/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မောပန်းနွမ်းနယ်ခြင်းကို-ဖြစ်စေသော-အကြောင်းရင်းများ

မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အလုပ်နည်းနည်း လုပ်လိုက်ပြီဆိုတာနှင့် ပင်ပန်းခြင်း၊ အိပ်ရာပေါ်တွင်သာ လှဲနေလိုခြင်း၊ နုံးနေခြင်းတို့ကို နေ့စဉ်ခံစားနေရပြီဆိုပါက သင့်မှာ အောက်ပါအချက်တွေရှိနေပြီလားဆိုတာ ဆန်းစစ်သင့်ပါတယ်။

(၁)  အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်ခြင်းကြောင့် အာရုံစူးစိုက်မှုကို ကျဆင်းစေနိုင်သလို ပင်ပန်းနွမ်းနယ်ပြီး မလုပ်ချင် မကိုင်ချင် ဖြစ်စေနိုင်ပါတယ်။
**  ဖြေရှင်းနည်း - ညဘက် အိပ်ချိန် ပုံမှန်ထားရှိပါ။ တစ်ညကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်ပါ။

(၂)  အစားနည်းခြင်း
အစားအသောက်ပျက်ခြင်းကြောင့် စွမ်းအင်နည်းပါးစေတဲ့အတွက် အလွယ်တကူ ပင်ပန်းအားနည်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အာဟာရပြည့်ဝအောင် စားသုံးပေးသင့်ပါတယ်။
**  ဖြေရှင်းနည်း - မနက်တိုင်း မနက်စာ ပုံမှန်စားပေးပါ။ ကာဗိုဟိုက်ဒရိတ်နှင့် အသားဓာတ်ကို မျှတအောင် စားသုံးပါ။ အစာကို နည်းနည်းနှင့် မကြာခဏ စားပေးပါ။

(၃)  သွေးအားနည်းခြင်း
အမျိုးသမီးတွေ ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အဓိကအချက်ကတော့ သွေးအားနည်းခြင်း ဖြစ်ပါတယ်။ လစဉ် ရာသီလာခြင်းကြောင့် သွေးအားနည်းစေရာကနေ ကိုယ်အစိတ်အပိုင်းများနှင့် တစ်သျှူးများဆီသို့ အောက်ဆီဂျင် လုံလောက်စွာ မရောက်ဘဲ ရှိတတ်ပါတယ်။
**  ဖြေရှင်းနည်း - သံဓာတ်အားဖြည့်ဆေး သောက်ခြင်းနှင့် သံဓာတ်ပါသော အစားအစာတွေဖြစ်တဲ့ အနီရောင်အသား၊ အခွံမာငါး၊ အသည်းနှင့် ပဲအမျိုးမျိုးကို စားပေးနိုင်ပါတယ်။

(၄)  စိတ်ကျရောဂါ
စိတ်ကျခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ အစားစားချင်စိတ်မရှိခြင်းနှင့် အလွယ်တကူ ပင်ပန်းနေခြင်းတို့ကို ခံစားရနိုင်ပါတယ်။
**  ဖြေရှင်းနည်း - စိတ်ရောဂါဆရာဝန်နှင့် တိုင်ပင်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

(၅)  ကော်ဖီ အသောက်များခြင်း
ကော်ဖီဟာ သင့်တင့်သောပမာဏကို သောက်ပါက လန်းဆန်းစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။ သို့သော် အလွန်အကျွံ သောက်မယ်ဆိုရင်တော့ သွေးပေါင်နှင့်နှလုံးခုန်နှုန်းကို မြင့်တက်စေမယ့်အပြင် ပင်ပန်းနွမ်းလျစေနိုင်ပါတယ်။
**  ဖြေရှင်းနည်း - ကဖိန်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စတာတွေကို သင့်တင့်သောပမာဏသာ သောက်သုံးသင့်ပါတယ်။

(၆)  ဆီးချိုရောဂါ
သင့်မှာ အကြောင်းရင်းမရှိဘဲ နုံးနေခြင်းကို ရေရှည်ခံစားနေရပါက ဆီးချို ရှိ၊ မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဆီးချိုရှိသူများရဲ့ သွေးထဲတွင် အချိုဓာတ်များ လိုတာထက် စုပုံနေတတ်ပြီး ကိုယ်ခန္ဓာဆဲလ်တွေမှာ နည်းနေတတ်တာမို့ ဆဲလ်တွေအတွက် လိုအပ်တဲ့စွမ်းအင် မရရှိနိုင်တော့လို့ ဖြစ်ပါတယ်။
**  ဖြေရှင်းနည်း - ပုံမှန်ဆေးကုသမှုခံယူခြင်း၊ လေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

(၇)  ရေဓာတ်နည်းခြင်း
သင်ဟာ Gym မှာ လေ့ကျင့်ခန်းလုပ်နေတာဖြစ်စေ၊ အလုပ်စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေတာဖြစ်စေ ရေဓာတ်လုံလောက်ဖို့ အရေးကြီးပါတယ်။ ရေဓာတ် နည်းပါးခြင်းကြောင့် ပင်ပန်းနုံးချိခြင်းကို ဖြစ်စေပါတယ်။
**  ဖြေရှင်းနည်း - တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပါ။ လှုပ်ရှားမှုများ မပြုလုပ်ခင် တစ်နာရီအလိုလောက်မှာ ရေအနည်းဆုံး ၂ ခွက် ကြိုတင်သောက်ထားသင့်ပါတယ်။

(၈)  နှလုံးရောဂါရှိခြင်း
ပုံမှန်ဆောင်ရွက်နေကျဖြစ်တဲ့ အိမ်သန့်ရှင်းရေးလုပ်စဉ်၊ ခြံထဲလမ်းလျှောက်စဉ်မှာ အလွယ်တကူ ပင်ပန်းနေပါက နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
**  ဖြေရှင်းနည်း - ဆရာဝန်နင့်ပြသပြီး ဆေးကုသမှုခံယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုကို ကျင့်သုံးခြင်းတို့ ပြုလုပ်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)