/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မူးမေ့လဲခြင်း

မူးမေ့လဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          Desiree ဆိုတဲ့ မိန်းကလေးဟာ gym ရဲ့ ရေနွေးစိမ်ကန်ထဲ အချိန်တော်တော်ကြာအောင် စိမ်ပြီး ရေအေးကန် ပြန်ပြောင်းတဲ့အချိန်မှာ ရုတ်တရက်ကြီး မူးလာပြီး သတိမေ့သွားပါတော့တယ်။ သူ ပြန်သတိရလာတဲ့အချိန် ပထမဆုံး တွေ့ရတာကတော့ စိုးရိမ်တကြီး ငုံ့ကြည့်နေတဲ့ သူ့အမ မျက်နှာပါပဲ။ တစ်ခါမှ မဖြစ်စဖူး အဖြစ်ထူးတာမို့ သူ အရမ်းကို လန့်သွားခဲ့ပါတယ်။

          သူ့ကိုယ်သူတော့ နာရီပေါင်းများစွာ မေ့သွားတယ်လို့ ထင်ပေမယ့် သူ့အစ်မက တစ်မိနစ်တောင် မပြည့်ဘူးလို့ ဆိုပါတယ်။ အရင်က တစ်ခါမှ မဖြစ်ဖူးဘဲ အခုမှ ရုတ်တရက်ဖြစ်တာမို့ အရေးပေါ်ကိုတော့ မသွားဖြစ်လိုက်ပါဘူး။

          နောက်တစ်ရက်မှ ကျောင်းက သူနာပြုဆရာမကို မေးကြည့်တဲ့အခါ ရေနွေးစိမ်ကန်ထဲမှာ နေတာ အချိန်ကြာသွားလို့၊ ဒါမှမဟုတ် ရေနွေးက အရမ်းပူနေလို့ သွေးပေါင် ကျသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

 

>>    ဘာကြောင့် သတိမေ့ မူးလဲလေ့ရှိသလဲ?

          သတိမေ့လဲခြင်းဟာ ဆယ်ကျော်သက် အရွယ်တွေမှာ ပိုဖြစ်လေ့ရှိပြီး ကံကောင်းတာက အများစုမှာ ဘာမှထူးထူးခြားခြား ဖြစ်တာမျိုး မရှိတတ်ပါဘူး။   

          ဦးနှောက်အာရုံကြောစနစ်နဲ့ သွေးလှည့်ပတ်မှုစနစ်တွေမှာ အပြောင်းအလဲ တစ်ခုခုဖြစ်ပြီး ဦးနှောက်ကို သွားတဲ့သွေးပမာဏ လျော့နည်းသွားတဲ့အခါ သတိမေ့ မူးလဲတတ်ပါတယ်။ ဒီလို မူးလဲသွားတဲ့အခါ ဦးနှောက်နဲ့ နှလုံးဟာ တစ်ပြေးညီထဲ ဖြစ်သွားပြီး ဦးနှောက်ကို သွေးပြန်စီးလာတာကြောင့် တစ်မိနစ်၊ နှစ်မိနစ်လောက် ကြာတဲ့အခါ ပြန်သတိရလာတတ်ပါတယ်။

 

>>    မူးလဲစေတတ်တဲ့ အကြောင်းရင်းများ

1.      ကိုယ်ခန္ဓာမှ အပြောင်းအလဲများ

          အပူချိန် အလွန်များခြင်း၊ လူကြပ်ပြီး လေဝင်လေထွက် မကောင်းတဲ့နေရာတွေ စတဲ့ အချက်တွေဟာ ဆယ်ကျော်သက်တွေမှာ မူးလဲစေတတ်တဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်တာ၊ အပူလွန်ကဲတဲ့ ရာသီဥတုမှာ လေ့ကျင့်ခန်း ပြုလုပ်တာ၊ ရေကို လုံလောက်စွာ မသောက်တာ စတဲ့ အချက်တွေကြောင့် ခန္ဓာကိုယ် အရည်ဓာတ်တွေ ဆုံးရှုံးပြီး မူးလဲတတ်ကြပါတယ်။ ဒါတင်မက အလွန်အမင်း ဆာလောင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း တို့ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေ အကြာကြီး မတ်တပ်ရပ်နေရတာ၊ ထိုင်ရာက ရုတ်တရက် ထလိုက်တဲ့အခါမျိုးမှာ မိုက်ခနဲ မူးလဲတတ်ပါတယ်။

 

2.      စိတ်ဖိစီးမှုများ

          ကြောက်လန့်တာ၊ နာကျင်တာ၊ စိုးရိန်ပူပန်တာ စတဲ့ စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေပြီး သွေးပေါင် ကျစေတတ်ပါတယ်။ ဒါကြောင့် လူတွေဟာ ကြောက်လန့်စရာ တစ်စုံတစ်ရာ ကြုံရတဲ့အခါ မူးလဲတတ်တာ ဖြစ်ပါတယ်။

 

3.      အသက်ရှူမြန်ခြင်း

          အသက်ရှူမြန်နေတဲ့ လူတစ်ယောက်မှာ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထဲ ထွက်သွားတာကြောင့် သွေးထဲမှာ လျော့နည်းသွားပါတယ်။ စိတ်ဖိစီးမှု အရမ်းများသူတွေ၊ သွေးလန့်သူတွေနဲ့ စိတ်ပူပန်လှုပ်ရှားတတ်တဲ့ ရောဂါရှိသူတွေမှာ အသက်ရှူမြန်တတ်ပြီး သတိမေ့တတ်ပါတယ်။

 

4.      ဆေးသုံးခြင်း

          ကိုကိန်း စတဲ့ တရားမဝင် စိတ်ကြွဆေးတွေ သုံးတာ၊ ဆေးရှူတာတွေကလည်း မူးမေ့စေနိုင်ပါတယ်။

 

5.      သွေးတွင်း အချိုဓာတ်ကျခြင်း

          လူတစ်ယောက် လှုပ်ရှားလုပ်ကိုင်နေနိုင်ဖို့ ဦးနှောက်က သကြားဓာတ်ကို တောက်လျှောက် လိုအပ်ပါတယ်။ ဆီးချိုအတွက် အင်ဆူလင် ထိုးနေရသူတွေ၊ ဆေးသောက်နေရသူတွေဟာ ဆေးသောက်တာ၊ ထိုးတာ များသွားရင်သော်လည်းကောင်း၊ စားတာ သောက်တာ နည်းသွားရင်သော်လည်းကောင်း သတိမေ့တတ်ပါတယ်။ တစ်ခါတလေ ဆီးးချိုရောဂါ မရှိသူတွေမှာလည်း အစားမစားတဲ့အခါ သွေးတွင်း အချိုဓာတ်ကျပြီး သတိမေ့တတ်ပါသေးတယ်။

 

6.      သွေးအားနည်းခြင်း

          အောက်ဆီဂျင်သယ်ဆောင်တဲ့ သွေးနီဥတွေ သွေးထဲနည်းသွားတဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အောက်ဆီဂျင်အရောက်နည်းတဲ့အတွက် သတိမေ့မူးလဲစေနိုင်ပါတယ်။ ရာသီဓမ္မတာအလာများတဲ့ မိန်းကလေးတွေ၊ သံဓာတ်အားနည်းနေသူတွေမှာ ပိုပြီးအဖြစ်များတတ်ပါတယ်။

 

7.      ကိုယ်ဝန်ဆောင်

          ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ သွေးလည်ပတ်မှု အပါအဝင် ခန္ဓာကိုယ် အပြောင်းအလဲများစွာ ဖြစ်လာပြီး သွေးပေါင်ချိန်ကျ၊ မူးလဲစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ရေ လိုအပ်မှုပမာဏကလည်း များလာတဲ့အတွက် လုံလောက်စွာ မသောက်ခဲ့ရင်လည်း မူးလဲတတ်ပါတယ်။ ကိုယ်ဝန် တဖြည်းဖြည်း ရင့်လာချိန်မှာ သားအိမ်က ဦးနှောက်ကိုသွားတဲ့ သွေးကြောမကြီးတွေကို ဖိမိထားတာကြောက့်လည်း ရတတ်ပါသေးတယ်။

 

8.      အစားအသောက်ပြဿနာ

          စားရမှာ ကြောက်သူတွေ၊ မစားမသောက် ကိုယ်အလေးချိန် ချသူတွေမှာ အစာငတ်ခံခြင်း၊ အန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်းတို့ကြောင့် အရည်ဓာတ် ဆုံးရှုံးမှု၊ သွေးတွင်း အချိုဓာတ် ကျဆင်းမှု၊ သွေးပေါင် အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး သတိမေ့တတ်ပါတယ်။

 

9.      နှလုံးပြဿနာ

          နှလုံးခုန် ပုံမမှန်ခြင်းနဲ့ အခြားနှလုံးရောဂါတွေကြောင့် မူးလဲလေ့ရှိတာကြောင့် အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်၊ လှုပ်လှုပ်ရှားရှား ပြုလုပ်ချိန်တွေမှာ မကြာခဏ မူးလဲနေတတ်တယ်ဆိုရင် နှလုံးပြဿနာ တစ်ခုခု ရှိနေနိုင်ပါပြီ။

 

10.     အတက်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ စတဲ့ တချို့ရောဂါတွေဟာလည်း တစ်ခါတလေ မူးမေ့လဲတဲ့ပုံစံမျိုးနဲ့ လာတတ်ပေမယ့် တကယ်မူးမေ့တာ မဟုတ်တဲ့အတွက် ကုသနည်းကလည်း ကွဲပြားပါတယ်။

 

>>    ဘယ်လိုကာကွယ်ကြမလဲ?

          တချို့လူတွေမှာ သတိမေ့မလဲခင် ချက်ချင်း မူးဝေလာတတ်ပါတယ်။ အမြင်ပြောင်းတာ၊ ရင်တုန်လာတာ၊ ချွေးစေးတွေ ပြန်တာ၊ ပျို့ချင်တာမျိုးတွေလည်း သတိထားမိတတ်ကြပါသေးတယ်။ တချို့တချို့မှာ ထိုးအန်တာမျိုးတွေတောင် ဖြစ်တတ်ပါသေးတယ်။

          ဒီလိုလက္ခဏာတွေပြပြီး သတိမေ့တော့မယ်လို့ ထင်ရင် ဒီအချက်တွေကို ကြိုတင်လုပ်ဆောင်သင့်ပါတယ်။

 

●        ဖြစ်နိုင်ရင် လှဲအိပ်လိုက်ပါ။

          လှဲအိပ်လိုက်ခြင်းအားဖြင့် ဦးနှောက်ကို သွေး အရောက်များပြီး သတိမမေ့အောင် တားဆီးနိုင်ပါတယ်။ သက်သာလာတော့မှ မိနစ်အတန်ကြာ ထထိုင်ပြီး ဖြည်းဖြည်းချင်း ပြန်မတ်တပ်ရပ်သင့်ပါတယ်။

 

●        ဒူးကြား ခေါင်းစိုက်ပြီး ထိုင်လိုက်ပါ။

          ဒီလိုထိုင်ခြင်းကလည်း ဦးနှောက်ကို သွေးအရောက် များစေနိုင်ပါတယ်။ သက်သာလာတော့မှ ဖြည်းဖြည်းချင်း ထိုင်ရာကနေ မတ်တပ်ရပ်ပေးပါ။

 

●        ရေဓာတ် မခန်းခြောက်ပါစေနဲ့။

          ရေများများ သောက်ပါ။ အထူးသဖြင့် ချွေးထွက်ပြီး ပူအိုက်နေတဲ့ ရာသီဥတုမှာ ပိုသောက်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းတွေ၊ အားကစားတွေ မလုပ်ခင်၊ လုပ်ဆဲနဲ့ လုပ်ပြီးချိန်တွေမှာလည်း ရေများများ သောက်ပါ။

 

●        သွေး လည်ပတ်နေပါစေ။

          အကြာကြီး ထိုင်ရ၊ မတ်တပ်ရပ်ရတဲ့ အခါမျိုးမှာ ခြေထောက်မှာ သွေးပုံနေတတ်တဲ့အတွက် ခြေသလုံးကြွက်သားတွေကို ညှစ်ကစားပေးတာ၊ ခြေချိတ်ထိုင်တာမျိုး လုပ်ထားသင့်ပါတယ်။ ဒါမှသာ ဦးနှောက်နဲ့ နှလုံးကို သွေးလျှောက်မှာ ဖြစ်ပါတယ်။ အပူချိန် လွန်ကဲပြီး လူကြပ်ပိတ်သိပ်နေတဲ့ နေရာမျိုးတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

 

>>    ဘာလုပ်သင့်သလဲ?

          အရင်ကတစ်ခါမှ မဖြစ်ဖူးဘဲ အခုတစ်ကြိမ်ပဲ ခဏလေးဖြစ်ပြီး ဘာကြောင့်ဖြစ်တယ် ဆိုတာကိုလည်း သိတယ်ဆိုရင် ဘာမှစိုးရိမ်မနေပါနဲ့။ ဒါပေမဲ့ ရောဂါတစ်မျိုးမျိုး ရှိတယ်၊ ဆေးသောက်နေရတယ် ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။ မူးလဲသွားတုန်းမှာ ခေါင်းခိုက်မိတာလိုမျိုး တစ်ခုခု ထိခိုက်မိတာရှိခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသပါ။

          ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ မောတာ၊ တက်တာတွေအပြင် လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းတွေ လုပ်တုန်းဖြစ်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ အထူးသဖြင့် တစ်ကြိမ်တစ်ခါမကပဲ မကြာခဏ ဖြစ်နေပြီ ဆိုရင်တော့ နှလုံးရောဂါလိုမျိုး ရှိနေနိုင်ပါတယ်။

 

>>    ဆရာဝန်က ဘာလုပ်ပေးနိုင်သလဲ?

          ဆယ်ကျော်သက်အများစုမှာ ရောဂါ မယ်မယ်ရရမရှိဘဲ သတိမေ့ မူးလဲတတ်ကြပါတယ်။ ဒါကြောင့် ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး မေးခွန်းလေးတွေ မေးတာကလွဲလို့ ထူးထူးခြားခြား စစ်ဆေးစရာ မရှိတတ်ပါဘူး။

          အကယ်၍ စိုးရိမ်စရာ ကောင်းခဲ့ရင် စမ်းသပ်မေးမြန်းတဲ့အပြင် လိုအပ်တဲ့ စစ်ဆေးမှုတွေပါ လုပ်ရပါတော့မယ်။ နှလုံး စစ်ဆေးခြင်း၊ သွေးဖောက်စစ်ခြင်းနဲ့ သံဓာတ်အား စစ်ဆေးခြင်း စတဲ့ ဖြစ်နိုင်တဲ့ ရောဂါအပေါ်လိုက်ပြီး စစ်ဆေးမှုမျိုးစုံ ပြုလုပ်ရပါတယ်။

          အကယ်၍ စစ်ဆေးကြည့်ရာမှ တရားခံရောဂါကို ရှာတွေ့ခဲ့ရင် ဒီရောဂါကို ကုသဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)