မိုးရာသီမှာ အဖြစ်များတဲ့ရောဂါတွေ
မိုးလေးစိုတိစိုစွတ်နဲ့ မိုးတွင်းကာလဟာ တုပ်ကွေးအပြင် အခြားရောဂါတွေလည်း အဖြစ်များတဲ့ကာလ ဖြစ်ပါတယ်။
မိုးရာသီမှာ သတိထားကာကွယ်သင့်တဲ့ ရောဂါတွေကတော့ -
>> သွေးလွန်တုပ်ကွေး
နေ့ခင်းဘက်ထွက်တဲ့ အေးဒီးစ်ဆိုတဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။
● လက္ခဏာ - ရုတ်တရက် အဖျားကြီးပြီး ၂ ရက်ကနေ ၇ ရက် အထိကြာတတ်ပါတယ်။ အရိုးအသား နာကျင်တာ၊ အနီစက်တွေ ထွက်တာ၊ နှာခေါင်းသွေးလျှံတာ၊ ဗိုက်အောင့်တာ၊ အန်တာ စတာတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
>> Leptospirosis (လက်ပတို စပိုင်ရိုးစစ်)
ကြွက်နဲ့ အလားတူအကောင်တွေ သယ်ဆောင်လာတဲ့ ဘက်တီးရီးယား ကြောင့် ဖြစ်တာပါ။ အကိုက်ခံရလို့၊ သူတို့ရဲ့ ဆီးတွေ၊ ဝမ်းတွေနဲ့ ထိတွေ့လို့၊ အဲလို ထိတွေ့ထားတဲ့ အစားအစာကို စားမိလို့ ကူးစက်ပါတယ်။
● လက္ခဏာ - ဖျားတာ၊ အသားတွေ နာတာ၊ ခေါင်းကိုက်တာ၊ မျက်လုံးနီတာနှင့် အသည်းရောင်၊ အသည်းထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။
>> ဝမ်းပျက်၊ ဝမ်းလျှောရောဂါ
လူတွေရဲ့ ဝမ်းထဲမှာ တွေ့ရတတ်တဲ့ vibrio cholerae ဆိုတဲ့ ဘက်တီးရီးယား ကူးစက်လို့ ဖြစ်တတ်ပါတယ်။
● လက္ခဏာ - ဝမ်းအရည်သွားတာ၊ အန်တာ စသည့် လက္ခဏာများ ဖြစ်ပေါ်ပြီး သေသေချာချာ ကုသဖို့ လိုပါတယ်။
>> တုပ်ကွေး
ဗိုင်းရပ်ကြောင့်ဖြစ်ပြီး ကိုယ်ခံအားနည်းတဲ့လူတွေမှာ အဖြစ်များပါတယ်။
● လက္ခဏာ - ချမ်းတုန်ဖျားတာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ
>> အသည်းရောင် အသားဝါ အေ
ရောဂါပိုးရှိတဲ့လူရဲ့ ဆီး၊ ဝမ်းနဲ့ ထိတွေ့ထားတဲ့ ရေ၊ အစားအစာကနေတစ်ဆင့် ကူးစက်ပါတယ်။
● လက္ခဏာ - ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဆီးရောင်ရင့်တာ၊ ဖျားတာ၊ အသည်းရောင်ရောဂါ
>> အူရောင်ငန်းဖျား
Salmonella typhi ဆိုတဲ့ ဘက်တီးရီးယားပိုးရှိတဲ့လူရဲ့ ဝမ်းကနေတစ်ဆင့် ကူးစက်ပါတယ်။
● လက္ခဏာ - အစားအသောက်ပျက်တာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာ၊ အူရောင်တာ စတဲ့ လက္ခဏာများ ရှိတတ်ပါတယ်။
>> ဆင်တုပ်ကွေး
အေးဒီးစ် ဆိုတဲ့ ခြင်ကိုက်လို့ပဲ ဖြစ်တာပါ။
● လက္ခဏာ - အရိုးအဆစ်တွေ မခံရပ်နိုင်အောင် နာတာ၊ ဖျားတာ၊ အနီစက်တွေ ထွက်တာ ဖြစ်တတ်ပါတယ်။
>> ဖျားနေတဲ့အချိန်မှာ ဘာလုပ်ရမလဲ?
● သူများကို မကူးအောင် ရုံး၊ ကျောင်းတွေ နားထားပါ။
● ကောင်းကောင်းအနားယူ၊ အရည်များများသောက်၊ အာဟာရပြည့်ဝအောင်စားပါ။
● ရေကို ကြိုချက်ပြီးပဲ သောက်ပါ။
● အဖျားရက်ကြာနေရင် သေချာ စစ်ဆေးမှု ခံယူပါ။
● ကာကွယ်ဆေးရှိတဲ့ ရောဂါတွေကို ဆေးထိုးပြီး ကာကွယ်ထားပါ။
● အပြင်ထွက်ဖို့ လိုအပ်ရင် နှာခေါင်းစီးတပ်ပါ။
● ရေကြီးနေတဲ့ နေရာတွေကို ရှောင်ပါ။
● တစ်ခုခု ထူးခြားတာရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
Dr. Htar (www.drmyanmar.com)






























