဲ့ TMJ disorder ကြောင့်ဖြစ်သော နာတာရှည် ခေါင်းကိုက်ခြင်းနဲ့ အမျိုးသမီးတွေမှာ နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ စောစောသိပြီး စစ်ဆေးမှုခံယူထားတာက စိတ်ချမး်သာမှုကို ရရှိစေပြီးတော့ နာကျင်မှုအတွက် ကုသမှု စောစောခံယူနိုင်မှာ ဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)