/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိုးရာသီတွင်-ဝမ်းပျက်ခြင်းမဖြစ်ဖို့-ကြိုတင်ကာကွယ်ကြပါစို့

မိုးရာသီတွင် ဝမ်းပျက်ခြင်းမဖြစ်ဖို့ ကြိုတင်ကာကွယ်ကြပါစို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယခုဆို နေ့စဉ်ရက်ဆက် မိုးရွာနေသော မိုးရာသီကို ရောက်ရှိလာပါပြီ။ မိုးတွင်းမှာ နေရထိုင်ရတာ အေးချမ်းစိုစွတ်သော်လည်း ရောဂါပေါင်းစုံ ဖြစ်ပေါ်သောရာသီဆိုလည်း မမှားပါဘူး။ အထူးသဖြင့် မိုးတွင်းမှာ လှိုင်လှိုင်ပေါသော ယင်ကောင်များကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း အဖြစ်များတာမို့ ဆင်ခြင်သင့်ပါတယ်။

●        ပူပူနွေးနွေး ချက်ထားသော အစားအစာများကိုသာ စားပြီး အသင့်စား အစာများနှင့် ရာသီပေါ် သစ်သီးများကို ဆင်ခြင်စားခြင်းဖြင့် မိုးတွင်းကာလတွင် ဖြစ်တတ်သော အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများကို ကြိုတင်ကာကွယ်သင့်ပါတယ်။

●        အစိမ်းရောင် ဟင်းသီးဟင်းရွက်များဟာ မိုးတွင်းမှာ ပိုးမွှားများ ပေါက်ပွားဖို့ လွယ်ကူတာမို့ မချက်ပြုတ်မီ ရေနွေးဖြင့် ဆေးကြောဖို့ မမေ့နဲ့နော်။

●        မိုးတွင်းဘက်တွင် ဟင်းများ ချက်ပြုတ်သည့်အခါ မြေပဲဆီ၊ ထောပတ်ဆီများထက်စာရင် အစာချေဖို့ လွယ်ကူသော နေကြာဆီ၊ သံလွင်ဆီ စသည်တို့ကို အသုံးပြုသင့်ပါတယ်။

●        မိုးရာသီဟာ ယင်ကောင်များ လှိုင်လှိုင်ပေါသော ကာလဖြစ်သည့်အတွက် လမ်းဘေးစာများနဲ့ ယင်ကောင်များ အလွယ်တကူ နားနိုင်သောအစာများကို ရှောင်ရှားမှသာ ဝမ်းရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

●        သရက်သီး၊ နာနတ်သီး စသော ရာသီပေါ်အသီးများကို စားလိုပါက မိမိအိမ်တွင် သန့်ရှင်းစွာ ဆေးကြောပြင်ဆင်ပြီးမှသာ စားသင့်ကြောင်းလည်း အကြံပြုပါရစေ။

●        နောက်ဆုံးအချက်အနေဖြင့် မိုးတွင်းကာလတွင် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ တစ်နေ့ကို ရေ ၈ ဖန်ခွက်မှ ၁ဝ ဖန်ခွက်အထိ သောက်ပါ။ ဝမ်းရောဂါဖြစ်ပေါ်ပါက ဓာတ်ဆားရည် သောက်သုံးပါ။ ပူနွေးစွာ ချက်ပြုတ်ထားသော အစာများကို ဦးစားပေး စားဖို့လိုပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုဖို့လိုကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)