မူးဝေခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော ဆိုးကျိုးများ
လူသားတိုင်းလိုလိုဟာ မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ ချာချာလည်အောင်မူးခြင်း စသည်တို့ကို ခံစားဖူးကြပါတယ်။ သင့်ကို မူးဝေစေသော အကြောင်းရင်းများစွာ ရှိပါတယ်။ ဆေးဝါးများကြောင့်မူးခြင်း၊ ရေဓာတ်နည်းခြင်းကြောင့်မူးခြင်း စသော ဆိုးကျိုးမရှိသည့်အကြောင်းများရှိသလို တစ်ခါတလေမှာလည်း မူးဝေခြင်းဟာ ကြီးမားသောရောဂါများရဲ့ အချက်ပြလက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုအချိန်မျိုးမှာ အန္တရာယ်ဖြစ်နိုင်လည်းဆိုတာ သိနိုင်ဖို့ ဆက်လက်ဖတ်ရှုပေးပါဦး။
(၁) မကြာခဏမူးဝေခြင်း သို့မဟုတ် ချာချာလည်အောင် မူးဝေခြင်း
လှုပ်ရှားလိုက်သည်နှင့် မူးနေသောရောဂါကို vertigo လို့ခေါ်ပြီး သင့်နားနှင့်ဦးနှောက်ကြား ဆက်သွယ်မှု ပြတ်လပ်ခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပြီး ချာချာလည်အောင်မူးသော ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
ငယ်ရွယ်သူများအနေဖြင့် သူ့အလိုလို ပြန်ကောင်းနိုင်ပေမယ့် အသက်ကြီးသူများအနေဖြင့် နားပြဿနာများနှင့် အာရုံကြောပြဿနာများကိုပါ ခံစားစေမှာမို့ မပေါ့ဆသင့်ပါဘူး။
(၂) မူးဝေခြင်းနှင့်အတူ အခြားသော လက္ခဏာများပါ တွဲဖက်ဖြစ်ပေါ်ခြင်း
အထက်မှာ ဖော်ပြခဲ့သော vertigo ဟာ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးနိမိတ််တစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။ ထိုသို့ချာချာလည်ခြင်းနှင့်အတူ ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ စကားဗလုံးဗထွေးပြောခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်းနှင့် အမြင်ဝါးခြင်းတို့ပါ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အချိန်မီပြသသင့်ပါတယ်။
(၃) မတ်တပ်ရပ်သောအခါတိုင်း မူးဝေခြင်း
ရုတ်တရက် မတ်တပ်ရပ်သောအခါ သွေးပေါင်ကျခြင်း (orthostatic hypotension) ကြောင့် မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ ခံစားရပါတယ်။ ရေဓာတ်နည်းခြင်းကြောင့် အဓိကဖြစ်ပေါ်ပြီး နွေရာသီလို အချိန်မျိုးမှာ ပိုဖြစ်တတ်ပါတယ်။
ပိုမိုဆိုးဝါးသော အကြောင်းရင်းများအနေဖြင့် နှလုံးအားနည်းခြင်း၊ သွေးတွင်းအချိုဓာတ်ကျခြင်းနှင့် ဆီးချိုကြောင့် ထုံကျဉ်ခြင်းတို့ကြောင့် ဖြစ်ပေါ်စေပါတယ်။
(၄) ယခင်က ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်း
သင့်ခေါင်းတစ်ခုလုံး ချာချာလည်အောင် မူးနေသည်ဟု ခံစားရခြင်းဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခေါ် မိုင်ဂရိမ်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၅) မကြာသေးမီက ခေါင်းကို ထိခိုက်ဒဏ်ရာရထားခြင်း
ခေါင်းကို ထိခိုက်မိပြီးနောက်ပိုင်း မကြာခဏ မူးဝေခြင်းကို ခံစားနေရပါက မပေါ့ဆဘဲ ဆရာဝန်နှင့်ပြသပြီး စစ်ဆေးချက်ခံယူသင့်ပါတယ်။
(၆) ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် မူးဝေခြင်း
Gym တွင် ပြေးနေစဉ် မူးဝေခြင်းဟာ ရေဓာတ်နည်းပါးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန် နေ့စဉ်လှုပ်ရှားမှုများ ပြုလုပ်စဉ်တွင် မူးဝေနေပါက ရေ အလုံအလောက်သောက်ခြင်း၊ ဓာတ်ဆားရည်သောက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ထိုသို့မဟုတ်ပဲ ပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်ပါက အားနည်းပြီး မူးလဲခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
သင်ဟာ မကြာခဏ မူးဝေတတ်သူ ဖြစ်ပါသလား? ဒါဆိုရင်တော့ အချိန်အနည်းငယ်ပေးပြီး ဆရာဝန်ပြဖို့ ဝန်မလေးပါနှင့်။ မူးဝေခြင်းဟာ သူ့အလိုလို ပြန်ကောင်းနိုင်ပေမယ့် ကြီးမားသောရောဂါများရဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























