မေတ္တာရောင်ပြန်ဟပ်ဖို့ အသည်းလေးကို ကြင်နာပါ
အသည်းဆိုတာက လူ့ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီးတော့ ကျန်းမာဖို့အတွက် အရေးကြီးတဲ့အလုပ်ပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်နေရတာပါ။ ဒီတော့ သူက ခန္ဓာကိုယ်အတွက် အရမ်းအလုပ်လုပ်ရတာပေါ့။ သူ့အလုပ်ကလည်း တော်တော်များသား - ဇီဝကမ္မဖြစ်စဉ်မှာလည်း အရေးပါ၊ ကိုယ်ခံအားစနစ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ သိုလှောင်ရေး စတာတွေမှာ ကူညီသေးသလို သွေးခဲဖို့အတွက် အရေးကြီးတဲ့ ပရိုတင်းဓာတ်တွေကိုလည်း ထုတ်ပေးသေးတာနော်။ ကိုယ့်အတွက် ဒီလောက် အလုပ်လုပ်ပေးနေတဲ့ အသည်းလေးကို ကိုယ့်ဘက်ကကော ဂရုစိုက်ကြရဲ့လား။
လေ့လာမှုတွေအရတော့ ယခုနောက်ပိုင်းမှာ အသည်းကင်ဆာ၊ အသည်းရောဂါ ဖြစ်တာတွေက တဖြည်းဖြည်းနဲ့ မြင့်တက်လာနေတာကို တွေ့ရပြီးတော့ ဒါတွေကလည်း ကိုယ့်ရဲ့အသည်းကို ဂရုမစိုက်ကြလို့ဆိုတဲ့ သက်သေတွေကို တွေ့ရပါတယ်။
>> အသည်း ကျန်းမာဖို့ ဘယ်လိုဂရုစိုက်ရမလဲ?
လူတိုင်းသိတဲ့ အဖြေကတော့ အရက်မသောက်ဖို့ (သို့) အရက်ကို အတန်အသင့်သာသောက်ဖို့ပါ။ အသည်းက အရက်ကို ပမာဏနည်းနည်းတုနး်ကတော့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ပေမယ့်လည်း များလာရင်၊ အကြာကြီး သောက်တယ်ဆိုရင် အသည်းရောင်ခြင်း၊ အသည်းမှာ အမာရွတ်ထင်ခြင်း၊ အသည်းမှာ အဆီတွေ စုလာတာတွေကို ဖြစ်လာစေပါတယ်။ ဒါကြောင့် အရက်ဖြတ်တာကတော့ အသည်းအတွက် အကောင်းဆုံး ဂရုစိုက်နည်းပါ။ အထူးသဖြင့်တော့ အဝလွန်နေတဲ့သူတွေမှာ အရေးကြီးပါတယ်။
အရက်မသောက်ရင်တောင်မှ ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို စစ်ဆေးတာ၊ အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေကို စားတာမျိုးကို လုပ်ပေးရပါမယ်။ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါက အဝလွန်တဲ့သူတွေ၊ အမျိုးအစား ၂ ဆီးချိုရောဂါသမားတွေနဲ့ သွေးတွင်းကိုလက်စရောဓာတ် များတဲ့သူတွေမှာ အဖြစ်အများဆုံးသောရောဂါတစ်ခုပါ။ အသည်းအတွက် ကောင်းတဲ့စားသောက်မှုပုံစံကတော့ အသီးအရွက်များများ၊ အဆီမပါတဲ့အသား၊ ပြုပြင်ထားခြင်းမရှိတဲ့ ကောက်ပဲသီးနှံတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို စားသုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် အရမ်းဖြူအောင် ချွတ်ထားတဲ့သကြားတွေ၊ အသင့်ထုတ်ပိုးပြီး အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေနဲ့ အကြော်စာတွေ လုံးဝမစားပါနဲ့။
ပြီးတော့ အသည်းကို ထိခိုက်စေတဲ့ ဆေးတွေလည်း ရှိပါသေးတယ်။ Acetaminophen ဆိုတဲ့ ဆေးကို အများကြီးသောက်ရင် (သို့) အရက်နဲ့ တွဲသောက်ရင် အသည်းကိုအန္တရာယ် ဖြစ်စေပါတယ်။ ဆေးကြောင့် အသည်းကို ထိခိုက်စေတဲ့အဓိကအကြောင်းအရင်းကတော့ ဒီ Acetaminophen ဆိုတဲ့ဆေးပါပဲ။ တချို့ပဋိဇီဝဆေးတွေ၊ နှလုံးဆေးတွေ၊ သွေးတွင်းအဆီကျဆေးတွေနဲ့ အတက်ကျဆေးတွေကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းကို ထိစေနိုင်တဲ့ ဆေးသောက်နေရတယ်ဆိုရင် သမားတော်နဲ့ အသည်းကို အနီးကပ်စောင့်ကြည့် စစ်ဆေးနေဖို့ လိုပါတယ်။
သတင်းကောင်းကေတော့ အရင်က အသည်းလေးကို မကြင်နာခဲ့ဘူးဆိုရင် အခုပဲ အသည်းလေးကို ဂရုစိုက်ဖို့အတွက် နေထိုင်မှုပုံစံတွေကို ပြောင်းလိုက်ရင် အချိန်မှီပါသေးတယ်။ အသည်းက သူ့မှာ အလုပ်လုပ်နိုင်စွမ်း ၂၅% ပဲ အနည်းဆုံးကျန်တယ်ဆိုရင် သူဟာသူ ပြန်ပြီးပွားနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော ကိုယ်တွင်းအင်္ဂါပါ။ အသည်းလေးက ကိုယ့်အပေါ်ကောင်းသလို ကိုယ်ကလည်း ပြန်ကောင်းပေးလိုက်ပါနော်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























