မသိဘဲ လွှင့်ပစ်မိနေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားဖွယ်ရာတွေအကြောင်း
အသီးအရွက်တွေ လှီးသင်တဲ့အခါ ထိပ်ကလေးတွေ၊ ခေါင်းကလေးတွေကို လှီးဖြတ်ပြီး လွှင့်ပစ်ဖူးတယ်မလား။
နေ့တိုင်းနေ့တိုင်း လူတွေဟာ အရေးပါတဲ့ ဗီတာမင်အစုံကို အမှိုက်ပုံးထဲ လွှင့်ပစ်နေမိတတ်ကြပါသတဲ့။ အားလုံးမဟုတ်ရင်တောင် ပင်စည်တွေအမြစ်တွေ၊ တချို့ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ၊ အင်တီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပြည့်ဝနေပါတယ်။ ကဲ ... ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုပြင်ဆင်စားသောက်ကြမလဲ ကြည့်ကြရအောင်။
၁။ ပန်းဂေါ်ဖီစိမ်းညှာတံ
ပန်းဂေါ်ဖီစိမ်းညှာတံဆိုတာဟာ ကညွတ်လောက်ကို နူးညံ့ပြီး အရသာ ရှိပါတယ်နော်။ ပြီးတော့ ဗီတာမင်စီတွေလည်း ပြည့်နှက်စွာ ပါဝင်တာမို့ ခန္ဓာကိုယ်မှာ ကြွက်သားထဲကအဆီတွေ ခြေဖျက်တဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့ ကာနီတင်းဓာတ်ပေါင်း ထုတ်လုပ်တာ အပါအဝင် တခြားလုပ်ငန်းဆောင်တာတွေ အတော်များများအတွက် အရေးပါ,ပါတယ်။ ပြီးတော့ ဖောလစ်တွေ၊ ပိုတက်ဆီယမ်တွေနဲ့ မန်းဂနိစ်စတဲ့ ဓာတ်တွေလည်း ပြည့်ဝစွာ ပါဝင်ပါသေးတယ်။
** ပန်းဂေါ်ဖီညှာတံကို ဘယ်လိုလုပ်စားကြမလဲ?
ပန်းပွင့်ကိုခြွေပြီးချိန်မှာ ဓားထက်ထက်နဲ့ အပြင်ပန်း အခွံမာကို ခွာချလိုက်ပါ။ ညှာတံကို ပါးပါးလေး လှီးပြီးတော့ အရွက်ကြော်၊ စွပ်ပြုတ်၊ ကြက်ဥမွှေကြော်၊ ပါစတာဟင်း စသဖြင့် ချက်ပြုတ်လို့ရသလို ခြစ်ချပြီးတော့ အသီးအရွက်သုပ်လည်း လုပ်စားနိုင်ပါတယ်။ အချောင်းလေးတွေ လှီးပြီးတော့ အပျင်းပြေ အချဉ်နဲ့ တို့စားချင်လည်း ရပါသေးတယ်။
၂။ သကြားမုန်လာရွက်
သကြားမုန်လာဆိုတာ အမြစ်ဥရော အရွက်ပါစားလို့ရတဲ့ ၁ ချက်ခုတ် ၂ ချက်ပြတ် စားစရာတစ်မျိုးပါ။ အရွက်စိမ်းစိမ်းတွေကို ခါးတယ်ဆိုပြီး လွှင့်ပစ်မိရင်တော့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ကေတွေကို လွှင့်ပစ်မိသလို ဖြစ်မှာပါ။ သကြားမုန်လာရွက် တစ်ခွက် မပြည့်တစ်ပြည့်လေးဟာ သွေးခဲဖို့နဲ့ အရိုးကျန်းမာဖို့ လိုအပ်တဲ့ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၂ ဆကို ဖြည့်တင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
** သကြားမုန်လာရွက်ကို ဘယ်လိုလုပ်စားကြမလဲ?
အသုပ်တို့၊ ပါစတာတို့၊ အကြော်တို့ စသဖြင့် နည်းမျိုးစုံ လုပ်စားလို့ ရပါတယ်။ အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝဖို့ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ လေးပါ ထည့်စားပေးပါ။
၃။ မုန်လာရွက်
ဗီတာမင်အေတွေ ပြည့်ဝနေတဲ့ မုန်လာဥဟာ မစားမဖြစ် စားသင့်တဲ့ စားစရာတစ်ခုပေါ့။ ထိပ်က အရွက်စိမ်းစိမ်းလေးတွေကို လှီးဖြတ်ပြီး ဘာလို့ လွှင့်ပစ်တတ်ကြတာလဲ ဆိုတာကတော့ မေးစရာပါ။ ဒီအရွက်တွေဟာ အရသာ ရှိပါတယ်။ တခြားအရွက်စိမ်းတွေလိုပဲ ဗီတာမင်ကေတွေ ပါဝင်နိုင်ပါတယ်။ ဈေးဆိုင်က မုန်လာဥ ဝယ်လာပြီဆိုရင် အရွက်နဲ့ဥကို သပ်သပ် ခွဲဖယ်လိုက်ပါ။ အရွက်က မုန်လာဥရဲ့ အစိုဓာတ်ကို စုပ်ယူတတ်တာမို့ မုန်လာဥကြီး ပျော့လဖတ် ဖြစ်သွားတတ်ပါတယ်။
၄။ ဖရဲသီးစေ့
ဖရဲသီးစားတဲ့အခါ ဖရဲသီးစေ့တွေကို ဖယ်ထုတ်နေရတာကလည်း အလုပ်တစ်ခုပါပဲ။
တခြားအစေ့တွေလိုပဲ ဖရဲသီးစေ့ဟာ အပင်တစ်ပင်လုံးအတွက် အသက်သွေးကြော ဖြစ်နေတာကြောင့် မဂ္ဂနီဆီယမ်အပါအဝင် အာဟာရဓာတ်တွေ ပြည့်ဝပါတယ်။
ဗီတာမင်ဒီ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ မဂ္ဂနီဆီယမ်ဓာတ် လိုအပ်ပါတယ်။
** ဖရဲသီးစေ့ကို ဘယ်လိုစားကြမလဲ?
ဖရဲသီးစေ့ကို လွှင့်မပစ်ဘဲ ဖရုံစေ့လိုပဲ လှော်စားပေးရင် အရသာလည်းရှိ အာဟာရဓာတ်လည်း ပြည့်ဝတာပေါ့။ ဖရဲစေ့လှော်ကို အသုပ်တွေ၊ သီးစုံ၊ ဒိန်ချဉ် စတာတွေမှာ ထည့်စားပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























