မေတ္တာတရား -၃
"ဆရာမ လက်အိတ်ဝတ်နော်" ဆေးထိုးဖို့ပြင်နေသော Dr.K လူနာ၏ စကားကြောင့် မော့ကြည့်လိုက်မိသည်။
"ကျွန်တော့်မှာ HIV ပိုးရှိတယ်ဆရာမရဲ့ ART ဆေးသောက်နေတာ။ အဲ့တာကြောင့် လက်အိတ်ဝတ်ခိုင်းတာပါ "
လူနာ၏ စကားကြောင့် သူမ သနားမိသလို ကျေးဇူးလဲ တင်မိသည်။ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့် စတစ်ကော်လာဝတ်ထားသော သူက ရောဂါသည် နှင့် ဘယ်လိုမှမတူ။ သူ မပြောလျှင်သိနိုင်စရာပင် မရှိပေ။
Dr.K ကလဲ အကျင့် မကောင်း လူနာကို စမ်းသပ်ကိုင်တွယ်လျှင် ရောဂါကူးနိုင်၍ အမြဲတမ်း လက်အိတ်ဝတ်စမ်းသပ်ရန် ဆရာတွေက အမြဲသင်သော်လည်း မိမိကိုယ်ကို ယုံကြည်တာရော လက်အိတ်ဝတ်ရင် စိတ်ရှုပ်တာရောကြောင့် အမြဲမဝတ်ဖြစ်။ သွေးပေနိုင်သည့် အချိန်မှသာ ဝတ်တတ်သည်။ ခုလဲ လူနာကိုယ်တိုင်တောင်းဆိုမှုကြောင့် သူမ လက်အိတ်ဝတ်လိုက်သည်။
" ရောဂါဖြစ်တာ ကြာပြီလား " သပ်ရပ်ခန့်ညားနေသော သူ့ပုံစံကြောင့် မေးမိလိုက်သည်။
"ရောဂါရှိမှန်းသိတာ ၅ နှစ် ART သောက်နေတာ ၃ နှစ်ရှိပြီ ဆရာမ"
" ဟင် ! " ရုတ်တရက် Dr.K တစုံတခုကို သတိရပြီး လှည့်ကြည့်လိုက်မိသည်။
သူနှင့်အတူ ပါလာသည့် ခပ်ချောချော အမျိုးသမီးက Dr.K ၏ အကြည့်ကို နားလည်သလို ပြုံးလိုက်သည်။
"ကျွန်မက သူ့ချစ်သူပါ ဆရာမ ... ကျွန်မတို့နှစ်ယောက် လက်ထပ်ဖို့ စီစဉ်ရင်း သွေးစစ်ကြည့်မှ ဒီရောဂါရှိမှန်း သိရတာ ကျွန်မတို့ စကြိုက်ခါစက သူ ဆိုင်ကယ်မှောက်ပြီး သွေးသုံးလုံးလောက် သွင်းလိုက်ရတယ်။ ကျွန်မသူ့ကို ယုံတယ် သူက ကျွန်မကို သစ္စာဖောက်မယ့်သူ မဟုတ်ဘူး " ပြုံးလျှက်ပြောနေသော အမျိုးသမီးရဲ့ မျက်ဝန်းတွေက တဖျပ်ဖျပ်တောက်ပလို့ ...
ကိုယ့်အပေါ် ပုံအပ်ယုံကြည်တဲ့ ချစ်သူ တစ်ယောက်ရှိတာ ဒီလူ ဘယ်လောက်ကံကောင်းသလဲကွယ် ...
"ရောဂါရှိမှန်းသိလဲ ကျွန်မ သူ့ကို လက်ထပ်မယ်ပြောပါတယ် ဆရာမရယ် ကျွန်မ သူ့နားမှာ နေခွင့်ရရုံနဲ့ ကျေနပ်ပါတယ် သူက လက်မခံဘူးလေ " အမျိုးသမီးရဲ့ အပြုံး အနည်းငယ် ဖျော့တော့သွားသည်။
" ဆရာမရယ် ကျွန်တော့်ချစ်သူ ဘဝကို ကျွန်တော် ဘယ်နှစ် ရက်ပါ့မလဲ။ ဒါပေမယ့် သူ့ကြောင့်ပဲ ကျွန်တော် ဘဝကို အရှုံးမပေးခဲ့တာ။ စသိခါစက စိတ်ညစ်လွန်းလို့ ဘဝကို အရှုံးပေးဖို့ စဉ်းစားခဲ့တာ။ သူ့အတွက် ကျွန်တော် အသက်ဆက်ရှင်ဖို့ အားမွေးခဲ့တာ ... ဆရာတွေကလဲ ရှင်းပြတယ်လေ အနေအထိုင် ဂရုစိုက်မယ် ART ဆေးကို မှန်မှန်သောက်မယ်ဆိုရင် ပိုးအရေအတွက်ကို ထိန်းထားနိုင်တယ်တဲ့။ ကျွန်တော်နဲ့ အတူ ဆေးထုတ်နေတဲ့ အကိုကြီးဆို ဆေးသောက်နေတာ ၁၀ နှစ်လောက်ရှိတော့မယ် ... လူကောင်းအတိုင်းပဲ ဒါကြောင့် ကျွန်တော် ဆေးမှန်မှန်သောက်တယ် အရက်ဆေးလိပ်ရှောင်တယ် ကျွန်တော်ချစ်တဲ့ သူတွေနဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေချင်သေးတယ်လေ ... " ပြုံးပြီးပြောရင်း လူနာက သူ့ချစ်သူလက်ကို ဆုတ်ကိုင်လိုက်သည်။ ဘယ်တော့မှ မလွှတ်တော့မယ့် အတိုင်း ခိုင်ခိုင်မြဲမြဲ ...
ဆေးခန်းကနေ လက်တွဲပြီး ပြန်သွားတဲ့ ချစ်သူနှစ်ယောက်ကို ငေးကြည့်ရင်း Dr.K ရင်ထဲမှာ ကြည်နူးမဆုံးတော့ပင် ...
မှတ်ချက်။ ။
HIV ပိုးဟာ သွေးမှ တဆင့် ကူးစက်နိုင်ပြီး ရောဂါရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ရောဂါရှိသော သွေးသွင်း မိခြင်း ရောဂါရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်း ရောဂါရှိသူနှင့် ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း တို့ကြောင့် ကူးစက်နိုင်ပါတယ်။
သွေးသွင်းခြင်းမှ တဆင့်ကူးစက်နိုင်တဲ့အတွက် သွေးမသွင်းခင် သေချာစစ်ဆေးဖို့လိုပါတယ်။ သေချာ စစ်ဆေးသော်လည်း ကြားကာလ ဖြစ်နေပါက ရောဂါရှိသော်လည်း မတွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးလှူရှင်တွေကို form ဖြည့်ခိုင်းပြီး ၆ လ အတွင်း သံသယဖြစ်ဖွယ် အပြုအမူလုပ်ထား ပါက သွေးမလှူသင့်ကြောင်း ဖော်ပြထားပါတယ် ။
Khin Cho






























