ဘ၀မှာ ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာရတဲ့အခါ ...
ဘ၀မှာ မိသားစုဝင် ဆုံးပါးတာမျိုး၊ ကား သို့ ဆိုင်ကယ် တိုက်တာမျိုးတွေ၊ ရောဂါကြီးကြီးမားမားတစ်ခုခု ဖြစ်တဲ့အခါ၊ အလုပ်ပြုတ်၊ ညှင်းပန်းနှိပ်စက်ခံရတာမျိုးတွေ ကြုံတဲ့အခါ စိတ်ဒဏ်ရာ အကြီးအကျယ် ရတတ်ပါတယ်။
အများအားဖြင့်တော့ စိတ်ဒဏ်ရာတွေဟာ အချိန်ကာလကြာတဲ့အခါ မေ့လျော့ပြီး နေသာသွားပါတယ်။
ဒါပေမဲ့ အကြီးအကျယ် ဝမ်းနည်းကြေကွဲမှုပြီးတဲ့အခါ အထိတ်တလန့် ဖြစ်ရတာတွေရှိပြီးတဲ့အခါ အရင်လို ပုံမှန်ပြန်မကောင်းနိုင်တာတွေ ရှိတတ်ပါတယ်။ ဒဏ်ရာရသွားတဲ့စိတ်ဟာ ပြန်မကောင်းနိုင်တော့ဘဲ တနုံနုံ့ စိတ်မချမ်းသာစွာ ခံစားနေရတတ်ပြီး တစ်သက်လုံး အဲဒီစိတ်ဖိစီးမှုဒဏ် ခံသွားရတာ ဖြစ်ပါတယ်။
အနည်းဆုံး တစ်လကနေ သုံးလထိ ခံစားရပြီး ဒီထက်ကြာရှည်သွားပြီး ခြောက်လ၊ တစ်နှစ်ထိ လူက ခြောက်ခြားနေတာ မကြာခဏ အထိတ်တလန့်ဖြစ်တတ်တာ ကယောင်ချောက်ချားဖြစ်တာ အမြင်မှားတာ အစားအသောက်ပျက်တာ ဒါကိုပဲ ထပ်ချည်းတလဲလဲ တွေးနေမိတာတွေ ရှိတဲ့အခါ ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာရလို့များလားရယ်လို့ တွေးစရာဖြစ်လာပါတယ်။
ဒီလိုစိတ်ဒဏ်ရာတွေဟာ ကုသရခက်သလို စိတ်ရှည်စွာ နှစ်သိမ့်ဆွေးနွေးအကြံပေးတာတွေ အများကြီး အချိန်ယူလုပ်ဖို့ လိုတတ်ပါတယ်။
ဒီလိုစိတ်ဒဏ်ရာကြာရှည်ရနေသူတွေ တွေ့ခဲ့ရင် သို့မဟုတ် မိမိကိုယ်တိုင် စိတ်ဒဏ်ရာရနေပြီလို့ ထင်ခဲ့ရင် ...
● အရင်ဆုံး စိတ်ဒဏ်ရာအကြောင်း လေ့လာဖတ်ရှုပါ၊ ဒီလိုအခြေအနေရှိကြောင်း အသိပေးပါ။
● မိသားစု မိတ်ဆွေအသိုင်းအဝိုင်းနဲ့ မပြတ်တွေ့ဆုံပါ။
● မိမိအကြောင်း စိတ်ရှည်လက်ရှည် နားထောင်ပေးမယ့်သူ ရှာပါ။
● အနှိပ်ခံပါ ဖြေလျှော့ပါ၊ ယောဂကျင့်ပါ။
● ကိုယ့်ဘာသာဆေးတွေ လျှောက်မသောက်ပါနဲ့။
● အစားအအိပ်မှန်ဖို့ ကြိုးစားပါ။ မိသားစုနဲ့ အတူစားပါ ရှုခင်းကြည့်ပါ။ ဘာသာရေးလုပ်ပါ။
● အုပ်စုလိုက် ခရီးထွက်ပါ။
● လိုအပ်ရင် စိတ်ရောဂါကုဆရာဝန် သို့မဟုတ် နှစ်သိမ့်ဆွေးနွေး အဖြေရှာနည်းနဲ့ ကုသနိုင်အောင် တတ်ကျွမ်းသူ ဆရာဝန်၊ ဆရာမတို့်နဲ့ တိုင်ပင်ကြဖို့ ဖြစ်ပါတယ်။
မိမိကိုယ်တိုင် စိတ်ဒဏ်ရာမဖြစ်အောင် ကာကွယ်ရင်း မိမိချစ်သောသူများကိုလည်း စိတ်ဒဏ်ရာမရစေဖို့ ဖေးမကူညီကြပါစို့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























