မိသားစု ထမင်းလက်ဆုံးစားချိန်ကို အဘယ်ကြောင့်အလေးထားသင့်ပါသနည်း
ရှုပ်ထွေးပွေလီလှတဲ့နေ့စဉ်ဘဝနဲ့ မပြီးဆုံးနိုင်တဲ့အလုပ်ချိန်တွေကြောင့် မိသားစုကိုအချိန်ပေးတာတွေ နည်းလာရပါတယ်။ ထမင်းစားပွဲမှာ အတူတူထိုင်စားတာထက် မိသားစုဝင်တွေဟာ အလုပ်လုပ်နေရင်း စားတာဖြစ်ဖြစ် တီဗီကြည့်ရင်း (သို့) ကွန်ပျူတာဂိမ်းကစားရင်းဖြစ်ဖြစ် သီးသန့်စားတတ်လာကြပါတယ်။
50% သော အမေရိကန်မိသားစုတွေဟာ တစ်ပတ်လျှင် အနည်းဆုံးငါးရက် ညစာအတူတူစား ကြသော်လည်း အများစုကတော့ အဲလောက်အချိန်မပေးနိုင်ကြပေ။ မိသားစုထမင်းလက်ဆုံစားခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးစေတဲ့အပြင် ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။
မိသားစုဝင်အချင်းချင်းဆက်သွယ်မှု
သုတေသနပြုလုပ်ချက်တွေအရ မိသားစုထမင်းလက်ဆုံစားခြင်းဟာ လူမှုဆက်ဆံရေးနယ်ပယ်တွင် ပိုမိုကောင်းမွန်စေရုံသာမက ရိုင်းစိုင်းသောအပြုအမူတွေပြုလုပ်မိခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။
ထို့်ပြင်မိသားစုထမင်းဝိုင်းသည် မိမိကိုယ်ကို ဥပမာတစ်ခုအနေဖြင့်ပြသရန် အခွင့်အရေးလည်းဖြစ်ပါတယ်။ ကလေးငယ်များရှေ့တွင် စံပြအနေဖြင့် အစားအသောက်နှင့်ပတ်သက်၍ ကောင်းမွန်သော အလေ့အကျင့်များပြုလုပ်ပြ ရန် အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ မိမိကိုယ်တိုင်က ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ ခုံခုံမင်မင်စားသောက်ပြပါက ကလေးငယ်များသည်လည်း ထိုအစားအစာများကို စားသုံးကြည့်ချင်လာပါလိမ့်မယ်။
မိသားစုထမင်းဝိုင်းတွင်ပါဝင်လေ့ရှိသော အမျိုးသမီးများတွင် အစားအသောက်ဆိုင်ရာ မူမမှန်ရောဂါ များဖြစ်နိုင်ချေနည်းပါးကြောင်း လေ့လာချက်များအရတွေ့ရှိိရပါတယ်။ ထို့ပြင် မိသားစုနှင့်အတူ မကြာခဏ ထမင်းလက်ဆုံစားရသောကလေးများသည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးကြ၍ အစားအသောက်လည်း ချေးမများကြတော့ချေ။
မိသားစုထမင်းလက်ဆုံစားနိုင်ရန် မည်ကဲ့သို့ပြုလုပ်ရမည်နည်း
မိသားစုတော်တော်များများသည် ထမင်းလက်ဆုံတူတူစားနိုင်သောအခွင့်အရေးကို ပိုမိုလိုချင်ကြသော်လည်း သူတို့၏ များပြားလှသောအချိန်ဇယားများက ဟန့်တားနေကြပါတယ်။
မိဘများသည် သူတို့ရဲ့အလုပ်အချိန်ဇယားကိုသာမက ကလေးငယ်လေးများ၏ ကျောင်းချိန်ဇယားကိုပါ စိုးရိမ်ပူပန်လေ့ရှိတာကြောင့် ထမင်းကိုဖြစ်သလို အချိန်လု၍စားသောက်ကြရပါတယ်။
မဖြစ်နိုင်ဟုထင်ကြသော်လည်း မိသားစုအတူတကွထမင်းစားချိန်ကို ဖန်တီးနိုင်ရန် နည်းလမ်းများစွာရှိပါတယ်။
1. ရိုးရှင်းစွာပြုလုပ်ပါ - ထမင်းဟင်းများကို အချိန်ကြာမြင့်စွာပြင်ဆင်ရန်မလိုအပ်ပဲ စွတ်ပြုတ်တစ်ခွက် (သို့) ရေခဲသေတ္တထဲမှာ ရှိတာတွေနဲ့ပြင်ဆင်လို့ရပါတယ်။
2. ညစာကိုထုတ်ပိုး၍ - ယူဆောင်သွားပါ။ အကယ်၍ ကလေးငယ်မှာမအားလပ်သည့်အပြင် မိမိကိုယ်တိုင်လည်း အခြားအလုပ်ရှိခဲ့လျှင် ညစာကိုထုတ်ပိုး၍ယူသွားပြီး တစ်နေရာတွင်ချိန်း၍ အတူတကွစားသုံးနိုင်ပါတယ်။
3. မိသားစုဝင်အားလုံးပါဝင်ပါစေ - ကလေးငယ်များကို အစားအသောက်များပြင်ဆင်ချက်ပြုတ်ရာတွင် ပါဝင်ရန် ခွင့်ပြုပေးပါ။ ဆယ်ကျော်သက်ကလေးများကို ဟင်းအမယ်တစ်ခုလုံးကိုချက်ရန် ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေကိုတော့ ရိုးရှင်းတဲ့အလုပ်များ (ဥပမာ - အရွက်ချေွခိုင်းခြင်း၊ ကြက်ဥဖောက်ခြင်းနှင့် စားပွဲပြင်ဆင်ခြင်း) ကို ခိုင်းစေနိုင်ပါတယ်။ ဤသို့ပါဝင်စေခြင်းဖြင့် အစားအသောက်ကိုပိုမိုခုံမင်လာပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေလည်း ရစေနိုင်ပါတယ်။
4. တီထွင်ဆန်းသစ်ပါ - ညစာကိုလက်ဆုံစားရန် ခဲယဉ်းနေပါက မနက်ပိုင်းတွင် 5-10 မိနစ်ခန့်အချိန်ယူ၍ မိသားစုနှင့်အတူ မနက်စာစားသုံးပါ။
5. လျှပ်စစ်ပစ္စည်းများ (ဥပမာ - တီဗီ၊ ကွန်ပျူတာ၊ ဖုန်း) စသည်တို့ကို ပိတ်ထား၍ ထမင်းစားပွဲကိုသာအာရုံစိုက်ပါ။
6. နားထောင်ရန်မမေ့ပါနှင့် - 5 မိနစ်လောက်ဖြစ်ဖြစ် အချိန်ပေး၍ ကလေးငယ်ပြောချင်သော အကြောင်းအရာကို သေချာစွာနားထောင်ပေးပါ။ သူတို့အတွက် နေ့တစ်နေ့၏အကောင်းဆုံးအချိန်နှင့် စိတ်ဖိစီးစေသောအရာများရှိ/မရှိ စသည်တို့ကို မေးမြန်းခြင်းပြုလုပ်သင့်ပါတယ်။
အခုချိန်ကစပြီးတော့ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် မိသားစုနှင့် ထမင်းလက်ဆုံစားချိန်ကို တိုးမြှင့်ပါ။ မိသားစုကျန်းမာရေးကိုကောင်းလာရုံသာမက တစ်ဦးနှင့်တစ်ဦးဆက်ဆံရေးမှာလည်းတိုးတက်လာသည်ကို အံ့သြဖွယ်တွေ့ရှိရမှာပါ။






























