မနက်ခင်းတိုင်း လန်းဆန်းစေဖို့
အိပ်ရေးမ၀တဲ့အခါ မနက်အိပ်ရာထချိန်မှာ စိတ်မကြည်မလင်ဖြစ်ပြီး ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေ တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လေးလံပြီးညစ်ငြူးနေတဲ့စိတ်ကို လန်းဆန်းလာစေဖို့အတွက် ကော်ဖီ တစ်ခွက်လောက်သောက်လိုက်မှဖြစ်မယ်၊ ကော်ဖီမသောက်ရင် တစ်နေ့လုံးတက်ကြွမှုရှိမှာမဟုတ်ဘူးဆိုကာ စိတ်နိုးကြားလာအောင် ကော်ဖီသောက်လေ့ရှိတတ်ကြပါတယ်။ စိတ်လန်းဆန်းလာအောင်လုပ်ပေးနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းက ကော်ဖီသောက်ရုံအပြင် တခြားနည်းမရှိဘူးလို့ မယူဆထားသင့်ပါဘူး။ ကော်ဖီမသောက်လည်း စိတ်တက်ကြွမှုကိုပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။ ဘယ်လိုနည်းလေးတွေက ကော်ဖီသောက်စရာ မလိုတော့လောက်အောင် နိုးကြားမှုပေးစွမ်းနိုင်လဲဆိုတာကို လေ့လာလိုက်ကြရအောင်။
1. အလင်းရောင်နဲ့ထိတွေ့ပါ။
အလင်းရောင်က အိပ်စက်ခြင်းကိုအားပေးတဲ့ မယ်လတိုနင်ဟော်မုန်းကို ပြက်ပျယ်စေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်မှာ ပြတင်းပေါက်ဖွင့်၊ ခန်းဆီးလိုက်ကာကနေ အခန်းထဲသို့ အလင်းရောင်၀င်ခွင့်ပေးလိုက်ပါ။ ဒီလိုဆို အိပ်ချင်နေဆဲစိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေ ကျဆင်းသွားပြီး စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။
2. ရေအေးအေးလေးနဲ့ရေချိုးချလိုက်ပါ။
ရေအေးနဲ့ရုတ်တရက်ပက်ဖျန်းလိုက်ခြင်း၊ ရေအေးနဲ့ရေချိုးလိုက်ခြင်းကြောင့် ဦးနှောက်ရှိနှိုးကြားမှုကိုဖြစ်စေ တဲ့အပိုင်းကို လှုံ့ဆော်မှုဖြစ်စေကာ နွမ်းနယ်သလိုခံစားနေရခြင်းကို ပြေပျောက်စေပါတယ်။
3. ရေသောက်ပါ။
ညဘက်အိပ်စက်ချိန်မှာ အပေ့ါထသွားခြင်း၊ ခန္ဓာကိုယ်မှချေွးထွက်ခြင်း စတဲ့အကြောင်းအရာတွေက ခန္ဓာကိုယ်မှ ရေဓာတ်တွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ရေဓာတ်ခမ်းခြင်းကြောင့် နိုးကြားစိတ်ကို မဖြစ်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း လျော့နည်းစေကာ တချိန်လုံးနွမ်းလျနေစေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်မှာ ရေသောက်ပေးဖို့ လိုကိုလိုအပ်ပါတယ်။
4. မနက်စာကိုအာဟာရပြည့်ပြည့်၀၀စားသုံးပါ။
တနေ့တာလုံး လန်းဆန်းတက်ကြွနေဖို့က ကိုယ်စားတဲ့မနက်စာပေါ်မှာလည်း မူတည်နေပါတယ်။ အချိုဓာတ်များလွန်းတဲ့ အစားအစာ၊ အဆီပြည့်၀နေတဲ့အစားအစာတွေကို စားမယ်ဆိုရင်တော့ အီစိမ့်စိမ့်ပြည့် အင့်အင့်ကြီးခံစားရပြီး အဆီရစ်နေကာ လူကိုပိုပြီးတောင် ထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် အမျှင်ဓာတ် လည်း ကြွယ်၀၊ ကောက်နှံတစ်ခုလုံးပါ၀င်စာလည်းဖြစ်တဲ့ ပေါင်မုန့်အညို၊ ကွေကာအုပ်၊ ဂျုံခေါက်ဆွဲ စတာတွေနဲ့ မနက်စာအာဟာရအဖြစ် ဗိုက်ပြည့်စေမယ်ဆိုပါက တက်ကြွလန်းဆန်းနေစေနိုင်ရုံသာမက ထိုးထွင်းသိမြင်မှု ဆိုင်ရာ စွမ်းရည်လည်း တိုးစေနိုင်ပါတယ်။
5. လိမေ္မာ်သီးဖျော်ရည်သောက်ပါ။
လိမေ္မာ်သီးကဲ့သို့ အချဉ်ဓာတ်ပါ၀င်တဲ့အသီးတွေဟာ စိတ်လန်းဆန်းတက်ကြွမှုကိုပေးနိုင်ပြီး အိုမင်းခြင်း ကိုနှေးကွေးစေနိုင်ကာ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ထိုးထွင်းသိမြင်မှု စွမ်းရည်ကိုလည်း ပိုကောင်းစေနိုင်တာကြောင့် မနက်တိုင်း လိမေ္မာ်သီးဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။
6. လေ့ကျင့်ခန်းလုပ်ပါ။
မနက်စောစောလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ဆီသို့ အောက်ဆီဂျင်ပိုမိုရောက်စေပြီး သွေး လည်ပတ်မှုကောင်းစေတဲ့အတွက် သာမန်ထက်စိတ်ခံစားချက်ကို ပိုကောင်းစေကာ တစ်နေ့တာလုံးလည်း တက်ကြွလန်းဆန်းနေစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ သင်ယူမှုနဲ့မှတ်ဉာဏ်ပိုင်းအတွက် တည်ရှိနေတဲ့ ဦးနှောက်အပိုင်းဖြစ်တဲ့ hippocampus ကို လှု့ံဆော်မှုဖြစ်စေတာကြောင့် လေ့ကျင့်ခန်းလုပ်သူတွေမှာ သင်ယူလေ့လာနိုင်စွမ်းရည် ပိုကောင်းတတ်လေ့ရှိကြပါတယ်။
7. သီချင်းနားထောင်ပါ။
မနက်ပိုင်းစောစောစီစီး သီချင်းနားထောင်ပေးခြင်းဟာ ကိုယ့်ရဲ့လုပ်ဆောင်မှုကို ကိုယ်တိုင်ကျေနပ်မှုဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနဲ့ စိတ်အခြေအနေတုံ့ပြန်မှုတွေကို ထိန်းညှိပေးတဲ့စနစ် (Dopamine System) လုပ်ဆောင်မှုကို အားကောင်းစေတာကြောင့် အပြုအမူပိုင်းရော စိတ်ခံစားမှု အပိုင်းမှာပါ သူမတူထူးခြားတက်ကြွလန်းဆန်းမှုကို ခံစားရစေမှာပါ။ ဒါကြောင့် မနက်ခင်းမှာ စိတ်လက်မကြည် မသာဖြစ်နေတယ်လို့ ခံစားရပါက မြူးကြွတဲ့သီးချင်းလေးတစ်ပုဒ်လောက် နားထောင်လိုက်ပါ။
Cho Thet






























