/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိုးတွင်းမှာ-ဘာကြောင့်-မကြာခဏ-ဆီးသွားချင်ရတာလဲ

မိုးတွင်းမှာ ဘာကြောင့် မကြာခဏ ဆီးသွားချင်ရတာလဲ ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်ရဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေအတွက် ရေဟာ အရေးပါတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သွေးတွင်း အရည်ဓာတ်ကို ထိန်းပေးတဲ့နေရာမှာ၊ ခန္ဓာကိုယ်အနှံ့ကို အဟာရတွေ ပို့ဆောင်တဲ့နေရာမှာ၊ ဟော်မှန်းတွေ အင်ဇိုင်းတွေကို သယ်ဆောင်ပေးတဲ့နေရာမှာ နဲ့ ခန္ဓာကိုယ်ကနေ အညစ်ကြေးတွေ စွန့်ပစ်ပေးတဲ့နေရာတွေ မှာ ရေဟာ အဓိကကျတဲ့ အခန်းကဏ္ဏကနေ ပါ၀င်နေပါတယ်။

          တကယ်လို့ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ရေပမာဏထက် ပိုလာပြီဆိုရင် ချွေး၊ ဆီးနဲ့ ၀မ်းကနေ တဆင့် ပြင်ပကို စွန့်ထုတ်ပါတယ်။ ဒီထဲမှာမှ ပိုနေတဲ့ရေတွေကို အများဆုံး ဖယ်ရှားပေးတာကတော့ ဆီးပဲဖြစ်ပါတယ်။

          နွေရာသီမှာက ပတ်၀န်းကျင်အပူချိန်များတဲ့အတွက် ရေတွေဟာ ချေွးကနေတဆင့်ဖြစ်စေ၊ အငွေ့ပျံရာကတဆင့်ဖြစ်စေ ခန္ဓာကိုယ်ကနေ ထွက်သွားပါတယ်။ ဒါ့ကြောင့် သွေးတွင်းအရည်ဓာတ်ကို လျော့ မသွားဖို့အတွက် ကျောက်ကပ်ကနေ ရေတွေကို ထိန်းထားလိုက်တာကြောင့် ရာသီဥတုပူလေလေ ဆီးသွားနည်းသွားလေလေပဲ ဖြစ်ပါတယ်။

          ဒါပေမယ့် မိုးရာသီတို့၊ ဆောင်းရာသီတို့လို အေးတဲ့ရာသီတွေမှာတော့ ပြင်ပပတ်၀န်းကျင် အပူချိန် နည်းသွားတဲ့အတွက် ခန္ဓာကိုယ်ကနေ ချွေးထွက်တာ၊ အငွေ့ပျံတာတွေ နည်းသွားပါတယ်။ အပြင်က အအေးဓာတ်ကို ဆန့်ကျင်ပြီး ခန္ဓာကိုယ်ရဲ့ပုံမှန်အပူချိန်ကို ထိန်းဖို့အတွက် အရေပြားမှာရှိတဲ့ သွေးကြောမျှင်လေးတွေဟာ သူ့အလိုလို ကျစ်လျစ်သွားပြီး သွေးဖိအားကို တက်စေပါတယ်။ အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်ဟာ နွေးထွေးလာပါတယ်။ ဒီလိုရာသီဥတုတွေမှာ သွေးဖိအားတွေ အလွန်အကျွံတက်လာတာမျိုးမရှိဘဲ သွေးပေါင်ချိန်ပုံမှန်ဖြစ်နေဖို့အတွက် ခန္ဓာကိုယ်ကနေ ပိုလျှံနေတဲ့ရေတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့အတူ ဆီးကနေပဲ အဓိကထုတ်ပစ်ပါတော့တယ်။ ဒါဟာ ဘာကြောင့် မိုးတွင်းမှာ ဆီးပိုသွားရတာလဲဆိုတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။

 Dr. MW (www.drmyanmar.com)