မိမိအိမ်တွင်း ရောဂါပိုးမွှားတွေ မပျံ့နှံ့စေဖို့ ဒီအချက်တွေကို လိုက်နာစို့
ကျွန်မတို့ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားများစွာ ရှိနေတတ်ပြီး လူတစ်ဦးစီကနေ နောက်တစ်ဦးဆီ သို့မဟုတ် မသန့်ရှင်းသောအရာများနှင့် မျက်နှာပြင်များကို ထိတွေ့ရာကနေတစ်ဆင့် ပျံ့နှံ့ကူးစက်စေတာ ဖြစ်ပါတယ်။ အပြင်ကနေပါလာမယ့် ရောဂါပိုးတွေကို ကာကွယ်ဖို့လိုသလို အိမ်တွင်းမှာလည်း ပိုးတွေမပျံ့စေဖို့ ကာကွယ်မှသာ ကျန်းမာရေးကောင်းမွန်စေမှာပါ။ ဒါကြောင့် အိမ်တွင်း ရောဂါပိုးမွှား ပျံ့နှံ့ခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်များကို လိုက်နာကြည့်ပါ။
(၁) လက်နှီးစနှင့် ရေမြှုပ်
● တတ်နိုင်ပါက တစ်ခါသုံးလက်နှီးစနှင့် တစ်ရှူးများကိုသာ အသုံးပြုသင့်ပါတယ်။
● အဝတ်လက်နှီးစတွေကို အသုံးပြုပြီးတိုင်း ပြန်လည်လျှော်ဖွပ်သင့်ပါတယ်။
(၂) အိုးတိုက်ဘရပ်ရှ်
● ဘရပ်ရှ်များကိုလည်း ရေနွေးနှင့် ဆပ်ပြာကိုသုံးပြီး ပုံမှန်ပြန်လည်ဆေးကြောပေးပါ။
(၃) ကြမ်းတိုက်တံနှင့် ကြမ်းတိုက်ခွက်
● ကြမ်းတိုက်သည့်ပစ္စည်းများကိုလည်း အသုံးပြုပြီးတိုင်း ကောင်းစွာဆေးကြောသင့်ပါတယ်။
(၄) အိမ်သာ
● အိမ်သာကြွေခွက်နှင့် ဘိုထိုင်ထိုင်သည့်နေရာများကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပါ။
● အိမ်သာကြမ်းပြင်ကိုလည်း ပိုးသတ်ဆေးဖြင့် နေ့စဉ်သန့်ရှင်းပါ။
(၅) ရေချိုးခန်းနှင့်ဘေစင်
● ရေချိုးခန်းနှင့်ဘေစင်တွေဟာလည်း အသုံးများတဲ့အတွက် နေ့စဉ်ပိုးသတ်ဆေးဖြင့် သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။
(၆) လိုက်ကာများ
● လိုက်ကာတွေကိုလည်း လစဉ်လဲပြီး လျှော်ဖွပ်သင့်ပါတယ်။
(၇) မီးဖိုချောင်
● အစားအစာပြင်ဆင်တဲ့နေရာကို အသုံးမပြုမီ ပိုးသတ်ဆေးဖြင့် သန့်ရှင်းရေးပြုလုပ်ပါ။
● အသားစိမ်းများနှင့် ဟင်းသီးဟင်းရွက်များအတွက် စဉ့်တီတုံးကို တစ်ခုစီ အသုံးပြုပါ။
(၈) ကြမ်းပြင်
● ကြမ်းပြင်များကို ရေနွေးနှင့်ဆပ်ပြာမှုန့်ကို သုံးပြီး ပုံမှန်သန့်စင်ပေးပါ။
(၉) ကော်ဇောများ
● ရေနွေးငွေ့သုံးပြီး သန့်စင်နိုင်သလို ပုံမှန်လျှော်ဖွပ်ခြင်းလည်း ပြုလုပ်သင့်ပါတယ်။
(၁၀) အိမ်မွေးတိရစ္ဆာန်များ
● Pets လေးတွေ အစာနှင့် ပန်းကန်ခွက်ယောက်ကို လူစားတဲ့အစားအစာများနှင့် ခွဲခြားသိမ်းဆည်းပါ။ Pets လေးများနှင့် သူတို့အသုံးပြုထားသောအရာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။
အခုဖော်ပြသွားတဲ့နည်းလမ်းလေးတွေက လွယ်ကူသလို ပိုးမွှားတွေပျံ့တာကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























