/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာလို့-ယူရစ်အက်ဆစ်-များနေရသလဲ

ဘာလို့ ယူရစ်အက်ဆစ် များနေရသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရပ်ကွက်ထဲက ခပ်၀၀လူကြီး ယူရစ်အက်ဆစ်တွေများလို့ ဆေးသောက်နေရတယ်တဲ့။ ဂေါက်ရောဂါဖြစ်လို့ အဆစ်တွေ တအားနာ၊ စားချင်တာလည်း မစားရဘူးဆိုတာတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။
လူငါးယောက်မှာ တစ်ယောက်လောက်က သွေးတွင်း ယူရစ်အက်ဆစ် မြင့်မားနေတတ်ပါတယ်။

>>  ယူရစ်အက်ဆစ်များခြင်းဆိုတာ ဘာလဲ?
ယူရစ်အက်ဆစ်တွေ သွေးထဲမှာ ပုံမှန်ထက် များပြားနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ကျွန်မတို့ ကိုယ်ခန္တာကနေ ကော အစာတွေစားခြင်းကပါရရှိတဲ့ ပျူရင်းလို့ခေါ်တဲ့ ဓာတ်တွေ ပြိုကွဲရာကနေ ယူရစ်အက်ဆစ်များ ထွက်ပေါ်လာပါတယ်။ဒီလိုထွက်ပေါ်လာတဲ့ ယူရစ်အက်ဆစ်တွေဟာ သွေးထဲမှာ စီးဆင်းသွားပြီး ကျောက်ကပ်ဆီသို့ ရောက်ရှိတဲ့အခါ ဆီးကနေတစ်ဆင့် ကိုယ်တွင်းပြင်ပသို့ စွန့်ထုတ်ခံရပါတယ်။

>>  ဘာကြောင့် ယူရစ်အက်ဆစ်တွေ များနေရလဲ?
ကျွန်မတို့ရဲ့ ကျောက်ကပ်တွေက ယူရစ်အက်ဆစ်ကို ကောင်းစွာ မစွန့်ထုတ်နိုင်ခြင်းနှင့် ပျူရင်းပါဝင်မှုများသော အစားအစာတွေကို စားသောက်ခြင်းကြောင့် ယူရစ်အက်ဆစ် မြင့်မားစေပါတယ်။

သွေးထဲမှာ ယူရစ်အက်ဆစ်ပမာဏ မြင့်မားစေသောအချက်များကတော့ -
●  ဆီးဆေးများသောက်ခြင်း
●  အရက်အလွန်အကျွံသောက်ခြင်း
●  မျိုးရိုးလိုက်ခြင်း
●  သိုင်းရွိုက်ဂလင်း အလုပ်လုပ်တာနည်းခြင်း
●  ကိုယ်ခံအားကျစေသော ဆေးများသောက်ခြင်း
●  အဝလွန်ခြင်း
●  ပျူရင်းပါဝင်မှုများသော အစာများဖြစ်တဲ့
●  အသည်း၊ အနီရောင်အသား၊ မှို၊ စတော်ဘယ်ရီ၊ ပဲပင်ပေါက်၊ ငါး စတဲ့ အစာတွေကို စားသုံးမှုများခြင်း
●  ကျောက်ကပ်အားနည်းခြင်း
●  ကင်ဆာရောဂါရှိသူများတွင် သွေးထဲသို့ ကင်ဆာဆဲလ်များ စွန့်ထုတ်ခြင်း သို့မဟုတ် ခီမိုသွင်းခြင်း စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။

ယူရစ်အက်ဆစ်မြင့်မားခြင်းကြောင့် ဂေါက်လို့ခေါ်တဲ့ အဆစ်အမြစ် ရောင်ရမ်းနာရောဂါ ဖြစ်စေနိုင်ပါတယ်။ ဂေါက်ရောဂါရှိသူတွေအနေနှင့် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ခြင်း၊ ပုံမှန်ဆေးကုသမှုခံယူခြင်းနှင့် နေ့စဉ် ပေါ့ပါးသောကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)