/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်ကပ်မှန်ကြီးနဲ့-မအိပ်လိုက်ပါနဲ့

မျက်ကပ်မှန်ကြီးနဲ့ မအိပ်လိုက်ပါနဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ညဘက်ကလည်း နောက်ကျနေပြီ၊ အိပ်ကလည်း အရမ်းအိပ်ချင်နေပြီ။ ဒီအချိန်မှာ အိပ်ရာထဲကနေထပြီး မျက်ကပ်မှန်ချွတ်ဖို့ကို အင်မတန် ဝန်လေးတတ်ကြတာ မဆန်းပါဘူး။ ဒီလိုပျင်းတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးနော်။ မျက်ကပ်မှန်တပ်သူတွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ မျက်ကပ်မှန်ကြီးတပ်ရက်နဲ့ အိပ်ပျော်သွားဖူးတယ်လို့ ပြောကြပါတယ်။

          ဒီလိုမျိုး မျက်ကပ်မှန်နဲ့ အိပ်တာဟာ မျက်ကြည်လွှာပိုးဝင်ဖို့ ၆ ဆကနေ ၈ ဆလောက်အထိ များစေတယ်လို့ သိရတယ်။

          ပိုးကြောင့် မျက်ကြည်လွှာ ရောင်ရမ်းတာဟာ မျက်ကြည်လွှာမှာ ဘက်တီးရီးယားတွေနဲ့ တခြားပိုးမွှားတွေကြောင့် ဖြစ်တယ်။

          လေ့လာသူတွေက ဒီလိုမျက်ကပ်မှန်နဲ့ အိပ်ပျော်သွားပြီး မျက်ကြည်လွှာ ရောင်ရမ်းတဲ့လူနာ ၆ ယောက်ကို ထုတ်ပြတယ်။ တချို့တွေမှာဆိုရင် မျက်ကြည်လွှာ ပျက်စီးသွားပြီး အမြင်အာရုံ အပြီးချို့ယွင်းသွားတာ၊ ခွဲစိတ်ဖို့ လိုတာမျိုးတွေ ဖြစ်လာတတ်တယ်။ လေ့လာသူတွေထုတ်ပြတဲ့ လူနာတစ်ယောက်ဆိုရင် အသက် ၃၄ နှစ် အမျိုးသားတစ်ယောက်ဖြစ်ပြီး မျက်ကပ်မှန်နဲ့ တစ်ပတ်ကို ၃/၄ ညလောက် အိပ်တယ်၊ မျက်ကပ်မှန်နဲ့ ရေကူးတယ်လို့ ဆိုတယ်။ တစ်ရက်မှာတော့ ဘယ်ဘက်မျက်လုံး ဝါးပြီး နီရဲလာလို့ ဆရာဝန်ဆီ ရောက်လာတယ်။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေအတွက် ဆေးတွေသောက်တာ လနဲ့သာ ချီလာတယ်။ မသက်သာဘူး။ နောက်ဆုံးမှာတော့ အရမ်းရှားတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တာလို့ သိလိုက်ရတယ်။ ဆေးကုသမှုကို ပြောင်းလဲလိုက်တော့ ပိုးဝင်တာ သက်သာသွားပေမယ့် အမြင်အာရုံတော့ နည်းနည်း ချို့ယွင်းသွားတယ်။

          နောက်တစ်ယောက်ကတော့ အသက် ၁၇ နှစ် မိန်းကလေး။ မျက်ကပ်မှန်နဲ့ အိပ်ရာကနေ ဘက်တီးရီးယားပိုးဝင်ပြီး ညာဘက်မျက်ကြည်လွှာမှာ အနာဖြစ်သွားတယ်။ မျက်စဉ်းဆေး ခပ်တော့ ပိုးတော့ သက်သာသွားပေမယ့် မျက်ကြည်လွှာ အမျှင်တွေကတော့ လုံးဝအမာရွတ် ဖြစ်သွားတာပေါ့။

          အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာဆိုရင် ၂ ညအိပ် အမဲလိုက်ခရီးမှာ မျက်ကပ်မှန်ကို တောက်လျှောက်တပ်ပြီးနောက် အိမ်မှာ ရေချိုးနေတုန်း တစ်ခုခု ပေါက်သွားတဲ့အသံကြားပြီး ဘယ်ဘက်မျက်လုံးက နာလာတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ မျက်ကြည်လွှာ ပေါက်ထွက်သွားတာပါ။ ဒီအခြေအနေဟာ မျက်ကြည်လွှာ အစားထိုးဖို့ လိုအပ်ပါတယ်။ အတွင်းတိမ် ခွဲစိတ်မှု လုပ်လိုက်ပြီးနောက်တော့ အမြင်အာရုံလေး နည်းနည်းပြန်ကောင်းလာတယ်။

          ဒီလူနာ ၃ ယောက်လုံးဟာ မျက်စဉ်းခပ်ဖို့ လိုအပ်ပြီး ၂ ယောက်မှာဆို ခွဲစိတ်ဖို့တောင် လိုအပ်တယ်။ အများစုမှာ အမြင်အာရုံ အပြီးပျက်စီးသွားတာကို တွေ့ရတယ်။

          ဒါပေမဲ့ ဒီလူနာ ၃ ယောက်ဟာလည်း မျက်ကပ်မှန်နဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ပိုးဝင်တာမျိုး မဟုတ်သေးဘူး။ အဆိုးရွားဆုံး အခြေအနေတွေကို ရွေးထုတ်ထားတာပါ။

          ပြီးတော့ ဒီလူနာတွေဟာ ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများလု့ိ ဖြစ်နိုင်ပြီး ဒီလိုအိပ်တတ်တဲ့အကျင့်ရှိတဲ့ တခြားလူတွေမှာ ဘာမှမဖြစ်တတ်တာကို တွေ့ရတယ်။

          ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ တစ်ခါတလေလေး မျက်ကပ်မှန်နဲ့ အိပ်မိတာဟာ ပိုးဝင်နှုန်းကို ပိုများစေတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်လောက်ကြီးကောင်းတဲ့ မျက်ကပ်မှန်တပ်တပ်၊ ဘယ်လောက်ကြာအောင်ပဲ တပ်တပ်ပေါ့။

          တချို့မျက်ကပ်မှန်တွေကတော့ FDA က ညဘက်အိပ်ဖို့ ခွင့်ပြုထားတာမျိုး ရှိတယ်။ ဒီလိုမျက်ကပ်မှန်မျိုးတောင် ပိုးဝင်နိုင်သေးတယ်နော်။

          ဒါကြောင့် ဒီလိုမျက်ကပ်မှန်ကြောင့် မလိုလားအပ်ဘဲ နောက်ဆက်တွဲတွေ မခံစားရအောင် ညဘက် တပ်အိပ်တာမျိုး၊ ရေကူးရင် တပ်ကူးတာမျိုး မလုပ်ဘဲနဲ့ မျက်ကပ်မှန်ရော၊ မျက်ကပ်မှန်ဘူးကိုပါ လဲချိန်တန်ရင် လဲပေးဖို့ အကြံပြု တိုက်တွန်းပါရစေ။

Dr. Mya Phoo Ngon (www.drmyanmar.com)