မိုးရာသီမှာ အဖြစ်များသော ပြဿနာများ
1. ၀မ်းပျက်၀မ်းလျှောခြင်း
၀မ်းပျက်၀မ်းလျှောတယ်ဆိုတာ ဗိုင်းရပ်စ်၊ဘက်တီးရီးယားနဲ့ အခြားသောကပ်ပါးပိုးတွေ ကူးစက်ခံရခြင်းကြာင့် ဖြစ်ရတာပါ။ ၄င်းရောဂါပိုးတွေဟာ မသန့်တဲ့အစာတွေ၊ ရေတွေကို စားသောက်မိရာမှတဆင့် ကူးစက်တတ်ပြီး မသန့်စင်တဲ့လက်နဲ့ အစားအသောက်ကိုင်တွယ်စားသောက်မိရာမှလည်း ကူးစက်တတ်ပါတယ်။ ဒါကြောင့် ယခုလို မိုးတွင်းအချိန်အခါမျိုးမှာ ယင်နားစာတွေကို အထူးရှောင်ကျဉ်သင့်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားသုံးဖို့၊ လက်ကို အမြဲသန့်စင်နေဖို့ ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ ၀မ်းပျက်၀မ်းလျှောဖြစ်နေပါကလည်း ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားရည်သောက်ပေးပါ။ ဒီလိုသောက်ပေမယ့် မသက်သာရင် ဆေးရုံ၊ဆေးခန်းသွားပြဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀မ်းလျှောတဲ့အခြေအနေ လွန်စွာပြင်းထန်ပါက သွေးပေါင်ချိန်ထိုးကျသွားခြင်း၊ ကျောက်ကပ်စွမ်းဆောင်ရည်အား ကျဆင်းခြင်းတို့ ဖြစ်စေနိုင်တာကြောင့်ပါ။
2. ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါဆိုတာ ငှက်ဖျားပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရခြင်းမှ ကူးစက်သော နာတာရှည် ကပ်ပါးရောဂါဖြစ်ပါတယ်။ ငှက်ဖျားရောဂါရှိသူတစ်ယောက်ဟာ ပြင်းထန်စွာဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ တုပ်ကွေးရောဂါနဲ့ ခပ်ဆင်ဆင်ရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပြီး မကုသဘဲထားပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။
3. သွေးလွန်တုပ်ကွေးရောဂါ
ခြင်ကိုက်ခံရ၍ ကူးစက်သောဗိုင်းရပ်စ်ရောဂါဖြစ်ပြီး သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် အဖျား 104 မှ 105 ဖာရင်ဟိုက်အထိ အပြင်းဖျားနိုင်ပါတယ်။ ဒါ့အပြင် အရေပြားမှာအနီစက်များထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ၊ အဆစ်အမြစ်များ ပြင်းထန်စွာနာကျင်ကိုက်ခဲခြင်းစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
4. Chikungunya
Chikungunya ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပြီး ၄င်းပိုးကူးစက်ခံရသူအနေနဲ့ 2-5ရက် အထိ ဖျားနာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခြေ၊လက်အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတတ်ပြီး ထိုသို့သော နာကျင်မှုတွေက တချို့သူတွေမှာဆိုရင် နာတာရှည်နာကျင်ကိုက်ခဲမှုလိုမျိုး နှစ်ပေါင်းကြာရှည်စွာ ခံစားရနိုင်ပါတယ်။
5. Hypothermia (သာမန်ကိုယ်ပူချိန်ထက်နိမ့်ခြင်း)
Hypothermia ဖြစ်ခြင်းကို အထူးသဖြင့် အအေးဒဏ်မခံနိုင်သူတွေ၊ ပန်းနာရင်ကြပ်ရောဂါရှိသူတွေမှာ ပိုခံစားရတတ်တာကြောင့် ထိုသူတွေအနေနဲ့ မိုးတွင်းလိုအချိန်အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။
6. အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း
စိုစွတ်တဲ့ရာသီမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးပေါက်ပွားမှုနှုန်း ပိုမြင့်မားတာကြောင့် ဒီလိုရောဂါပိုးတွေပွားများမှု မဖြစ်စေရန် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်၀န်းကျင်သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်သင့်ပါတယ်။
7. Leptospirosis
ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး တိရစာၦန်များ၊ ညစ်ညမ်းတဲ့ရေများမှ ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ရွှံ့ဗွက်များ၊ ရေဆိုးရေညစ်များမှ ဖြတ်သန်းသွားလာရတဲ့အခါ ဆပ်ပြာနဲ့စင်ကြယ်စွာ ဆေးကြောဖို့ကို သတိမမေ့သင့်ပါ။ တိရစာၦန်ချစ်တတ်သူများအနေနဲ့လည်း တိရစာၦန်၏သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပြီး တိရစာၦန်နဲ့ ပွတ်သီးပွတ်သပ်နေတာမျိုး အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။
8. ရေနစ်ခြင်း
ရေကြီးရေလျှံမှုတွေကြောင့် ရေနစ်သေဆုံးရတာဟာ မိုးရာသီမှာ အဖြစ်များတတ်တဲ့ ကိစ္စရပ်တစ်ခုပါ။ ရေနစ်သွားသူတစ်ယောက်အနေနဲ့ ရေအောက်ကြမ်းပြင်မှာရှိနေတတ်တဲ့ မှန်ကွဲ၊ ဖန်ကွဲစတွေနဲ့ ထိခိုက်မိပြီး စုတ်ပြတ်ပေါက်ပြဲဒဏ်ရာစတဲ့ အသေးအဖွဲထိခိုက်နာကျင်နိုင်သလို သေစေနိုင်လောက်တဲ့ ဒဏ်ရာမျိုးရကာ အသက်ဆုံးရှုံးနိုင်သည်အထိလည်း ဖြစ်နိုင်ပါတယ်။
9. ဓာတ်လိုက်ခြင်း
ပြတ်ကျနေတဲ့ လျှပ်စစ်မီးကြိုးများကို ကိုင်မိခြင်း၊ မိုးရေစိုနေတဲ့ ဓာတ်တိုင်များသို့တက်ကာ မီးကြိုးများ ချိတ်ဆက်ပြင်ဆင်ခြင်းစတာတွေကြောင့် ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးရတဲ့အခြေအနေတွေဟာလည်း မိုးတွင်းမှာအဖြစ်များကြပါတယ်။
10. ယာဉ်တိုက်မှုများဖြစ်ခြင်း
လမ်းများစိုစွတ်နေ၊ ချောနေသည့်ကြားမှ အလျင်လိုမောင်းနှင်မှုတွေကြောင့် မိုးရာသီမှာ မတော်တဆယာဉ်တိုက်မှုဖြစ်နှုန်း ပိုများတတ်ပါတယ်။ ဒါကြောင့် ယာဉ်မောင်းသူတွေအနေနဲ့ သတိလက်လွတ်မောင်းနှင်ခြင်းမပြုသင့်ဘဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို တသွေမတိမ်းလိုက်နာသင့်ပါတယ်။
♦ ကာကွယ်မှု
မိုးတွင်းမှာဖြစ်တတ်တဲ့ရောဂါများအန္တရာယ်မှ ကာကွယ်ဖို့အတွက် အောက်ဖော်ပါအချက်များကို လေ့လာထားသင့်ပါတယ်။
1. ခြေထောက်ကိုမှိုစွဲကပ်ခြင်းမရှိအောင် မှိုပိုး၀င်ရောက်ခိုအောင်းနေနိုင်တဲ့ ရှူးဖိနပ်တွေအစား သဲကြိုးနဲ့ဖိနပ်တွေကို ၀တ်ဆင်တာအကောင်းဆုံးပါ။ ဒါမှမဟုတ်လည်း ရှူးဖိနပ်နဲ့ ခြေအိတ်ကို စိုစွတ်မနေစေဘဲ ခြောက်သွေ့အောင်လုပ်ပါ။ အန့ံအသက်ကင်းပြီး သန့်ရှင်းခြောက်သွေ့တဲ့ဖိနပ်ကို၀တ်ဆင်မှသာ ခြေထောက်မှိုစွဲတာမျိုး မဖြစ်နိုင်မှာပါ။
2. အရေပြား၊ လက်သည်း၊ ခြေသည်းတွေမှာ မှိုမစွဲစေဖို့အတွက် စိုစွတ်တဲ့အ၀တ်အစားတွေကို အချိန်ကြာမြင့်စွာ ၀တ်မထားသင့်ပါ။
3. ဆီးချိုရောဂါရှိသူဟာ ပုံမှန်သူတွေထက် ရောဂါပိုးကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေ အနေနဲ့ စိုစွတ်နေတဲ့ ကြမ်းပြင်ပေါ်မှာ ပိုးပေါင်းများစွာရှိနေနိုင်တာကြောင့် ခြေဗလာနဲ့ မသွားလာသင့်ပါ။
4. အစားအစာမကိုင်ခင်၊အစာစားပြီးနောက်နဲ့ ရေအိမ်မှထွက်လာပြီးနောက်မှာ လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာ ဆေးပါ။
5. မိုးသည်းထန်စွာရွာနေချိန်မှာ ဆိုင်ကယ်စီးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့့်ပြီး မဖြစ်မနေ ဆိုင်ကယ်မောင်းရမယ်ဆိုပါကလည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်း၊ တစ်ကိုယ်လုံးလုံမည့် မိုးကာအကျႌရှည်၀တ်ဆင်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ဖို့လိုပါတယ်။
6. လမ်းမပေါ်မှာ တင်ကျန်နေတဲ့အဆီများနဲ့ မိုးရေထိတွေ့ကာ လမ်းများချောနေနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းရင်ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်စီးရင်ပဲဖြစ်ဖြစ် အလျင်စလို မောင်းနှင်ခြင်းမပြုသင့်ဘဲ ဖြေးဖြေးမှန်မှန်သာ မောင်းနှင်ပါ။
7. ရေကို ကျိုချက်သောက်ပါ။
8. ခြင်မပေါက်ဖွားနိုင်ရန် ရေအိုး၊ ရေစည်များကို ဖုံးအုပ်ထားခြင်း၊ ပန်းအိုး/ ရေအိုးများမှ ရေများကိုလဲလှယ်ပေးခြင်း၊ ရေမြောင်းများကို ရေစီးရေလာကောင်းအောင် တူးဖော်ခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်သင့်ပါတယ်။
9. ဟင်းသီးဟင်းရွက်များကို ဆားရည်နဲ့စိမ်ကာဆေးပြီးမှ ချက်ပြုတ်တာ၊ ကြော်စားတာ၊ ရေနွေးဖျောပြီးတို့စားတာတွေကို ပြုလုပ်သင့်ပါတယ်။ မည်သည့်အစားအစာကိုစားသည်ဖြစ်စေ လတ်ဆတ်သန့်ရှင်းမှုရှိတဲ့ အစားအစာမျိုးကိုသာ ရွေးချယ်စားသုံးပါ။
10. မိမိနေထိုင်ရာ ပတ်၀န်းကျင်အတွင်း ခြင်များခိုအောင်းနေမှုမရှိစေရန် ခြင်ဆေးဖျန်းပါ။ အရောင်ဖျော့ပြီး လုံခြုံသော အ၀တ်အစားများကို ၀တ်ဆင်ပါ။
CMS (www.drmyanmar.com)