မိုက်ခရိုေ၀့ဗ်အကြောင်း တစေ့တစောင်း
မိုက်ခရိုေ၀့ဗ်နဲ့ ချက်ပြုတ်တာဟာ အစားအစာတွေကို အမြန်ကျက်စေတဲ့အတွက် အချိန်ကုန် သက်သာစေသလို လူပင်ပန်းသက်သာစေပါတယ်။ ဒါကြောင့်အလုပ်အလွန်များပြီး ချက်ပြုတ်ဖို့အချိန်ကိုတောင် ချန်ထားဖို့ အခက်အခဲရှိသူတွေအတွက်ကတော့ အင်မတန်မှအဆင်ပြေစေ၊ အသုံး၀င်စေတဲ့ ချက်ပြုတ်နည်းဖြစ်ပါတယ်။
တစ်ခုရှိတာက မိုက်ခရိုေ၀့ဗ်စက်ကိုသုံးပြီးချက်မယ့်သူဟာ စက်အသုံးပြုပုံ၊ အသုံးပြုနည်း၊ ဘယ်လို အိုး၊ ခွက်မျိုးကို စက်ထဲမှာထည့်ပြီး ချက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ရေရေလည်လည် နားလည်ထားဖို့တော့ လိုအပ်ပါတယ်။ ချက်ပြုတ်ရာမှာ အထောက်အကူပြုစေဖို့၊ ဆောင်ရန်၊ ရှောင်ရန်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ဖို့အတွက် မိုက်ခရိုေ၀့ဗ်နှင့်ချက်ပြုတ်နည်းစာအုပ်ကို လေ့လာမှတ်သားထား သင့်ပါတယ်။ မိုက်ခရိုေ၀့ဗ်ကိုအသုံးပြုရင် အထူးဂရုပြုသင့်တဲ့အချက်အလက်တချို့ကိုတော့ ဗဟုသုတအနေနဲ့မှတ်ထားလို့ရအောင် ရေးသားပေးလိုက်ပါတယ်။
1. ဟင်းလျာတွေအထူးသဖြင့် အသားဟင်းကိုချက်တော့မယ်ဆိုရင် မိုက်ခရိုေ၀့ဗ်စက်ထဲ ထည့်ပြီးချက်တဲ့ အချိန်ဟာ မကြာဘဲ အကျက်မြန်တာမို့အသားထဲမှာ ဆားနဲ့ အခြားအနံ့အရသာတွေ စိမ့်၀င်သွားစေဖို့အတွက် စက်ထဲမထည့်ခင် နှပ်ထားဖို့လိုအပ်ပါတယ်။
2. လျှပ်စစ်ဓာတ်အတက်အကျမမှန်တာက စက်နာစေနိုင်တာကြောင့် မီးအားပြည့်ချိန်မှာသာ ချက်ပြုတ်ရေး လုပ်ငန်းတွေကို လုပ်သင့်ပါတယ်။
3. စက်စိုထိုင်းနေပါက ၎င်းအစိုဓာတ်တွေကစက်ကို ဒုက္ခပေးတတ်တာကြောင့်ချက်ပြုတ်ပြီးတဲ့အခါတိုင်း မိုက်ခရိုေ၀့ဗ်တံခါးကို 5-10 မိနစ်လောက်ဖွင့်ပြီး လေသလပ်ထားပါ။ ဒီလိုဆိုရင် စက်ထဲမှာစွဲကျန်နေခဲ့တဲ့ ဟင်းအန့ံပြင်းပြင်းတွေလည်းကင်းစင်သွားပါလိမ့်မယ်။
4. မိုက်ခရိုေ၀့ဗ်ကို သန့်စင်ပေးဖို့လည်းမမေ့သင့်ပါဘူး။ သန့်စင်ရာမှာ အ၀တ်ကို ဆပ်ပြာရည်၊ ရေအများကြီး စိုရွှဲနေအောင်စွတ်ပြီး စက်ကိုသုတ်စရာမလိုပါဘူး။ အ၀တ်ရေစိုတယ်ဆိုရုံလောက်သာစွတ်ပြီး မိုက်ခရိုေ၀့ဗ်အတွင်းကို သုတ်ပေးနိုင်ပါတယ်။ နောက်ပြီး အတွင်းပိုင်း ခြောက်သွေ့နေအောင် တံခါးကိုဖွင့်ထားလိုက်ပါ။ မိုက်ခရိုေ၀့ဗ်စက်ထဲမှာရှိတဲ့ အလယ်ကဆုံလည်ဖန်ပန်းကန်ပြားကွဲသွားရင် လဲဖို့ခက်တာကြောင့် အကိုင်အတွယ်ကို သတိထားသင့်ပါတယ်။
5. မိုက်ခရိုေ၀့ဗ်နဲ့ ချက်တာဟာ အချိန်ကုန်သက်သာအားသာချက်ရှိတာတော့မှန်ပါတယ်။ ဒါပေမယ့် မိုက်ခရိုေ၀့ဗ်ချက်ခြင်းဟာ အစားအစာမှအာဟာရဓာတ်တွေဆုံးရှုံးသွားစေနိုင်သလားဆိုတာကလည်း အဓိကကျတဲ့အချက်ဖြစ်ပါတယ်။ မိုက်ခရိုေ၀့ဗ်နဲ့ချက်မှ မဟုတ်ပါဘူး။ သမားရိုးကျချက်နည်း မည်သည့်နည်းမဆို မီးအားပြင်းပြင်းနဲ့ချက်ပါက အစားအစာမှပါတဲ့အာဟာရဓာတ်လျော့နည်းသွားတာတော့ဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ကြော်လှော်ချက်ပြုတ်တဲ့အခါ အပူနဲ့ထိတွေ့ရတာဖြစ်တဲ့အတွက် ၎င်းမှာပါတဲ့ ဗီတာမင်ဓာတ်တွေ အနည်းအကျဉ်းတော့ လျော့နည်းသွားစေနိုင်ပါတယ်။ ပါ၀င်တဲ့ဗီတာမင်တွေအားလုံး ပျက်စီးသွားတာမျိုးတော့ မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ဟင်းသီးဟင်းရွက်မှာပါတဲ့ ဗီတာမင်နဲ့အခြား အာဟာရဓာတ်တွေဟာ မိုက်ခရိုေ၀့ဗ်နဲ့ချက်မှသာ ပျက်စီးသွားစေနိုင်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။
CMS






























