/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိသားစုထမင်းစားချိန်လေးတွေ-ပိုမိုအသက်ဝင်စေမယ့်-နည်းလမ်းကောင်းများ

မိသားစုထမင်းစားချိန်လေးတွေ ပိုမိုအသက်ဝင်စေမယ့် နည်းလမ်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယခုလို Stay Home အိမ်မှာနေတဲ့ကာလရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ မိသားစုတွေ အိမ်မှာအတူရှိချိန်တွေ ပိုများလာပြီး အတူတကွ ထမင်းစားသောက်ချိန်တွေ ယခင်ကထက် များလာတာပဲ ဖြစ်ပါတယ်။ ဒီလိုမိသားစုထမင်းဝိုင်းတွေဟာ မိသားစုဝင်အချင်းချင်းကြား ပြောဆိုဆက်ဆံချိန် တိုးစေတဲ့အလျောက် ချစ်ခင်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မာစေပါတယ်။ ဒီအချိန်မှာ မိသားစုထမင်းဝိုင်းလေးတွေကို ခါတိုင်းထက်ပိုပြီး ပျော်ရွှင်ဖို့ကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁)  မိသားစုထမင်းလက်ဆုံစားချိန် သီးသန့်ဖယ်ထားပါ
မိသားစုထမင်းစားချိန်မှာ ဖုန်းသုံးတာမျိုး တီဗီကြည့်တာမျိုးမလုပ်ဘဲ တစ်ယောက်ချင်းစီက စိတ်လိုလက်ရ ပါဝင်ပေးဖို့ အရေးကြီးပါတယ်။

(၂)  မလောပါနှင့်
ထမင်းကို အလောတကြီး စားကြတာထက် အနည်းဆုံး ၃၀ မိနစ်လောက် ထမင်းစားချိန် ထားပေးသင့်ပါတယ်။ ဒီလိုမှသာ ကလေးတွေအတွက်လည်း အစားကို ဖြည်းဖြည်းစားနိုင်မယ့်အပြင် မိသားစု အေးဆေးစကားပြောချိန်လည်း ရရှိစေပါလိမ့်မယ်။

(၃)  မိသားစုဝင်တစ်ယောက်စီတိုင်း ပါဝင်ပါစေ
ကလေးများကိုလည်း ထမင်းဝိုင်းမှာ ဘယ်လိုအစားအစာတွေ ပါစေချင်လဲဆိုတာ ရွေးချယ်ခွင့်ပေးပါ။ ထမင်းဟင်းချက်ပြုတ်ရာတွင်လည်း ကလေးတွေကို သူတို့တတ်နိုင်တာလေးတွေ ဝိုင်းလုပ်ခိုင်းနိုင်ပါတယ်။ မေမေနှင့် ဟင်းတူတူချက်ခြင်းဟာလည်း သူတို့လေးတွေကို ပျော်ရွှင်စေပါလိမ့်မယ်။

(၄)  အစာစားရင်း စကားပြောဆိုပါ
မိသားစုထမင်းဝိုင်းတွေမှာ မိသားစုဝင်တွေအနေနှင့် တစ်နေ့တာလုပ်ဆောင်ချက်တွေနှင့် ပျော်ရွှင်ကြည်နူးဖွယ်ရာတွေကို ပြောနိုင်ပါတယ်။ ကလေးတွေအနေနှင့် စကားမပြောချင်ဘူးဆိုရင်တော့ မိဘတွေ ပြောနေတာကို နားထောင်ပြီး စိတ်ပျော်ရွှင်မှု ရစေနိုင်ပါတယ်။

(၅)  ဆုပေးပါ
ကလေးတွေအနေနှင့် အစားကိုကောင်းကောင်းစားခြင်း သေသပ်သန့်ရှင်းစွာစားခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေ ပြုလုပ်နေရင်တော့ မေမေတို့အနေနှင့် ချီးကျူးစကား ဆိုပေးသင့်ပါတယ်။ ဒါမှမဟုတ် သူတို့နှစ်သက်တဲ့ အချိုပွဲကို ပြင်ဆင်ပေးနိုင်ပါတယ်။

(၆)  ကလေးတွေ နှစ်သက်မယ့်အစားအစာပုံစံများ ဖန်တီးပါ
အစာမစားလိုတဲ့ သားသားမီးမီးလေးတွေအတွက် သူတို့နှစ်သက်တဲ့ဟင်းများ ချက်ခြင်း၊ စားချင်စဖွယ်ပုံစံများ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

မေမေတို့ရေ ... အထက်မှာဖော်ပြသွားတဲ့ နည်းလမ်းလေးတွေ အသုံးပြုပြီး မိသားစုထမင်းစားချိန်လေးတွေကို ပိုပြီးပျော်စရာကောင်းအောင် ဖန်တီးကြစို့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)