မိမ်ိကိုယ်တိုင် ကျန်းမာရေး၀န်ထမ်းဖြစ်ပေမယ့် ကင်ဆာရောဂါကို အသိနောက်ကျခဲ့သူ
Agnes Biles ဟာ အသက် ၈၂ နှစ်အရွယ်မှာ အူမကြီးကင်ဆာနှင့် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာကြောင့် စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပေမယ့် ဆုံးခါနီး ၂ လ အလိုမှသာ အူမကြီးကင်ဆာရှိနေကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။
အငြိမ်းစား သားဖွားဆရာမဖြစ်တဲ့ Agnes Biles ဟာ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဗဟုသုတ နည်းတဲ့လူ မဟုတ်ပေမယ့် အချိန်နှောင်းမှသာ ကင်ဆာဖြစ်နေတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဤအဖြစ်အပျက်ကနေ ကျွန်ုပ်တို့ သင်ယူရမယ့် ကျန်းမာရေးဗဟုသုတတွေကို ကောက်နုတ်တင်ပြလိုပါတယ်။
1. သွေးအားနည်းခြင်းရဲ့ လက္ခဏာ တွေ့ပါက မပေါ့ဆပါနှင့်။ သေချာစွာ စစ်ဆေးပါ။
အလွယ်တကူ မောပန်းလွယ်တာ၊ အားနည်းတာ၊ အသက်ရှူ မ၀တာတွေက သွေးအားနည်းတဲ့အခါမှာ ခံစားရတဲ့ လက္ခဏာ ဖြစ်ပါတယ်။
Agnes Biles မဆုံးခင် တစ်နှစ်ခွဲလောက်မှာ သွေးအားနည်းခြင်းရဲ့လက္ခဏာတွေ ပေါ်လာတာကြောင့် စမ်းသပ်စစ်ဆေးမှုတွေအပြီးမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ရတဲ့ သွေးအားနည်းရောဂါ လို့သာ အဖြေရှာတွေ့ခဲ့ပါတယ်။
သွေးအားနည်းရောဂါဟာ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး အစာအိမ်အနာဖြစ်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ ကြာရှည်သုံးစွဲခြင်း၊ အူရောင်ခြင်း၊ အစာအိမ်ကင်ဆာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၆၀ နှင့်အထက် လူကြီးများတွင် သွေးအားနည်းရောဂါ ခံစားရပါက အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် မှန်ပြောင်းကြည့်ရှုစစ်ဆေးဖို့ ပညာရှင်များမှ အကြံပြုထားပါတယ်။
2. နေမကောင်းတဲ့ လူကြီးမိဘတွေ ဆေးခန်းသွားပြတဲ့အခါမှာ တစ်ယောက်တည်း မလွှတ်ပါနှင့်။
အရေးကြီးတဲ့ ရောဂါအချက်အလက်တွေ မေ့ကျန်နိုင်လို့ပါပဲ။ လူကြီးမိဘတွေ တစ်ယောက်တည်း သွားပြတဲ့အခါမှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေက တခြား၊ ဆရာ၀န်ကို ပြောပြပြီး ဆွေးနွေးလာတာကတစ်ခု ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဆရာ၀န်ဆီ မသွားခင်ကတည်းက ဆွေးနွေးချင်တဲ့ ရောဂါလက္ခဏာတွေကို စာရင်းပြုစုသွားဖို့ အကြံပေးလိုပါတယ်။ ကျွန်ုပ်တို့ အတူတကွ မလိုက်သွားနိုင်တဲ့ အချိန်တွေမှာလည်း ပြုစုထားတဲ့ အဲဒီစာရင်းလေးက ဆရာ၀န်နှင့် ဆွေးနွေးရာမှာ အထောက်အကူပြုနေမှာ အသေအချာပါပဲ။
3. တချို့ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေက ဆေးပညာပြဋ္ဌာန်းချက်တွေရဲ့ လက္ခဏာတွေနဲ့ တူညီချင်မှ တူညီပါလိမ့်မယ်။
ဥပမာ - ယခုဖြစ်ရပ်လိုမျိုးပေါ့။ Mary ရဲ့မိခင်ဟာ အသက်မသေခင် ၃ လအထိ အူမကြီးကင်ဆာရဲ့ အဓိကလက္ခဏာတွေဖြစ်တဲ့ ၀မ်းဗိုက်အောင့်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ စအိုမှ သွေးကျခြင်း စတဲ့ လက္ခဏာတွေ တစ်ခုမှ မတွေ့ရဘဲ သွေးအားနည်းခြင်းတစ်ခုသာ တွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပင် ရောဂါလက္ခဏာ သေးငယ်စေကာမူ ကင်ဆာကဲ့သို့သော ရောဂါကြီးတွေရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်တာကြောင့် မိမိရဲ့ကျန်းမာရေး တစ်စုံတစ်ခု မှားယွင်းနေပါက ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပါ။
4. တချို့က ရောဂါဖြစ်နေတာကို သိရမှာ ကြောက်လေ့ရှိပါတယ်။ ဖြစ်ကာမှဖြစ်ရော လာမယ့်ဘေး ပြေးတွေ့မယ်လို့ သဘောထားတတ်ကြပါတယ်။
လူတွေက ကင်ဆာလို့ အမည်တပ်ခံရမှာကို ကြောက်တာကြောင့် တစ်ခါတလေ ကျန်းမာရေး စစ်ဆေးမှုတွေခံယူဖို့ နှောင့်နှေးတတ်ကြပါတယ်။ စောစောသိ၊ စောစောကုရင် ဘယ်ရောဂါမဆို အကျိုးများတာချည်းပါပဲ။
5. မောပန်းနွမ်းနယ်ခြင်းဟာ ဂရုပြုသင့်တဲ့ ရောဂါလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
အသက်ရလာလို့ မောတာပဲဆိုပြီး လူအများက မှတ်ယူတတ်ကြပါတယ်။ ကင်ဆာကြောင့်ဖြစ်တဲ့ မောပန်းနွမ်းနယ်မှုက အသက်ကြီးလာလို့ ဖြစ်လာတဲ့ မောပန်းမှုနဲ့ မတူနိုင်တာကြောင့် ခါတိုင်းနဲ့မတူအောင် မောပန်းနွမ်းနယ်တာမျိုး တစ်ချိန်လုံး ဖြစ်နေပြီဆိုရင် သွေးအားနည်းရောဂါ ရှိ/မရှိ၊ ကိုယ်အလေးချိန် ကျဆင်းခြင်း ရှိ/မရှိ စစ်ဆေးကြည့်သင့်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























