မရှောင်လွှဲနိုင်သော ဦးနှောက်တွင်း သွေးကြောထုံးပေါက်ခြင်း
မိမိဦးနှောက်အတွင်းမှာ နေရာလေးကွက်ပြီး ဖောင်းကြွနေတဲ့ သွေးကြောနေရာလေး တစ်ခုဟာ တစ်ချိန်ချိန်မှာ ပေါက်သွားနိုင်တယ်ဆိုတာ ဘယ်သူကြိုတင်ခန့်မှန်းမိမှာလဲ။
တကယ်ပဲ သွေးကြောထုံး ပေါက်သွားပေမယ့် ကံကောင်းထောက်မစွာ အသက်ပြန်လည်ရှင်သန်ခဲ့သူတွေ ရှိနေတယ်နော်။ ကံတရားဆိုတာ ဆန်းကျယ်လွန်းပါတယ်။
● ဂျူလီက ချစ်စရာမိန်းမချောလေး။ မိခင်ဆုံးပါးပြီး သုံးရက်အတွင်းမှာ ရုတ်တရက် ဘယ်ဘက်တစ်ခြမ်း မလှုပ်နိုင်တော့ဘူး။ မလှုပ်နိုင်တဲ့အပြင် မျက်လုံးကပါ ကောင်းကောင်း မမြင်ရတော့ဘူး။ လေဖြတ်ပြီး ညမှာပဲ ခေါင်းအပြင်းအထန် ကိုက်တယ်။ ဓာတ်မှန်အရ ဟိုးအရင်ကတည်းက ရှိနေတဲ့ သွေးကြောထုံးတစ်ခု ပေါက်သွားလို့ပါတဲ့။ ခက်ခဲတဲ့ကာလတွေအပြီးမှာ ပြန်လည်လေ့ကျင့် ကောင်းမွန်လာခဲ့သလို လပေါင်းများစွာအကြာမှာ အမြင်အာရုံ အတိုင်းအတာတစ်ခုထိ ကောင်းလာခဲ့ပါတယ်။ အံ့ဖွယ်ပြန်လည်ကောင်းမွန် ရှင်သန်လာမှုပါပဲ။
● ဂျင်မီဟာ ကားမောင်းနေရင်း ရုတ်တရက်ခေါင်းတွေ အကြီးအကျယ် ကိုက်လာခဲ့ပြီး ဆက်မမောင်းနိုင်တော့ပါဘူး။ ဆေးရုံပို့ရင်းနဲ့ သတိလစ်သွားခဲ့ပါတယ်။ ဦးနှောက်ထဲက ဘယ်တုန်းက ရှိနေမှန်းမသိတဲ့ သွေးကြောထုံးတစ်ခုက ပေါက်ကွဲသွေးယိုနေခဲ့ပြီ။ ရှုပ်ထွေးကြာရှည်တဲ့ ခွဲစိတ်မှုအပြီးမှာ ပြန်လည်သတိရခဲ့ပါတယ်။ ကံကောင်းစွာပဲ သူမရဲ့ ခြေတွေ၊ လက်တွေ မူလလိုပဲ လှုပ်ရှားလို့ရနေပြီး စိတ်အခြေအနေကလည်း မူမှန်ပါပဲ။ ဘာဆိုဘာမှကို မဖြစ်ခဲ့တာပါ။ ဒီမှာပြောစရာရှိတာက ဦးနှောက်သွေးကြောပေါက်လို့ ခွဲစိတ်မှုမှာ လူသေဆုံးနိုင်ခြေ အလွန်များပါတယ်။ ကံကောင်းသူကြီးပါ။
● ကေရဲ့အဖြစ်ကလည်း ဆန်းကျယ်ပါတယ်။ ဘာမှန်းမသိ မကြာခဏ ခေါင်းကိုက်နေတတ်ပေမယ့် ဆေးမစစ်ခဲ့မိဘူး။ တစ်ချိန်မှာတော့ ဦးနှောက်တွင်း သွေးကြောထုံး ပေါက်ခဲ့ပါပြီ။ ခွဲစိတ်ခန်းဝင်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးတွေ အကြာကြီး လုပ်ခဲ့ရပါတယ်။ ဆေးရုံပေါ်မှာ လချီကြာခဲ့ပြီး စိတ်ဓာတ်တောင် ကျခဲ့ရပါတယ်။ အသက်ရှင်သန်လာခဲ့ပြီးနောက် နောက်ဆယ်နှစ်အတွင်း ထပ်မံပေါက်နိုင်ခြေ ရှိသေးတယ်လို့ ဆရာဝန်က သတိပေးထားတော့ ကေခမျာကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပါပဲ။ အပြည့်အဝ သတိရှိရှိ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ထားပြီး ပုံမှန်ပြသ စစ်ဆေးနေခဲ့ပြီး အခုထိ ကျန်းမာနေခဲ့ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























