/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မကြာခဏ-ခေါင်းကိုက်တတ်ရင်-lifestyle-ကို-ဒီလိုပြောင်းလဲကြည့်ပါ

မကြာခဏ ခေါင်းကိုက်တတ်ရင် Lifestyle ကို ဒီလိုပြောင်းလဲကြည့်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတိုင်းလူတိုင်းဟာ ဘဝမှာ နေရင်းထိုင်ရင်းနဲ့ အနည်းဆုံး တစ်ကြိမ်တော့ ခေါင်းကိုက်တာကို ခံစားဖူးကြမှာပါ။ ခေါင်းကိုက်တာဟာ ရံဖန်ရံခါဖြစ်ရင် ပြဿနာမဟုတ်ပေမယ့် မကြာခဏဖြစ်နေပြီဆိုရင်တော့ အလုပ်ပျက်ပြီး ကိုယ့်ရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ ခေါင်းကိုက်လေ့ရှိရင် မိမိတို့ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

၁။ ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
ကဖင်း၊ လက်ဖက်ရည်၊ အရက်၊ ငန်လွန်းတဲ့ အစားအသောက်တွေနဲ့ တာရှည်ခံအစားအသောက်တွေကို အလွန်အကျွံ စားသောက်တာဟာ ခေါင်းကိုက်စေပါတယ်။ ဒါကြောင့် ဒီအရာတွေကို ချင့်ချိန်ပြီးစားဖို့ လိုအပ်သလို အစာမစားဘဲနေတာမျိုး မလုပ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ် နေ့စဉ်စားမယ့်အထဲမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေကို ပါဝင်အောင် စားသုံးပေးပါ။

Biogesic Adult IA 1

၂။ စမတ်ကျကျထိုင်ပါ။
လက်ပျဉ်ကုန်း၊ ခါးကုန်းပြီးတော့ထိုင်ရင် ခေါင်း၊ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ တောင့်တင်းလာပြီး ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ထိုင်တဲ့အခါ ခါးကိုမတ်မတ်ထား ပခုံးကို တစ်ဖြောင့်တည်းထားပြီး ထိုင်ပေးပါ။ ကွန်ပျူတာနဲ့ဖုန်းတွေကြည့်ရင်လည်း မျက်လုံးနဲ့ တစ်ပြေးတည်းထားပြီး ကြည့်ပေးပါ။ ဆက်တိုက်မကြည့်ဘဲ တစ်နာရီကြာတိုင်း ခဏနားပေးပါ။

၃။ စိတ်ဖိစီးမှုလျှော့ပါ။
စိတ်ဖိစီးမှုကြောင့် ခေါင်းပတ်ပတ်လည် တင်းပြီးကိုက်ခြင်း (Tension headache) နဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine headache) တို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ စတာတွေကို ပုံမှန်လုပ်ဆောင်ပေးပါ။ အကယ်၍ စိတ်ဖိစီးမှုကို မထိန်းနိုင်ဘူးဆိုရင်တော့ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးတော့ ကုသမှုခံယူဖို့ လိုအပ်လာနိုင်ပါတယ်။

Biogesic Adult IA 2

၄။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ငွေ့မှာပါတဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကိုကျဉ်းစေလို့ ဦးနှောက်ကို သွေးရောက်တာနည်းပြီး ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်ရင် ကြိုးစားပြီး ဆေးလိပ်ဖြတ်ပေးပါ။ ဆေးလိပ်မသောက်တဲ့သူတွေအနေနဲ့လည်း တစ်ဆင့်ခံဆေးလိပ်ငွေ့မရှူမိအောင် ဂရုစိုက်ပါ။

၅။ အိပ်ရေးဝဝအိပ်ပါ။
ညဘက်ကို အိပ်ချိန်နည်းရင် ခေါင်းကိုက်တတ်ပါတယ်။ တစ်နေကုန် အလုပ်လုပ်ထားတဲ့ ခန္ဓာကိုယ်ဟာ ညဘက်ရောက်ရင် အနားယူဖို့လိုအပ်လို့ အိပ်ရေးဝဝအိပ်ပေးသင့်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေအတိုင်း နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲကြည့်တဲ့အခါ မကြာခဏ ခေါင်းကိုက်လေ့ရှိတာ သိသိသာသာ သက်သာသွားတာကို တွေ့ရမှာပါ။ ခေါင်းကိုက်နေချိန်မှာ ပါရာစီတမောပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာအောင် လုပ်ဆောင်ပေးလို့ရပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)