/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မူးမေ့လဲခြင်း-0

မူးမေ့လဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဦးနှောက်ကို သွေးသွားတာ မလုံလောက်တဲ့အခါ မူးမေ့လဲတတ်ပါတယ်။

          သွေးပေါင်ချိန်ကျတဲ့အခါ၊ နှလုံးက သွေးကောင်းကောင်း မညစ်ထုတ်နိုင်တဲ့အခါ အဖြစ်များပါတယ်။ စိုးရိမ်စရာမရှိတာမျိုးလည်းရှိသလို အောက်ခံရောဂါအကြောင်းရင်း တစ်ခုခုရှိနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

>>    မူးမေ့လဲရတဲ့ အကြောင်းရင်းတွေကတော့ -

        အကြောင်းရင်းတွေ အများကြီးပါ။ စိုးရိမ်စရာမရှိတဲ့ အကြောင်းရင်းတွေကတော့ အပူလွန်ကဲလု့ိ၊ ရေဓာတ်ခမ်းခြောက်လို့၊ ချွေးထွက်များလို့၊ ပင်ပန်းနွမ်းနယ်နေလို့နဲ့ ရုတ်တရက် ထိုင်ရာက ထလိုက်ချိန်မှာ ခြေထောက်မှာ သွေးစုနေလို့ စသဖြင့် အကြောင်းရင်းတွေ အများကြီးရှိတယ်။ ဘာကြောင့် မူးမေ့လဲရတယ်ဆိုတာ ရှာဖို့အရေးကြီးပါတယ်။ နှလုံးခုန်နှေးတာ၊ နှလုံးခုန်မြန်တာ၊ သွေးထွက်ပေါက် ပိတ်တာမျိုးတွေကတော့ စိုးရိမ်ရတယ်။

 

>>    အာရုံကြောကြောင့် မူးမေ့လဲတယ်ဆိုတာ ...

          အဖြစ်အများဆုံး အကြောင်းရင်းပါပဲ။ အရမ်းကြီးစိုးရိမ်စရာမလိုလို့ ဆေးကုသစရာလည်း သိပ်မလိုပါဘူး။

          ဘယ်အရွယ်မှာမဆို ဖြစ်တတ်ပေမယ့် ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များတယ်။ စိတ်ဖိစီးတာ၊ နာတာ၊ ကျင်တာတွေကြောင့် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောကို ထိခိုက်မိတဲ့အခါ ဖြစ်တတ်တယ်။

          မတ်တပ်ရပ်နေချိန်မှာ ဖြစ်တတ်ပြီး ဖိန်းတိန်းရှိန်းတိန်း၊ ပျို့ချင်အန်ချင်သလို ဖြစ်လာပြီး မျက်လုံးတွေ ပြာသွားတတ်တယ်။ ဒီလိုဖြစ်လာရင် ရေပြင်ညီမှာ လှဲထားပေးလိုက်ပါ။ သွေးစီးတာ ပြန်ကောင်းလာပြီး သတိပြန်ရလာပါလိမ့်မယ်။

          ဒီလိုအာရုံကြောကြောင့် မူးမေ့လဲတယ်ဆိုရာမှာ ချောင်းအရမ်းဆိုးပြီး ဒါမှမဟုတ် ရယ်မောပြီး မူးမေ့လဲတာမျိုးလည်း ပါတယ်။

          တချို့မူးမေ့စေတဲ့ အကြောင်းရင်းတွေကတော့ စိုးရိမ်ရတယ်နော်။ အထူးသဖြင့် -

●        လေ့ကျင့်ခန်းလုပ်တုန်း မူးမေ့လဲတာ

●        ရင်တုန်၊ နှလုံးခုန် မမှန်တာ

●        မိသားစုထဲမှာလည်း ဒီလိုရောဂါရာဇဝင်ရှိတာ မျိုးပေါ့။

 

>>    နှလုံးကြောင့် မူးမေ့လဲတယ် ဆိုတာကတေ့ာ -

          နှလုံးရောဂါ အမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ နှလုံးအခုန်နှေးတာ၊ နှလုံးခုန်မြန်တာ၊ သွေးပေါင်ကျတာတွေကြောင့် ဖြစ်နိုင်တယ်။ ရုတ်တရက် နှလုံးခုန်ရပ် သေဆုံးတာတွေထိတောင် ဖြစ်နိုင်တယ်နော်။

          နှလုံးညှစ်အားနည်းရောဂါနဲ့ နှလုံးတစ်ဖတ်ဖတ်ခုန်နေတဲ့ ရောဂါတွေမှာလည်း မကြာခဏ မူးမေ့လဲပြီးလာနိုင်တယ်။ အဓိက အသက်ကြီးသူတွေမှာ တွေ့ရတယ်။

 

>>    ဘာကြောင့် ဒီလိုမူးမေ့လဲရတာလဲ?

          မူးမေ့လဲတယ်ဆိုတာ ဖြစ်နေကျပြဿနာတစ်ခုပါပဲ။ ဒါပေမဲ့ အသက် ၈၀ ကျော်သူ ဘိုးဘိုးဘွားဘွားတွေအတွက်တော့ ဆေးရုံတက်ရတာ၊ အသက်ဆုံးရှုံးလောက်တဲ့အထိ ဖြစ်စေတတ်ပါတယ်။

          နှလုံးရောဂါမရှိဘဲ မတ်တပ် အကြာကြီးရပ်ရလို့၊ စိတ်ဖိစီးမှုတွေ၊ အခြေအနေ အရပ်ရပ်ေကြောင့် မူးမေ့လဲတဲ့ ငယ်ရွယ်သူတွေအဖို့တော့ စိတ်ပူစရာမလိုဘူးနော်။

 

>>    နှလုံးကြောင့် မူးမေ့လဲတာဟာ -

●        အသက် ၆၀ ကျော်သူတွေ

●        နှလုံးရောဂါရှိသူတွေ

●        နှလုံးခုန် မမှန်တာ၊ သတိ ရုတ်တရက် မေ့သွားတာ

●        လှုပ်ရှားလိုက်ချိန်မှာ သတိမေ့သွားတာ

●        လှဲနေရင်းနဲ့ သတိမေ့တာ

●        နှလုံးစမ်းသပ်မှုပုံ မမှန်တာ

●        မိသားစု နှလုံးရောဂါရာဇဝင်ရှိသူတွေမှာ ပိုပြီးဖြစ်တတ်တယ်။

 

>>    ဒီလိုမူးမေ့လဲတော့မယ်ဆိုရင် -

          မူးမေ့မလဲခင် ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ မူးလာတာ၊ ပျိူ့အန်ချင်လာတာ၊ ချွေးစေးတွေ ပြန်လာတာမျိုး ဖြစ်လာရင် ချက်ချင်းထိုင်ချ၊ လှဲချလိုက်ပါ။ ဒီလိုမူးမေ့လဲသွားပြီဆိုရင် သေချာစမ်းသပ် စစ်ဆေးမှုတွေလုပ်ဖို့လိုတယ်။

          အီးစီဂျီဆွဲတာဟာ ဈေးလည်း မကြီးသလို အလွယ်တကူလည်းရတဲ့ စစ်ဆေးမှုတစ်ခုပါ။ နှလုံးခုန်ပုံတွေကို သေချာသိနိုင်တယ်။ နှလုံးရောဂါတွေကို ထပ်ရှာနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပြီး အီးစီဂျီဆွဲတာ၊ ၂၄ နာရီ အီးစီဂျီတပ်တာ၊ နှလုံး echo ရိုက်တာတွေ လုပ်လို့ရတယ်။

          ကလေးတွေနဲ့ လူငယ်တွေမှာလည်း မွေးရာပါနှလုံးရောဂါ၊ နှလုံးကြွက်သားရောဂါတွေနဲ့ နှလဲုးခုန် ပုံမမှန်တာတွေ ရှိ၊ မရှိ ရှာဖို့ အီးစီဂျီဆွဲသင့်တယ်။

          တကယ်လို့ ဘာမှန်းသေချာမသိသေးရင် ခုတင်စောင်းစစ်ဆေးမှုကို လုပ်ဖို့လိုတယ်။ ခုတင်ကိုစောင်းထားပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကိုတိုင်းတဲ့ စစ်ဆေးမှုပါ။ အာရုံကြောကြောင့် မူးမေ့လဲသူတွေဆိုရင် ဒီစစ်ဆေးမှုလုပ်တာနဲ့ သွေးပေါင်တွေ ကျသွားပြီး မူးလာလိမ့်မယ်။ မူးလာခဲ့ရင် ချက်ချင်းရေပြင်ညီ ပြန်ထားပေးလိုက်ပါ။

          ဒီလိုလူတွေမှာတော့ ရိုးရိုးပြင်ပလူနာအနေနဲ့ပဲ ကုဖို့လိုတယ်။

          ရေဓာတ်ခမ်းခြောက်နေသူတွေမှာ ဓာတ်ဆားရည်ပြန်ဖြည့်ဖို့ လိုတယ်။ ပြီးတော့ ဆီးဆေးတွေ သွေးပေါင်ကျဆေတွေကိုလည်း ပြန်စစ်ဆေးကြည့်ရမယ်။

          ကလေးတွေမှာတော့ ဓာတ်ဆားပြန်ဖြည့်တာအပြင် တခြားလေ့ကျင့်ခန်း လုပ်ပေးတာမျိုးက သက်သာစေတယ်။

          တချို့တွေကျတော့ ဆေးသောက်ဖို့ လိုနိုင်တယ်။

          ဒီလိုမူးမေ့လဲတတ်သူတွေ ကားမောင်းမယ်ဆိုရင် အာရုံကြောကြောင့် မူးတတ်သူတွေမှာ တစ်နှစ်လုံး ဘာမှမဖြစ်ဘူးဆိုမှ မောင်းသင့်ပါတယ်။

          အားကစားသမားတွေမှာလည်း ပြိုင်ပွဲတွေမစခင်မှာ ကျနး်မာရေးကို သေချာစစ်ဆေးဖို့ လိုတယ်။ ဒိလိုမူးမေ့လဲတတ်သူတွေဆိုရင် သေချာစောင့်ကြည့်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)