/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မူးလဲခြင်း

မူးလဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကားဂိတ်မှာစောင့်ရင်း မူးလဲသွားတာ၊ လမ်းသွားရင်း မူးမေ့လဲနေတာတွေကို မြင်ဖူးတွေ့ဖူးကြပါလိမ့်မယ်။ မူးမေ့သတိလစ်ခြင်းဟာ ချက်ချင်းကုသမှုခံယူသင့်သော အခြေအနေတစ်ခုဖြစ်ပြီး သာမန်အဆင့်ကနေ ပြင်းထန်အဆင့်ထိ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

>>  ရောဂါလက္ခဏာများ
●  အမြင်ဝေဝါးလာခြင်း
●  ခြေထောက်များလေးလာခြင်း
●  စိတ်ရှုပ်ထွေးခြင်း
●  မြင်ကွင်းအမှောင်ကျခြင်း
●  အကြောင်းရင်းမရှိဘဲ လဲကျခြင်း
●  ခေါင်းထဲတွင်ဟာနေခြင်း
●  အိပ်ငိုက်ခြင်း
●  မူးဝေခြင်း
●  ခေါင်းကိုက်ခြင်း
●  ချမ်းခြင်း သို့မဟုတ် ပူခြင်း
●  ပျို့ခြင်း
●  ချွေးထွက်ခြင်း
●  ဖြူဖျော့ခြင်း
●  သွေးခုန်နှုန်းစမ်းမရခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။

>>  မူးလဲခြင်းကို ဖြစ်စေသောအကြောင်းရင်းများ
●  ရုတ်တရက် သွေးပေါင်ကျပြီး ဦးနှောက်ဆီသို့ သွေးထောက်ပံ့မှု မလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
●  ကလေးငယ်များနှင့် လူငယ်များတွင် ပိုမိုအဖြစ်များပါတယ်။
●  သတိလစ်အောင် လှုံ့ဆော်သောအချက်တွေကတော့  ပူခြင်း၊ ရုတ်တရက်နာခြင်း၊ ထိတ်လန့်ဖွယ်မြင်ကွင်း၊ နှာချေခြင်း၊ ရယ်ခြင်း၊ ရုတ်တရက် မတ်တတ်ရပ်ခြင်း၊ စိတ်ပူခြင်း၊ ဗိုက်ဆာခြင်း၊ အရက်နှင့်ဆေးများသုံးခြင်း၊ ပြင်းထန်သောစိတ်ဖိစီးခြင်း စသည်တို့ ဖြစ်ပါတယ်။
●  ဆီးချိုရောဂါ၊ ရေဓာတ်နည်းခြင်း၊ သွေးကျဆေးများ သောက်ခြင်းနှင့် အာရုံကြောပြဿနာများကြောင့်လည်း မတ်တတ်ရပ်လိုက်ချိန် မိုက်ခနဲဖြစ်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

>>  သတိလစ်ချင်သလို ဖြစ်လာစဉ် ပြုလုပ်သင့်သည့်အချက်များ
●  ရုတ်တရက် ခေါင်းဟာတာတာဖြစ်ခြင်းနှင့် ချာချာလည်နေခြင်းတို့ ဖြစ်ပေါ်ပါက သတိလစ်နိုင်တဲ့အတွက် ထိုင်ချခြင်း (သို့) လဲလျောင်းခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
●  ထိုင်ချလိုက်စဉ်မှာ ခေါင်းကို ဒူးနှစ်ဖက်ကြားထဲ ထည့်ထားခြင်းဖြင့် သွေးကို ဦးနှောက်ဆီ လွယ်ကူစွာ ရောက်ရှိစေလို့ သတိမလစ်အောင် ကူညီပေးပါလိမ့်မယ်။
●  အနီးရှိ တစ်စုံတစ်ယောက် မေ့လဲပါက အနီးအနားရှိ အရာဝတ္ထုများနှင့် မထိခိုက်စေဖို့ ချက်ချင်းကူညီပေးပါ။ ပြီးနောက် အရေးပေါ်ကားကို ဖုန်းဆက်ခေါ်ပါ။ မြင်သာသောထိခိုက်မှုမရှိပါက ဦးနှောက်ဆီသို့ သွေး ပိုမိုရောက်စေဖို့ ခြေထောက်နှစ်ဖက်ကို နှလုံးအထက်သို့ရောက်အောင် မြှင့်ထားပေးပါ။
●  တင်းကြပ်သောအဝတ်များ၊ ခါးပတ်များကို ဖြေလျော့ပါ။ လူနာကို ၁၅ မိနစ်ခန့် ထိုင်စေခြင်း (သို့) လဲလျောင်းစေခြင်း ပြုလုပ်ပါ။
●  ထို့နောက် အသက် ရှူ၊ မရှူ စမ်းသပ်ပြီး အသက်မရှူပါက ပါးစပ်ဖြင့် လေမှုတ်သွင်းခြင်းနည်းစဉ်ကို ပြုလုပ်ပေးပါ။ လူနာ အသက်ရှူလာသည်အထိ ဆက်တိုက်ပြုလုပ်ပါ။
●  အချို့သောလူနာတွေအနေနှင့် တက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စိတ်နှင့်ကိုယ်မကပ်ခြင်း၊ ခြေထောက်အကြောသေခြင်းတို့ ရှိနေပါက ချက်ချင်း ဆေးရုံသို့ ခေါ်ဆောင်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)