ဘာမှမစားဘဲ အရက်ပဲ ဖိသောက်နေသူများ သတိထား
" အဖေကလည်း အရက်ပဲ သောက်နေတာ ... ထမင်းမစားဘူး ... "
အောင်ဒွေးတစ်ယောက် မီးဖိုနား ထိုင်ချလိုက်ကာ အဖေအတွက် ကြက်သား ကြော်နေပါတယ်။ ကြက်သားတုံးများက ဆီထဲမှာ ကျွတ်ကျွတ်ရွရွ တဖြောက်ဖြောက် မြည်လို့။ ကြော်သာ ကြော်ရတယ်။ အဖေက စားမှမစားတာပဲ။
အမေ ဆုံးပြီးကတည်းက အဖေက အရက်သမားလုံးလုံး ဖြစ်နေသည်။ အမေက အသည်းရောဂါနှင့် ဆုံးသည်။ အောင်ဒွေးတို့ ညီအစ်ကိုအတွက်ကတော့ ရွှေတောင်တွေ ပြိုနေခဲ့တဲ့နှစ်ပါပဲ။ ကံအားလျော်စွာ အမေ့ဘက်က အဘိုးအဘွားများက ပိုက်ဆံအတန်အသင့် ရှိသည်။ ညီငယ်ကို အဘွားတို့ရွာကို ပို့ထားလိုက်သည်။ အောင်ဒွေးကတော့ အဖေနဲ့ပဲနေမည်ဟု ဇွတ်ပြောကာ နေခဲ့ခြင်း ဖြစ်လေသည်။ အဖေ့မိသားစုနဲ့ အမျိုးတွေက အိမ်နှင့်မနီးမဝေး ဖြစ်သော်လည်း အဖေ့ကို တစ်ယောက်တည်း မထားခဲ့ရက်။ အဖေ့အမျိုးတွေက အမေဘက်က တောသူဌေးတွေလောက် ငွေကြေးမပြေလည်သော်လည်း အလွန်စည်းစည်းလုံးလုံး ရှိသည်။ အိမ်ကို အမြဲဝင်ထွက်၊ ဟင်းပို့သူကပို့၊ သန့်ရှင်းရေး လုပ်သူကလုပ်ဖြင့် လိုလေသေး မရှိစေရ။ အောင်ဒွေးကတော့ အဖေ့အတွက် ဟင်း ဝင်ချက်သည်။ အဖေ ဒီလောက် သောက်နေတာ အဆင်ပြေပါ့မလား။
" အန်ပြန်ပြီ ... "
" အရက်သမားပဲ အန်မှာပေါ့့ဟယ် ... အန်ပါစေ ... အရက်အဆိပ်အတောက်တွေ ပါသွားတာပေါ့ ... သူ သောက်နေတာ မကောင်းပေမယ့် တားမရတော့လည်း ... "
အဒေါ်လုပ်သူက ဂတ်စ်မီးဖိုကို ထပ်ခါထပ်ခါ သုတ်နေသည်။
Kremil-S 1
" အရက်သမားဆိုတာ သွေးအန်မှ ကြောက်ရတာ ... ရိုးရိုးအန်တာလောက်တော့ ဘာမှမဖြစ်ပါဘူး ... ဒီလောက်ကြီး အရက်သောက်မှတော့ အန်မှာပဲ ... "
အိမ်ဘေးက အန်တီဝါက မျက်နှာကို မဲ့ကာရွဲ့ကာ ပြောသည်။ နေ့ရောညပါ အဖေ့အန်သံကြောင့် ဘေးအိမ်တွေပါ အနှောက်အယှက်ဖြစ်လှပြီ။ အသုဘဖြစ်ထားသော အိမ်ပါလေရယ်လို့ ဂရုမထားနိုင်တော့၊ မျက်နှာက ဖုံးမရ၊ ဖိမရ စိတ်ညစ်ညူးဟန် ပေါ်နေသည်။
" အ,အန်ပျောက်ဆေးတွေ ဘာတွေ ခေါ်ထိုးဦး ... "
အောင်ဒွေး အိမ်ထဲကို အလန့်တကြား ပြေးဝင်လာသည်။ အဖေက အိမ်သာရှေ့တွင် ခွေခွေလေး။ အသက်ရှူသံများ မြန်နေသည်။
==========================================================
အရက်သောက်ရင် အန်တတ်ပါတယ်။ မသောက်စဖူး သောက်တဲ့အခါ ပိုအန်ပါတယ်။ ဒါပေမဲ့ ရက်များစွာ အစာ လုံးဝမစားဘဲ အရက်ပဲ ဖိသောက်နေတဲ့အခါ -
● ခန္ဓာကိုယ်တွင်းမှာ ဂလိုက်ကိုဂျင် လျော့နည်းလာပါတယ်။
● ဆဲလ်ပြင်ပအရည်တွေ နည်းပါးလာပါတယ်။
● ဇီဝဓာတ်တွေ မညီမျှမှုတွေဖြစ်ပြီး စတင်ဖောက်ပြန်လာပါတယ်။
ဒါကြောင့် အရက်သောက်သူတွေ အစာမစားတဲ့အခါ လူဆယ်ယောက်မှာ နှစ်ယောက်ဟာ အပေါ်က ဖော်ပြသလို သေဆုံးနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အရက်သောက်သူတွေ အစာမစားတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး ဆလိုင်းသွင်းကုသခြင်းဖြင့် လိုအပ်နေတဲ့ အရည်ပမာဏကို ပြန်လည်ဖြည့်ဆည်းပေးခြင်းဖြင့် ကိုယ်တွင်း အက်ဆစ်ဓာတ်ပမာဏကို လျှော့ချကုသပေးရပါတယ်။
အသက်အန္တရာယ်မှ လွတ်မြောက်ပြီး ပြန်လည်ကျန်းမာလာဖို့ ခန္ဓာကိုယ်တွင်းကို အရည် လုံလောက်စွာ ဖြည့်သွင်းကုသဖို့ လိုတတ်ပြီး အ,အန်ပျောက်ဆေး ဝယ်သောက်ရုံလောက်နဲ့ စိတ်မအေးနေကြဖို့ သတိပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Kremil-S 2
(Unicode)
==========================================================






























