/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မပေါ့ဆသင့်ပါ-လည်ပင်းကြီးရောဂါ

မပေါ့ဆသင့်ပါ လည်ပင်းကြီးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လည်ပင်ကြီးရောဂါနဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေမှာ ခွဲခြားမရပါဘူး။
    လည်ပင်း အရှေ့ဘက်အောက်ခြေနားရှိ လိပ်ပြာပုံ သိုင်းရွိုက်ဂလင်းငယ်လေး ကြီးထွားလာခြင်းကြောင့် လည်ပင်းကြီးရောဂါ ဖြစ်ပေါ်လာရပါတယ်။ ဒါကြောင့် လည်ပင်းကြီးရောဂါလို့ဆိုရာတွင် သိုင်းရွိုက်ဂလင်းအကြောင်းကိုပါ မပါမဖြစ် ပြောပြရမှာ ဖြစ်ပါတယ်။

(၁)     သိုင်းရွိုက်ဂလင်းဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
    သူက ကျွန်မတို့သွေးထဲရှိ အိုင်အိုဒင်းဓာတ်ကို အသုံးပြုပြီး သိုင်းရွိုက်ဟော်မုန်းများ ဖြစ်သော T3 နဲ့ T4 ကို ထုတ်ပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်များအတွက် သိုင်းရွိုက်ဟော်မုန်းရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ထို့ပြင် ဦးနှောက်၊ အရိုး၊ နှလုံး၊ အစာချေစနစ်နဲ့ ကြွက်သား လုပ်ဆောင်ချက်များအတွက်လည်း မရှိမဖြစ် အရေးပါပါတယ်။

(၂)     လည်ပင်းကြီးသူတစ်ယောက်အနေနဲ့ ရောဂါလက္ခဏာများ ခံစားရတာရှိသလို လုံးဝမခံစားရတာလည်း ဖြစ်နိုင်ပါတယ်။
    သင့်အနေနဲ့ ချောင်းကြာရှည်ဆိုးခြင်း၊ အသံသြရှရှဖြစ်ခြင်း၊ ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်း၊ လည်ပင်းကြီးလာခြင်းစတဲ့ လက္ခဏာတွေကို ရင်ဆိုင်ကြုံတွေ့နိုင်သလို ပိုဆိုးလာပါက အစာမျိုချရခက်ခဲခြင်းနဲ့ အသက်ရှူကြပ်ခြင်းတို့ပါ ခံစားရနိုင်ပါတယ်။ အချို့သောသူတွေမှာတော့ အဆိုပါလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးလည်း ရှိတတ်ပါတယ်။

(၃)     နေထိုင်သောဒေသပေါ် မူတည်ပြီး ဖြစ်ပေါ်စေသောအကြောင်းရင်း ကွဲပြားတတ်ပါတယ်။
    တောင်ပေါ်ဒေသများ၏ နေ့စဉ်အစားအစာတွင် အိုင်အိုဒင်းနည်းပါးတတ်တာမို့ အိုင်အိုဒင်းချို့တဲ့သော လည်ပင်းကြီးရောဂါ အဖြစ်များတတ်ပြီး အချို့ဒေသများတွင် အိုင်အိုဒင်း လုံလောက်စွာပါသော်လည်း သိုင်းရွိုက်ဟော်မုန်း အထွက်နည်းခြင်း သို့မဟုတ် အထွက်များခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါများ ဖြစ်ပေါ်တတ်ပါတယ်။

(၄)     သိုင်းရွိုက်အကျိတ်များကြောင့်လည်း လည်ပင်းကြီးရောဂါ ဖြစ်နိုင်ပါတယ်။
    သိုင်းရွိုက်ဂလင်းတွင် အလုံးတစ်လုံး သို့မဟုတ် အလုံးငယ်များ အစုလိုက်ဖြစ်ပေါ်ခြင်းကလည်း လည်ပင်းကြီးရောဂါကိုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါသေးတယ်။ အသက် ၆၀ နဲ့အထက် လူကြီးများတွင် အဖြစ်များပြီး အများစုမှာ ကင်ဆာမဟုတ်သော ရိုးရိုးအကျိတ်များသာ ဖြစ်ပါတယ်။ ကြီးမားသောအကျိတ်များကိုမူ ခွဲစိတ်ပြီး ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

(၅)     လည်ပင်းကြီးရောဂါကို အဖြေရှာနည်းမှာ ရိုးရှင်းလွယ်ကူပါတယ်။
    ဆရာဝန်အနေနဲ့ သင့်လည်ပင်းကို လက်ဖြင့် စမ်းသပ်ရုံဖြင့် သိရှိနိုင်မှာဖြစ်သလို သွေးတွင်းဟော်မုန်းများကို စစ်ဆေးခြင်း၊ သိုင်းရွိုက် scan၊ CT နဲ MRI ရိုက်ခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။

(၆)     အသက်ကြီးသူများမှာ ပိုအဖြစ်များတယ်။
    အသက်ကြီးငယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၄၀ နှင့်အထက် သွေးဆုံးပြီးသူ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များနဲ့  autoimmune ရောဂါရှိသူများတွင် ပိုမိုအဖြစ်များတတ်ပါတယ်။

(၇)     လည်ပင်းကြီးသော အရွယ်အစားပေါ် မူတည်ကာ ကုသနည်း ကွဲပြားပါတယ်။
    အစာမျိုချရ ခက်ခဲလောက်အောင် ကြီးမားနေပါက ခွဲစိတ်ခြင်းဖြင့် ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ သေးငယ်သော အရွယ်အစားများကိုမူ သိုင်းရွိုက်ဟော်မုန်း ထိန်းညှိဆေးများပေးခြင်းဖြင့် ကျူံ့သွားအောင် ပြုလုပ်နိုင်ပါတယ်။ လိုတာထက်ပိုပြီး သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုများနေပါက radioactive iodine treatment ဖြင့် ကုသရမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)