မနက်စောစော ခေါင်းကိုက်ပြန်ပြီလား
ညဘက် ကောင်းကောင်းအိပ်ရေးမဝလို့၊ စိတ်ဖိစီးမှုတွေ များနေလို့ ရံဖန်ရံခါ ခေါင်းကိုက်တတ်သလို ပုံမှန်ကြီးကို အိပ်ရာကနိုးတိုင်း ခေါင်းကိုက်တတ်တာမျိုးလည်း ရှိတယ်။
လူ ၁၃ ယောက်လောက်မှာ တစ်ယောက်ဟာ မနက်ခင်း ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်တယ်လိ့ု ဆိုပါတယ်။ မနက်ခင်းစောစောမှာ ကိုယ်တွင်းအနာခံနိုင်စွမ်း ကျဆင်းလာတဲ့အပြင် ဖိစီးမှုဟော်မုန်း အက်ဒရီနယ်လင်းတွေ များနေတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အအိပ်ရောဂါဝေဒနာရှင်တွေမှာလည်း သာမန်လူတွေထက်စာရင် မနက်ခင်း ခေါင်းကိုက်ဖို့ ၂ ကနေ ၈ ဆလောက်အထိ ပိုများတတ်တယ်။
>> မနက်ခင်း ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဟာ အင်မတန်အဖြစ်များတဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး ကိုက်လာပြီဆိုရင် ဘာဆိုဘာမှကို မလုပ်နိုင်လောက်အောင် ဖြစ်တတ်တယ်နော်။ များသောအားဖြင့် မနက်ခင်း ၄ နာရီ နဲ့ ၉ နာရီအတွင်းမှာ ကိုက်တတ်ပါတယ်။
ခေါင်းကိုက်ခြင်း အမျိုးမျိုး ရှိတယ်နော်။
● ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine
● အချိန်မှန်မှန် ခေါင်းကိုက်ခြင်း cluster headache
● ဖိစီးမှု ခေါင်းကိုက်ခြင်း tension headache
● အိပ်နေရင်း ခေါင်းကိုက်ခြင်း hypnic headache
● နှာရည်၊ မျက်ရည်တွေကျပြီး ခေါင်းကိုက်ခြင်း Paroxysmal hemicrania
● အကိုက်အခဲပျောက်ဆေး လွန်ခြင်းကြောင့် ခေါင်းကိုက်ခြင်း စသဖြင့်ပေါ့။
>> ညအိပ်မပျော်ခြင်း
● အိပ်ပျော်ဖို့ ကြိုးစားတိုင်း နိုးနိုးလာခြင်း
● အိပ်နေရင်းနဲ့ နိုးနိုးလာခြင်း
● ကောင်းကောင်းအိပ်မပျော်ခြင်း စတာတွေကြောင့် အိပ်ရေးမဝဘဲ ခေါင်းကိုက်စေတတ်ပါတယ်။
ဒီလိုညအိပ်မပျော်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်တာ၊ ကုထုံးတွေနဲ့ ကုတာ၊ နှစ်မျိုးပေါင်း ကုတာမျိုးတွေနဲ့ သက်သာနိုင်တယ်နော်။
>> စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်လွန်ခြင်း
နာတာရှည် မနက်ခင်း ခေါင်းကိုက်စေတတ်တဲ့ အကြောင်းရင်းထဲမှာ စိတ်ကျရောဂါနဲ့ စိတ်ပူပန်လွန်ရောဂါတွေလည်း ပါတယ်နော်။ ဒီလို စိတ်ရောဂါတွေကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ၊ ဆေးသောက်တာ၊ ဒါမှမဟုတ် ၂ မျိုးလုံးပေါင်းပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါတွေကို ကုသလိုက်ရုံနဲ့ မနက်ခင်း ခေါင်းကိုက်ကိုက်နေတာတွေ အကုန် သက်သာသွားလိမ့်မယ်နော်။
>> ဟောက်ခြင်း ဒါမှမဟုတ် ညအိပ်ချိန် အသက်ရှူ ရပ်ရပ်သွားခြင်း
ဟောက်တယ်ဆိုတာဟာ သူ့ဟာသူ ဖြစ်လာတာဖြစ်နိုင်သလို ညအိပ်ချိန် အသက်ရှူ ရပ်ရပ်သွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ယေဘုယျအားဖြင့် ဒီအကြောင်းကြောင့် ခေါင်းကိုက်တာဟာ နာရီဝက်လောက်သာ ကြာတတ်တယ်။ ဒီလို ညအိပ်ချိန် အသက်ရှူ ရပ်ရပ်သွားတာကို CPAP လို့ခေါ်တဲ့ လေဖိအားပေးကိရိယာနဲ့ ကုသနိုင်ပါတယ်။
>> သွားကြိတ်ခြင်း
ညအိပ်ချိန်မှာ သွားကြိတ်သူတွေဟာ မနက်အိပ်ရာနိုးချိန်မှာ ခေါင်းကိုက်တတ်ကြတယ်။ တဆစ်ဆစ်နဲ့ နားထင်နားကနေ ကိုက်တတ်တယ်။ သွားကြိတ်တာဟာ ညအိပ်ချိန် အသက်ရှူ ရပ်ရပ်သွားတဲ့ ရောဂါနဲ့လည်း ဆက်နွယ်နေတတ်တယ်။ သွားကြိတ်သူတွေမှာ သွားတွေ ပျက်စီးတာ၊ မေးရိုးနာတာတွေလည်း ရှိတတ်ပါသေးတယ်။ ပါးစပ်အထိန်းတပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ အပြုအမူ အနေအထိုင် ပြင်ဆင်ခြင်းတွေ လုပ်လို့ရပါတယ်။
Bio Adult 1

>> ကြွက်သားတွေ တင်းခြင်း
လည်ပင်းကြွက်သားတွေ တင်းနေတာကြောင့်လည်း မနက်နိုးချိန် ခေါင်းကိုက်တတ်ကြတယ်။ ဒါကြောင့် အိပ်ချိန်ကိုယ်ဟန်နဲ့ အိပ်တဲ့ခေါင်းအုံးကို သေချာ ပြန်စစ်ဆေးကြည့်ဖို့လိုတယ်။ ခေါင်းအုံးဆိုတာ လည်ပင်းနဲ့ ကျောရိုးကို အိပ်ဟန်မှန်အောင် ထိန်းပေးနိုင်တာကြောင့် ခေါင်းအုံးကို သေချာရွေးချယ်ဖို့ လိုတယ်နော်။ ခေါင်းအုံး ပျော့လွန်း၊ မာလွန်းရင် ကိုယ်ဟန်မမှန်နိုင်ပါဘူး။
>> ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း
ဆေးတွေဟာ ညအိပ်တာကို အဟန့်အတား ဖြစ်စေနိုင်တာမို့ မနက်ခင်းမှာ ခေါင်းကိုက်စေနိုင်တယ်။ နောက် ညဘက် အရက် အလွန်အကျွံ သောက်တာကလည်း မနက်ဘက်မှာ ခေါင်းကိုက်စေတတ်တယ်။
>> တခြားခေါင်းကိုက်စေတတ်တဲ့ ရောဂါအခြေအနေတွေကတော့ -
သွေးတိုးရောဂါ၊ အရိုးအဆစ်နဲ့ ကြွက်သားရောဂါတွေကြောင့်လည်း ခေါင်းကိုက်တတ်တယ်။ ဒါကြောင့် ခံစားရသမျှကို ဆရာဝန်ကို ပြောပြတိုင်ပင်ဖို့ လိုတယ်နော်။
>> ဘယ်လိုကုသနိုင်မလဲ?
ဘာကြောင့် မနက်စောစောစီးစီး အိပ်ရာနိုးကတည်းက ခေါင်းကိုက်နေရသလဲဆိုတာကို အကြောင်းရင်းတွေ့တာနဲ့ ကုသဖို့လွယ်ကူသွားပါပြီ။ တကယ်လို့ အိပ်ရေးကောင်းကောင်း မဝတာကြောင့် ခေါင်းကိုက်နေတာဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်ပုံကို လေ့ကျင့်ဖို့ လိုတယ်နော်။
● တစ်ညကို ၇ နာရီကနေ ၈ နာရီလောက် အိပ်ချိန်ရအောင် အိပ်ပါ။
● အချိန်မှန်မှန် အိပ်ပါ။ အချိန်မှန်မှန် ထပါ။
● အိပ်တဲ့ပတ်ဝန်းကျင်ဟာ သင့်တင့်လျောက်ပတ်သော အအေးဓာတ် ရှိပါစေ။ ဆူညံသံတွေ၊ အလင်းစူးစူးတွေနဲ့ ကင်းေ၀းပါစေ။
● မအိပ်ခင်ဖုန်း၊ တီဗီ၊ လက်ပ်တော့စခရင် ကြည့်ချိန်တွေကို လျှော့ချပါ။
တကယ်လို့ တခြားအကြောင်းရင်းတစ်ခုခုကြောင့် ကိုက်နေတာ ဆိုရင်တော့ အကြောင်းရင်းကို ကုသလိုက်ရင်ရပါပြီ။
>> နောက်ဆုံး နိဂုံးချုပ်ပြောရမယ်ဆိုရင် -
မနက်စောစော ခေါင်းကိုက်တတ်ရင် အကြောင်းရင်းကို ရှာကုဖို့ အရေးကြီးပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီးတော့ ကောင်းကောင်း အိပ်ပျော်အောင်အိပ်တာ၊ ခေါင်းအုံးပြောင်းအိပ်တာတွေ လုပ်ပေးပါ။ ပေးပါ။ ပါရာစီတမော ပါ၀င်တဲ့ Biogesic လို ဆေးများလည်း သောက်သုံးပေးနိုင်ပါတယ်။ ဆရာဝန်နဲ့လည်း ပြကြည့်ဖို့ လိုနိုင်တယ်။ ဒါမှ အကြောင်းရင်းကို သိနိုင်ပြီး ပျောက်ကင်းအောင် ကုသနိုင်မှာပါနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)




























