/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မတည်ငြိမ်တဲ့-သွေးတိုးရောဂါ

မတည်ငြိမ်တဲ့ သွေးတိုးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မတည်ငြိမ်တဲ့ သွေးတိုးရောဂါ ဆိုတာကတော့ လူတစ်ယောက်ရဲ့ သွေးဖိအားက ပုံမှန်ကနေပြီးတော့ ရုတ်တရက် ချက်ချင်းကြီး မြင့်တက်သွားတာမျိုးပါ။ အထူးသဖြင့်တော့ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။

          တကယ်တော့လည်း ကျွနု်ပ်တို့ရဲ့သွေးဖိအားက အချိန်နဲ့အမျှ အနည်းငယ် အပြောင်းအလဲ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှားမှု၊ ဆား စားသုံးမှု၊ ကဖင်းဓာတ်၊ အရက်၊ အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆို်င်ရာ ခံစားချက် အားလုံးက သွေးဖိအားပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ မတည်ငြိမ်တဲ့ သွေးတိုးရောဂါ ရှိသူတွေမှာတော့ ဒီလိုအတက်အကျလေးတွေက ပုံမှန်ထက် ပိုပြီးများနေတတ်ပါတယ်။

          ယေဘုယျအားဖြင့် အပေါ်သွေး 130 အောက်သွေး 80 (130/80mmHg) ထက် မြင့်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ မတည်ငြိမ်တဲ့ သွေးတိုးရောဂါရှိသူတွေမှာ အချိန်အနည်းငယ်မှာ 130/80 ထက် ကျော်နေပြီးတော့ ပြီးရင် ပုံမှန်ကို ပြန်ကျသွားတတ်ပါတယ်။

 

>>    ဘာတွေကြောင့် Labile Hypertension ဖြစ်စေသလဲ?

          စိတ်လှုပ်ရှားမှု (သို့) စိတ်ဖိစီးစရာ အခြေအနေတစ်ခုခုကြောင့် မတည်ငြိမ်တဲ့ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဥပမာ- ခွဲခန်းမဝင်ခင်မှာ စိတ်လှုပ်ရှားတာမျိုးပါ။ ဆိုဒီယမ်များတဲ့ အစားအစာတွေ စားခြင်းနဲ့ ကော်ဖီ အများကြီး သောက်ခြင်းတွေကလည်း သွေးဖိအားကို ပုံမှန်ထက် မြင့်တက်စေဖို့ လှုံ့ဆော်ပါတယ်။

          တချို့လူတွေက ဆေးခန်းသွားပြရင် စိတ်လှုပ်ရှားပြီးတော့ သွေးတိုးတတ်ပါတယ်။ ဒါကိုတော့ white coat syndrome လို့ ခေါ်ပါတယ်။

 

>>    မတည်ငြိိမ်တဲ့ သွေးတိုးရောဂါရဲ့လက္ခဏာတွေက ဘာတွေဖြစ်မလဲ?

          လူတိုင်းမှာ လက္ခဏာတွေ ပြချင်မှ ပြပါတယ်။ လက္ခဏာတွေ ပြမယ်ဆိုရင်တော့ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ ပူခြင်း၊ နားအူခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

 

>>    ကုထုံးများ

          ဒီရောဂါကို ကုသဖို့အတွက်ရယ်လို့ သတ်မှတ်ချက် သေချာချထားတာ မရှိပါဘူး။ ဆရာဝန်က သွေးပေါင်ချိန်ကို တစ်နေ့လုံး စောင့်ကြည့်ပြီးတော့ သွေးအတက်အကျ ဘယ်လောက်မြင့်လဲဆိုတာနဲ့ ဘယ်နှကြိမ်လောက် တက်လိုက်၊ ကျလိုက် ဖြစ်နေလဲဆိုတာကို ကြည့်ပါလိမ့်မယ်။

          ဒီလို သွေးတိုးရောဂါအတွက်ဆိုရင် သွေးကျဆေးတွေ ပေးလို့ အကျိုးမရှိပါဘူး။ ဒီအစား စိတ်ဖိစီးမှုတွေ၊ စိုးရိ်မ်ပူပန်မှုတွေကို လျော့ကျစေဖို့အတွက် ဆေးပေးပါလိမ့်မယ်။ ယာယီစိတ်လှုပ်ရှားမှုတွေနဲ့ အခြေအနေ တစ်ခုခုကြောင့်ဖြစ်တဲ့ စိတ်လှုပ်ရှားမှုတွေကို ကုသဖို့အတွက် ဆေးအချို့ကတော့ -

●        Alprazolam (Xanax)

●        Clonazepam (Klonopin)

●        Diazepam (Valium)

●        Lorazepam (Ativan) စတာတွေ ဖြစ်ကြပါတယ်။

          စိတ်လှုပ်ရှားမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ရေရှည် ထိန်းချုပ်နိုင်မယ့် ကုထုံးတွေအနေနဲ့ နေ့စဉ် တရားထိုင်ဖို့နဲ့ စိတ်ငြိမ်ဆေးတွေ ပါဝင်ပါတယ်။

          နောက်တစ်ခါ beta-blockers လို့ခေါ်တဲ့ သွေးတိုးကျဆေးကိုတော့ သွေးတိုးကျဖို့ မဟုတ်ဘဲနဲ့ ရင်တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စတဲ့လက္ခဏာတွေကို လျော့ကျစေဖို့အတွက် ပေးပါတယ်။

          ခွဲခန်း မဝင်ခင် (သို့) ကုသမှုတစ်ခုခု မခံယူခင်မှာ သွေးတိုးတာ ဆိုရင်တော့ ခွဲခန်းထွက်ပြီးနောက်မှာ ဒီဆေးကို ပေးပါလိမ့်မယ်။

          ကိုယ့်ရဲ့အိမ်မှာ ကိုယ့်ရဲ့သွေးပေါင်ချိန်ကို မှန်မှန်ကန်ကန် စောင့်ကြည့်ဖို့ဆိုရင်တော့ မှန်ကန်တဲ့ သွေးပေါင်ချိန်တိုင်းစက်ကို ဝယ်ဖို့လိုပါတယ်။ ဒါပေမဲ့လည်း နေ့တိုင်း သွေးပေါင်ချိန် တိုင်းကြည့်နေဖို့တော့ အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်တာက ဒီနေ့ သွေးပေါင်ချိန် တက်နေမလား မသိဘူးဆိုပြီး စိုးရိမ်ပူပန်မှုကို ပိုများစေပါတယ်။

 

>>    ဘယ်လိုကာကွယ်ကြမလဲ?

          နောက်ထပ် သွေးပေါင် တက်လိုက်ကျလိုက် ထပ်မဖြစ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာကြည့်လိုက်ပါ။

●        ဆေးလိပ်ဖြတ်ပါ။

●        ဆားနည်းနည်းပဲ စားပါ။

●        ကဖင်းဓာတ် အနည်းငယ်သာ သောက်ပါ။

●        အရက် မသောက်ပါနဲ့။

●        စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ပါ။ လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်း၊ ယောဂနဲ့ အနှိပ်ခံခြင်းတွေက စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းတွေဖြစ်လို့ ကိုယ်နဲ့ အဆင်ပြေတဲ့နည်းလမ်းကို လိုက်နာကျင့်သုံးကြည့်ပါ။

●        စိတ်လှုပ်ရှားမှုအတွက် ဆေးများနဲ့ အခြားသောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သေချာသောက်ပါ။

          ဆေးခန်းသွားပြရင်လည်း သွေးပေါင်ချိန် မတိုင်းခင်မှာ ခဏနားပြီးတော့ အသက်ကို ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။

 

>>    နောက်ဆက်တွဲ ဆိုးကျိုးများ

          ယာယီ သွေးပေါင်ချိန် တက်တာက နှလုံးရဲ့ အခြားကိုယ်အင်္ဂါတွေအပေါ်မှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ယာယီသွေးဆောင့်တက်တာမျိုးတွေ မကြာခဏ ဖြစ်လာပြီဆိုရင်တော့ ကျောက်ကပ်၊ သွေးကြော၊ မျက်လုံးနဲ့ နှလုံးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

          အရင်ကတည်းက နှလုံးသွေးကြောကျဉ်းခြင်း၊ ဦးနှောက်သွေးကြော ဖောင်းနေခြင်း၊ နှလုံးသွေးကြောမကြီး ဖောင်းနေခြင်း စတဲ့ နှလုံးနဲ့ သွေးကြောရောဂါတွေ ရှိသူတွေမှာဆိုရင် ဒီလိုမျိုး သွေးပေါင်ချိန် အတက်အကျ ဖြစ်နေတာတွေက အန္တရာယ်ကြီးပါတယ်။

          အရင်ကတော့ ဒီလိုမျိုး မတည်ငြိမ်တဲ့ သွေးတိုးက သွေးတိုးရောဂါလောက် စိုးရိမ်စရာမရှိဘူးလို့ ဆိုကြပေမယ့်လည်း မကြာသေးခင်က ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရတော့ ဒီမတည်ငြိမ်တဲ့ သွေးတိုးကို မကုဘဲထားမယ်ဆိုရင် နှလုံးရောဂါနဲ့ အသက်ဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မကုဘဲထားပါက ကျောက်ကပ် ပျက်စီးခြင်း၊ လေဖြတ်ခြင်းနဲ့ ခေတ္တလေဖြန်းခြင်းတွေ ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။

 

>>    သိမှတ်စရာ

          မတည်ငြိမ်တဲ့ သွေးတိုးရောဂါက ပုံမှန်အားဖြင့်တော့ ဆိုးရွားတဲ့ပြဿနာတွေကို မဖြစ်စေပါဘူး။ စိတ်ဖိစီးမှုဖြစ်စဉ် ကြုံရပြီးရင် အချိန်တိုအတွင်း သွေးပေါင်က ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ မကုသဘဲထားရင်တော့ နောက်ပိုင်းမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လေဖြတ်နိုင်ခြေ၊ နှလုံး တိုက်ခိုက်ခံရနိုင်ခြေ၊ အခြားနှလုံးပြဿနာတွေနဲ့ အခြားကိုယ်အင်္ဂါပျက်စီးမှုတွေကို ကြုံရနိုင်ပါတယ်။

          ဒီသွေးတိုးရောဂါကလည်း စိုးရိမ်ပူပန်မှုတွေကြောင့် လှုံ့ဆော်ခံရတဲ့အတွက် တရားထိုင်ခြင်းနဲ့ အခြားစိတ်ဖြေလျှော့တဲ့နည်းလမ်းတွေကို ထိန်းချုပ်ဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)