ဘာဖြစ်လို့ လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးသင့်တာလဲ
Pfizer က ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးအပြင် အခုဆိုရင် Oxford ကထုတ်တဲ့ ကာကွယ်ဆေးကိုပါ ယူကေနိုင်ငံမှာ အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ကာကွယ်ဆေးတွေကို စတင်ထိုးနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ ကာကွယ်ရလာတော့မယ်ဆိုတဲ့ သတင်းကောင်းတွေ ရှိနေပါတယ်။ ကာကွယ်ဆေးရလာတဲ့အခါ ထိုးသင့်မထိုးသင့် စဉ်းစားနေကြသူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဘာဖြစ်လို့ ထိုးထားသင့်သလဲဆိုတဲ့ အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လူ့အသက်တွေကို ကယ်တင်နိုင်တယ်။
ကျောက်ရောဂါကာကွယ်ဆေး မရှိခင်တုန်းက (၂၀) ရာစုတစ်ခုတည်းမှာပဲ လူသန်းပေါင်း (၃၀၀) ခန့်ဟာ ကျောက်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကာကွယ်ဆေး ပေါ်လာပြီးတဲ့နောက်မှာ ရောဂါကူးစက်ကြောင့် သေဆုံးနှုန်းကို တစ်နှစ်လျှင် (၂) သန်းမှ (၃) သန်းလောက်အထိ လျှော့ချပေးနိုင်တဲ့အပြင် အခုဆိုရင် ကျောက်ရောဂါကို လုံးဝအမြစ်ဖျက်ချေမှုန်းနိုင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ဟာလည်း အသက်သေစေနိုင်လို့ ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကြောင့်သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၂။ ရောဂါမဖြစ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ မရှိတော့လို့ ကျန်းမာရေးကောင်းစေတယ်။
ပိုလီယိုရောဂါပိုး ကူးစက်ခံရတဲ့ကလေးတွေကိုကြည့်ရင် အကြောသေပြီး လမ်းမလျှောက်နိုင်တော့တာကို တွေ့ရပါတယ်။ ကာကွယ်ဆေးပေါ်လာပြီးနောက်မှာတော့ ဒီလိုဖြစ်တာဟာ ၉၉.၉% အထိ လျော့ကျသွားပါတယ်။ ရောဂါမကူးစက်တော့ရင် ရောဂါရဲ့နောက်ဆက်တွဲဝေဒနာကိုလည်း မခံစားရတော့ပါဘူး။ ကိုဗစ်-၁၉ဟာလည်း ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးမရှိတော့ပေမယ့် နောက်ဆက်တွဲဝေဒနာတွေ ခံစားရနိုင်ပါသေးတယ်။ နောက်ဆက်တွဲဝေဒနာတွေ မခံစားရဘဲ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ဖို့ဆိုရင် အစကတည်းက ရောဂါမဖြစ်အောင်လို့ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
၃။ နိုင်ငံရဲ့ကျန်းမာရေးစနစ်နဲ့ နိုင်ငံသားတို့ရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးလို့ ရောဂါဖြစ်နှုန်းတွေ လျော့ကျသွားရင် ရောဂါကုတဲ့နေရာမှာ သုံးဖို့လိုအပ်တဲ့ လူအားရော၊ ငွေအားကိုပါ လျှော့ချပေးနိုင်လို့ နိုင်ငံရဲ့ကျန်းမာရေးစနစ်ကို ကောင်းမွန်စေတယ်။ တခြားရောဂါတွေ ကုသတဲ့ဘက်ကို ပြန်အာရုံစိုက်လာနိုင်လို့ နိုင်ငံသားတွေရဲ့ကျန်းမာရေးကို ကောင်းမွန်စေတယ်။
၄။ ရောဂါကူးစက်နိုင်ချေ မြင့်တဲ့သူတွေဆီ ရောဂါမကူးစက်အောင် ကာကွယ်ပေးနိုင်တယ်။
လူတိုင်းကာကွယ်ဆေးထိုးထားရင် ရောဂါဖြစ်သူတွေ မရှိသလောက် ရှားသွားနိုင်တာမို့လို့ ရောဂါကူးစက်မှုကို ရပ်တန့်သွားစေတယ်။ အဲ့လိုဖြစ်လာရင် ကာကွယ်ဆေးထိုးဖို့ မသင့်တော်တဲ့သူတွေအနေနဲ့ ရောဂါကူးစက်မှာကို စိတ်ပူစရာမလိုပါဘူး။ သူတို့တွေအတွက်လည်း ရောဂါကူးစက်မှုကနေ ကာကွယ်ပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါလိုဖြစ်တာကို Herd immunity ရတယ်လို့ ခေါ်ပါတယ်။
၅။ သေချာစမ်းသပ်ပြီးမှ ထုတ်ထားတာဖြစ်လို့ စိတ်ချရပါတယ်။
ကာကွယ်ဆေးထိုးတာ စိတ်ချရပါ့မလား ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလားလို့ စိုးရိမ်တဲ့သူတွေရှိပါလိမ့်မယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်တဲ့အခါမှာ လူပေါင်းများစွာနဲ့ အဆင့်ပေါင်းများစွာ စမ်းသပ်ပြီး အကျိုးသက်ရောက်မှုလည်းရှိတယ်၊ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်ဆိုတာ သေချာမှ တရားဝင် ထုတ်လုပ်ခွင့်ရထားတာဖြစ်လို့ စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချထိုးလို့ရပါတယ်။
၆။ အချိန်ကုန်၊ ငွေကုန်သက်သာစေတယ်။
ရောဂါတစ်ခုဖြစ်ရင် ဆေးရုံဆေးခန်းပြရတာနဲ့ပဲ အချိန်တွေရော အပိုငွေတွေပါ ကုန်တတ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ် ဆိုတဲ့အတိုင်း ကာကွယ်ဆေးရှိတဲ့ ကူးစက်ရောဂါတွေကို ဆေးထိုးထားခြင်းဖြင့် ကာကွယ်ပါ။ ကာကွယ်ဆေးထိုးဖို့ဆိုရင် မိနစ်အနည်းငယ်လောက်ပဲ အချိန်ပေးရပါတယ်။ တချို့ကာကွယ်ဆေးတွေကို ဈေးသက်သာစွာနဲ့ ဝယ်ထိုးလို့ရသလို တချို့ကာကွယ်ဆေးတွေကို နိုင်ငံတော်က အခမဲ့ထိုးနှံပေးတာကြောင့် ကာကွယ်ဆေးထိုးခြင်းဟာ ကူးစက်ရောဂါတစ်ခုကို အချိန်ကုန်ငွေကုန် သက်သာစွာနဲ့ ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်မျိုးပါ။
၇။ စိတ်ချလက်ချ ခရီးသွားလာနိုင်တယ်။
ပတ်ဝန်းကျင်အသစ်ကို ခရီးသွားခြင်းဟာ ကိုယ့်ကိုယ်ခံအားစနစ်က မရင်းနှီးသေးတဲ့ ရောဂါပိုးတွေနဲ့ ထိတွေ့ပြီး ရောဂါကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် အထူးသဖြင့် နိုင်ငံခြားခရီးသွားတဲ့အခါ ကိုယ်သွားမယ့်ဒေသအလိုက် ကာကွယ်ဆေးကြိုထိုးရပါတယ်။ ဒါမှသာ ရောဂါကူးစက်မှာကို စိတ်ပူစရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင် လည်ပတ်နိုင်မှာပါ။ ကိုဗစ်ကာကွယ်ဆေးထိုးရင် ခရီးသွားလာတဲ့အခါမှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ ရောဂါပိုးတွေ မိမိနဲ့အတူ တခြားနိုင်ငံသို့ မပါသွားအောင် ကာကွယ်ပေးသလို တခြားနိုင်ငံက ရောဂါပိုးတွေလည်း မိမိဆီမကူးစက်အောင် ကာကွယ်ပေးပါလိမ့်မယ်။
၈။ ဆေးယဉ်ပါးမှုကို လျှော့ချပေးနိုင်တယ်။
လူသားတွေရဲ့ကျန်းမာရေးကို ခြောက်လှန့်နေတဲ့ အချက်တွေထဲမှာ ဆေးယဉ်ပါးမှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မလိုအပ်ဘဲ ပိုးသတ်ဆေး (Antibiotics, Antivira) တွေကို တောက်လျှောက် အလွန်အကျွံသုံးစွဲလာတဲ့အခါ ဆေးယဉ်ပါးမှု ဖြစ်လာနိုင်လို့ တကယ်ရောဂါဖြစ်လာတဲ့အခါ ဆေးမတိုးတော့ဘဲ ရောဂါမပျောက်တာ၊ အသက်ဆုံးရှုံးရတာတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ကူးစက်ရောဂါဖြစ်နှုန်းကို လျော့ချပေးခြင်းဟာ ပိုးသတ်ဆေးတွေ မလိုအပ်ဘဲသုံးစွဲတာကိုလည်း လျော့နည်းစေပါတယ်။
၉။ အနာဂတ်မျိုးဆက်တွေကို ကာကွယ်ပေးနိုင်တယ်။
အရင့်အရင်ခေတ်တွေကို ပြန်ကြည့်လိုက်ရင် လူသားတွေဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ ကလေးဘဝမှာ ပြုလုပ်ပေးတဲ့ ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်ကြောင့် ဒီရောဂါတွေဖြစ်တာ ရှားလာပြီး အနာဂတ်မျိုးဆက်တွေမှာ ကျန်းကျန်းမာမာနဲ့ နေနိုင်လာကြပါတယ်။ ကူးစက်ရောဂါတစ်မျိုးဟာ ကာကွယ်ဆေးမပေါ်သေးခင်မှာ နိုင်ငံရဲ့စီးပွားရေးနဲ့ ကျန်းမာရေးကို အလွန်ဆုတ်ယုတ်ပျက်စီးစေတယ်ဆိုတာကို ကိုဗစ်-၁၉ ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ အကယ်၍ ကာကွယ်ဆေးသာမရှိရင် ကူးစက်မှုတွေ ဆက်လက်မြင့်တက်နိုင်ပြီး အနာဂတ်မျိုးဆက်တွေရဲ့ကျန်းမာရေးပါ ပျက်စီးလာပါလိမ့်မယ်။
၁၀။ သတင်းမှားမထွက်အောင် ကာကွယ်ပေးတယ်။
ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန်မှာ ကိုဗစ်ရောဂါ၊ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းမှားတွေကို တွေ့ဖူးကြမှာပါ။ သတင်းမှားတွေဟာ လူတွေရဲ့စိုးရိမ်မှုကို ပိုဆိုးစေပါတယ်။ ရောဂါဖြစ်နှုန်းတည်ငြိမ်သွားတဲ့အခါ ရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားထွက်နိုင်ချေလည်း နည်းလာပါလိမ့်မယ်။ ရောဂါဖြစ်နှုန်းတည်ငြိမ်စေဖို့ နည်းလမ်းတစ်မျိုးကတော့ ကာကွယ်ဆေးထိုးတာပါ။ ဒါ့အပြင် ကိုယ်တိုင်ကာကွယ်ဆေးထိုးတဲ့အခါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သေချာသိလိုက်ရလို့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့သတင်းမှားတွေကိုလည်း တိုက်ထုတ်နိုင်ပါလိမ့်မယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























