မလိုချင်ဘဲ ကိုယ်ဝန် မရ,ရလေအောင်
တားဆေး အသုံးမပြုတဲ့ သွေးမဆုံးသေးသော အမျိုးသမီးတွေဟာ တစ်နှစ်မှာ 85% ခန့် ကိုယ်ဝန်ဆောင်နေကြရပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးပြီး 10 ရက် မီးတွင်းကာလအတွင်းမှာ နို့တိုက်ရင်းလည်း ကိုယ်ဝန်ရနိုင်သလို ရာသီဓမ္မတာ လာနေစဉ်မှာပင် ကိုယ်ဝန်ဆောင်ရတတ်ပါတယ်။ အပြင်ထုတ် သုတ်လွှတ်ခြင်းနဲ့ ရက်ခြား ရှောင်ကြဉ်ခြင်းတို့ကလည်း ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ သနေ္ဓတားနည်းများအကြောင်းစုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
>> မလိုချင်ဘဲ ကိုယ်ဝန်မရစေဖို့
1. လိင်မှုကိစ္စ လုံးဝရှောင်ကြဉ်ခြင်း
2. သနေ္ဓတားဆေး အသုံးပြုခြငး်
စတာတွေကို အသုံးပြုနိုင်ပါတယ်။
>> သနေ္ဓတားနည်းလမ်းများ
ဘယ်နည်းလမ်းကမှ 100% တော့ မကာကွယ်ပေးနိုင်ပါဘူး။
အမျိုးသားသုံးကွန်ဒုံးဟာ လိင်မှကူးစက်တတ်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပေမယ့် တစ်လခံတားဆေး၊ လက်မောင်းထဲထည့်ပစ္စည်းများနဲ့ သားအိမ်ထဲထည့်ပစ္စည်းများကတော့ မကာကွယ်ပေးနိုင်ပါဘူး။
♦ အမျိုးသမီးများအတွက်
Diaphragm ခေါ် အမျိုးသမီးသုံးကွန်ဒုံးဟာ ရော်ဘာနဲ့ ပြုလုပ်ထားတဲ့ပစ္စည်းဖြစ်ပြီး သူ့မှာပါတဲ့ ပျော့ပြောင်းတဲ့ အနားသားတွေဟာ သားအိမ်ခေါင်းအဝကို ဖုံးအုပ်ပေးထားပြီး သုတ်ပိုးသတ်ဆေးနဲ့အတူ တွဲဖက်အသုံးပြုရပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့သာ အသုံးပြုရပြီး ကျန်းမာရေးဝန်ထမ်းတွေဆီမှာ အရွယ်အစား ကွက်တိကျမယ့် အမျိုးအစားကို တိုင်းထွာပေးရပါတယ်။ အမျိုးသမီးကွန်ဒုံးဟာ 6 နာရီမျှ ကာကွယ်ပေးပြီး အတူနေပြီး 6 နာရီကြာတဲ့အထိ မချွတ်ဘဲ ထားပေးရပါမယ်။ ဒါပေမဲ့ ၂၄နာရီထက်တော့ ပိုမထားသင့့့်ပါဘူး။
တားဆေးကတ်များဟာ Estrogen နဲ့ progestin ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပေါင်းပြီး သားဥမကြွေအောင် ကာကွယ်ပေးတဲ့အတွက် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ တားဆေးများကို ညွှန်ကြားထားတဲ့အတိုင်း နေ့စဉ် ပုံမှန်သောက်ပေးရပြီး ဆေးသောက်ပြီးနောက် အန်တာ၊ ဝမ်းသွားတာတို့ ဖြစ်ပါက အကျိုးရှိစေမှာ မဟုတ်ပါဘူး။ တားဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများကတော့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ရာသီသွေး ပုံမမှန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
၃ လခံထိုးဆေးဆိုတာ လက် ဒါမှမဟုတ် တင်ပါးကြွက်သားထဲ ၃ လတစ်ခါ ပုံမှန်ထိုးပေးရတဲ့ ဆေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီ ပုံမမှန်ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လုံးဝမလာတာမျိုးတောင် ဖြစ်တတ်ပါတယ်။
လက်မောင်းထည့်ပစ္စည်း (Norplant, Implanon) ဆိုတာ ရော်ဘာနဲ့ ပြုလုပ်ထားတဲ့ အချောင်းကလေးဖြစ်ပြီး လက်မောင်းအတွင်းသားထဲသို့ ခွဲစိတ်ထည့်ရတာမျိုး ဖြစ်ပါတယ်။ ဒီပစ္စည်းလေးဟာ Levonorgestrel ဆိုတဲ့ စတီးရွိုတ်တားဆေးကို ထုတ်လွှတ်ပေးပြီး 3 နှစ်မှ 5 နှစ်ခန့် ခံပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ ဓမ္မတာရာသီ အပြောင်းအလဲဖြစ်ခြငး်၊ ကိုယ်အလေးချိန်တက်ခြင်း၊ ရင်သားများ နာကျင်ခြင်းနဲ့ အရိုးပမာဏ လျော့နည်းခြင်းများ ဖြစ်တတ်ပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်း IUD ဆိုသည်မှာ T ပုံသဏ္ဌာန်ရှိပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးက သားအိမ်ထဲ ထည့်ပေးပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ IUD ဟာ ယုံကြည်ရတဲ့ တားဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သားအိမ်ထဲမှ အပြင်ကို ထွက်ကျလာတတ်တာကြောင့် လစဉ်လတိုင်း ဓမ္မတာပြီးချိန်တွင် IUD အစကလေးကို စမ်းစမ်းကြည့်ပေးသင့်ပါတယ်။ အခြားဆိုးကျိုးများကတော့ သွေးထွက်ခြင်း၊ ကိုက်ခဲနာကျင်ခြင်းများ ဖြစ်တတ်ပြီး ပစ္စည်းထည့်နေစဉ်နဲ့ ထည့်ပြီးခါစမှာသာ ခံစားရတတ်တာ ဖြစ်ပါတယ်။
သားကြောဖြတ်ခြင်းဆိုတာ ခွဲစိတ်ပြီး သားဥပြွန်ကို ချည်လိုက်တာကြောင့် ထွက်လာတဲ့သားဥကို သုတ်ကောင်နဲ့ မတွေ့အောင် တားဆီးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ တစ်သက်တာ ကိုယ်ဝန်တားနည်းပဲ ဖြစ်ပါတယ်။
♦ အမျိုးသားများအတွက်
ကွန်ဒုံးဟာ Latex ရာဘာအမျိုးအစားနဲ့ ပြုလုပ်ထားပြီး တစ်ခါသုံးပစ္စည်း ဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးအင်္ဂါရပ်တို့ တိုက်ရိုက်မထိတွေ့အောင် တားဆီးပေးတဲ့အတွက် HIV နဲ့ အခြားကူးစက်ရောဂါများ မကူးစက်အောင် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သုတ်ပိုးသတ်ဆေး ပါဝင်တဲ့ အမျိုးအစားတချို့မှာ သုတ်ပိုးများကိုတောင် မလှုပ်ရှားနိုင်အောင် လုပ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ ကွန်ဒုံးကို စနစ်တကျ နည်းမှန်လမ်းမှန် ဝတ်ဆင်ပေးဖို့တော့ အရေးကြီးပါတယ်။
အမျိုးသားသုတ်ကြောဖြတ်ခြင်း ဆိုသည်မှာ ထုံဆေးဖြင့် သုတ်ပြွန်ကို ဖြတ်ထုတ်တဲ့နည်းဖြစ်ပြီး သွေးထွက်ခြင်း၊ ပိုးဝင်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးမှာလည်း အနည်းငယ်မျှသာ ရှိပါတယ်။ အမျိုးသားအင်္ဂါ ထောင်မတ်မှုနဲ့ သုတ်လွှတ်မှုတို့ကတော့ ပုံမှန်အတိုင်းပဲဖြစ်ပြီး ပါဝင်တဲ့ သုတ်ပမာဏ 1% ခန့် မဆိုစလောက်သာ ပါ,ပါတော့တယ်။ ထိုမျှလောက်သော သုတ်ပိုးကိုတော့ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူသွားပါတယ်။
Dr. Emerald (www.drmyanmar.com)






























