မျက်ကပ်မှန်တပ်သူတိုင်း လိုက်နာသင့်တဲ့အချက်များ
မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ မျက်ကပ်မှန်နဲ့ပတ်သက်ပြီး ဘယ်လိုဂရုစိုက်သင့်သလဲ ဆိုတာကို လေ့လာထားသင့်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်ကြောင့်ဖြစ်စေတဲ့ အမြင်အာရုံပြဿနာများ ကင်းေ၀းစေနိုင်ဖို့ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. မျက်ကပ်မှန်မကိုင်မီလက်ကိုဆပ်ပြာအပျော့စားနဲ့ စင်ကြယ်စွာဆေးကြောပါ။
သတိပြုရန် - ဆပ်ပြာအကြွင်းအကျန်၊ အဆီများကပ်ကျန်နေတဲ့ လက်နဲ့မျက်ကပ်မှန်ကို ကိုင်မိပါက မျက်လုံးယားယံနီမြန်းခြင်း၊ အမြင်အာရုံေ၀ဝါးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
2. ချည်စချည်နများကပ်ငြိမနေတဲ့ သန့်ရှင်းစင်ကြယ်သောအ၀တ်ဖြင့်လက်သုတ်ပြီးမှ မျက်ကပ်မှန်ကိုကိုင်ပါ။
3. မျက်ကပ်မှန်ကို ဘုံဘိုင်ရေဖြင့်ဆေးကြောခြင်း၊ လေဖြင့်မှုတ်ခြင်းတို့ကို ရှောင်ကျဉ်သင့်ပါတယ်။ အလွန်သေးငယ်တဲ့ ပိုးမွှားလေးတွေဟာ ပေါင်းခံထားတဲ့ရေမှာတောင် ပါ၀င်နိုင်တာကြောင့် ပိုး၀င်ရောက်မှုဖြစ်စေနိုင်ပါတယ်။
4. မျက်ကပ်မှန်ကို လက်ဖဝါးထဲထည့်ကာ တစ်ဖက်လက်ညှိုးဖြင့် ညင်သာစွာပွတ်ပေးပါ။ ယင်းကဲ့သို့ ညင်ညင်သာသာပွတ်တိုက်ပေးခြင်းဖြင့် မျက်ကပ်မှန်မှာကပ်နေတဲ့ အမှုန်အမွှားလေးတွေကို ကင်းစင်စေပါတယ်။
သတိပြုရန် - လက်ကသန့်ရှင်းစင်ကြယ်နေဖို့လိုအပ်ပါတယ်။
5. မျက်ကပ်မှန်ထည့်တဲ့ဘူးကို အသုံးပြုမယ့်အချိန်တိုင်း ပိုးမွှားကင်းစေတဲ့ဆေးရည် ဒါမှမဟုတ် ရေနွေးနွေးလေးဖြင့် သန့်စင်ပြီးအခြောက်ခံထားပါ။ မျက်ကပ်မှန်ဘူးကိုသုံးလ (သို့) ခြောက်လတစ်ကြိမ်အသစ်လဲပေးပါ။
6. မျက်ကပ်မှန်ကို မျက်စိဆရာ၀န်က သတ်မှတ်ပေးထားတဲ့ အချိန်အတိုင်းအတာအထိသာ တပ်ဆင်ပါ။
7. မျက်ကပ်မှန်ဟာ မျက်လုံးမှာအံ၀င်ခွင်ကျမဖြစ်ဘဲ ချောနေပါကဆရာ၀န်ညွှန်ကြားတဲ့အတိုင်း plain saline ဆေးရည်ကိုအသုံးပြုပါ။
8. မျက်ကပ်မှန်တပ်ဆင်တဲ့အခါ ပြောင်းပြန်ထည့်မိပါကမျက်လုံးကို အန္တရာယ်မဖြစ်နိုင်စေပေမယ့် မျက်လုံးထဲမှာနေသားတကျ သက်တောင့်သက်သာမရှိစေပါဘူး။ ယင်းသို့ဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် လက်ညှိုးထိပ်မှာ မျက်ကပ်မှန်ကို ခွက်ပုံသဏ္႑ာန်အနေအထားအတိုင်းတင်ပြီး မျက်လုံးအိမ်အတွင်းသို့ ထည့်ပေးပါ။ ပြီးနောက် မျက်ကပ်မှန်ကိုဘေးဘက်မှ ကြည့်ပေးပါ။ ထိပ်ဘက်ကကားထွက်နေပြီး မျက်ကပ်မှန်အနားသားရှိနေပါက ပြောင်းပြန်ဖြစ်နေပြီး အင်္ဂလိပ်အက္ခရာ “U” ပုံသဏ္႑ာန်ဖြစ်နေပါမှ အတည့်အနေအထား ပုံစံမှန်စေနိုင်မှာဖြစ်ပါတယ်။
9. သင်တပ်ဆင်တဲ့မျက်ကပ်မှန်ဟာ extended wear contact lenses အမျိုးအစားမဟုတ်ပါက မျက်ကပ်မှန် တပ်ဆင်ပြီးမအိပ်သင့်ပါ။ Extended wear contact lenses ဟာ မျက်ကြည်လွှာထဲသို့ အောက်ဆီဂျင် ၀င်ရောက်နိုင်စေတဲ့ ပလပ်စတစ်အပျော့စားနဲ့ ပြုလုပ်ထားတာကြောင့် ညဘက်တပ်ဆင်ပြီးအိပ်စက်လည်း အန္တရာယ်မရှိနိုင်ပေမယ့် တခြားမျက်ကပ်မှန် အမျိုးအစားဟာ အောက်ဆီဂျင်မရရှိစေနိုင်တာကြောင့် ညဘက်မှာ ဖြုတ်ပြီးမှ အိပ်စက်သင့်ပါတယ်။
10. ပိုးကင်းစေတဲ့ဆေးရည်၊ မျက်လုံးအစက်ချဆေးရည်၊ ဆရာ၀န်ထောက်ခံချက်ပေးထားတဲ့ enzymatic cleaners ကို ဂရုတစိုက်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ အချို့သော မျက်လုံးအစက်ချဆေးရည်တွေဟာ မျက်ကပ်မှန်တပ်ဆင်သူနဲ့ မတည့်တာရှိတတ်လို့ ဆရာ၀န်ရဲ့ ညွှန်ကြားချက်အတိုင်းသုံးသင့်ပါတယ်။
11. မျက်လုံးအစက်ချဆေးပုလင်းရဲ့ထိပ်၀ကို လက်ချောင်း၊ မျက်လုံး၊ မျက်ကပ်မှန်အပါအ၀င် အခြားသော မျက်နှာပြင်တွေနဲ့ မထိတွေ့ပါစေနဲ့။ ယင်းသို့ထိတွေခြင်းဖြင့် ဆေးရည်အတွင်း ပိုးမွှား၀င်ရောက်စေပြီး ညစ်ညမ်းသွားစေနိုင်ပါတယ်။
12. ဆံပင်ဖျန်းဆေးအသုံးပြုလိုပါက မျက်ကပ်မှန်မတပ်မီအချိန်မှာသာ အသုံးပြုသင့်ပါတယ်။
13. မျက်ကပ်မှန်တပ်ပြီးနောက်မှ မိတ်ကပ်လိမ်းခြယ်သင့်ပြီး မိတ်ကပ်မဖျက်ခင် မျက်ကပ်မှန်ဖြုတ်သင့်ပါတယ်။
14. အခြားသူတပ်ဆင်ထားပြီးသား မျက်ကပ်မှန်ကို ငှားယူမတပ်ဆင်မိပါစေနဲ့။ အသုံးပြုပြီးသား မျက်ကပ်မှန်မှ ရောဂါပိုးမွှားတွေ၊ အမှုန်အမွှားတွေ သင့်မျက်လုံးထဲ၀င်ရောက်စေနိုင်ပါတယ်။
15. မျက်ကပ်မှန်တပ်ဆင်ထားချိန်မှာ မျက်လုံးကိုနေရောင်ခြည် ထိတွေ့မှုဒဏ်မှကာကွယ်ဖို့ လိုအပ်တာကြောင့် ခရမ်းလွန်ရောင်ခြည်မှ အကာအကွယ်ပေးနိုင်သော နေကာမျက်မှန်တပ်ဆင်ခြင်း ဒါမှမဟုတ် အနားပြန့်ပြန့်ဦးထုပ်ကို ၀တ်ဆင်ပြီးမှ နေပူထဲထွက်သင့်ပါတယ်။
16. မျက်လုံးစပ်ဖျဉ်းဖျဉ်းဖြစ်ပြီး ကျိန်းစပ်လာပါက မျက်ကပ်မှန်ကိုဖြုတ်လိုက်ပါ။ ပိုးမွှားကပ်ငြိနေတဲ့ မျက်ကပ်မှန်ကို တပ်ဆင်ခြင်းဟာ မျက်လုံးထဲကို ရောဂါပိုးတွေ၀င်ရောက်ဖို့ အခွင့်သာစေပါတယ်။
17. ရုတ်တရက်အမြင်အာရုံကွယ်ပျောက်သွားခြင်း၊ ကြိမ်ဖန်များစွာ အမြင်အာရုံေ၀ဝါးလာခြင်း၊ မျက်လုံးနာကျင်ခြင်း၊ မျက်လုံးရှေ့တွင်၀င်းလက်သွားခြင်း၊ မျက်လုံးရောဂါကူးစက်ခြင်း၊ မျက်လုံးရောင်ရမ်းခြင်း၊ ဖြစ်လေ့ဖြစ်ထမရှိသော မျက်လုံးနီမြန်းခြင်း၊ ကျိန်းစပ်ခြင်းကိုခံစားရပါက ဆရာ၀န်နဲ့ချက်ချင်းပြသင့်ပါတယ်။
Cho Thet






























