မျက်ကြည်လွှာ ပွန်းရှဒဏ်ရာရခြင်း
မျက်ကြည်လွှာ ပွန်းရှဒဏ်ရာရခြင်းဆိုတာ
အများအားဖြင့် မျက်လုံးသည် မျက်ခွံရိုးလို့ခေါ်တဲ့ အရိုးအတွင်းမှာတည်ရှိပြီး မျက်လုံးကိုကာကွယ်ပေးထားပါတယ်။ ဒါပေမယ့် အချို့ကိစ္စတွေမှာတော့ မကာကွယ်ပေးနိုင်ပါဘူး။ မျက်ကြည်လွှာဆိုတာ တစ်သျှူးအကြည်ရောင်ဖြစ်ပြီး မျက်နက်ဝန်း (အရောင်ရှိသော အပိုင်း)နဲ့ သူငယ်အိမ် (အမည်းရောင်ရှိသောအပိုင်း) တို့ကို ကာကွယ်ပေးထားတာဖြစ်ပါတယ်။
မျက်ကြည်လွှာဟာ အမြင်အာရုံကိုကောင်းမွန်နေရန် အကူအညီပေးပါတယ်။ မျက်ကြည်လွှာပွန်းရှခြင်းဆိုတာ အရေပြားပွန်းသလိုပဲ မျက်ကြည်လွှာကိုတစ်ခုခုနဲ့ခြစ်မိ၊ ထိမိပြီးဒဏ်ရာရစေတာဖြစ်ပါတယ်။ မျက်လုံးထဲကို တစ်ခုခုဝင်သွားခြင်းဟာ မျက်ကြည်လွှာကို ဒဏ်ရာရစေနိုင်ပါတယ်။ ဖြစ်နိုင်တာတွေကတော့ ဖုန်မှုန့်၊ သဲမှုန့်၊ စူးချွန်၊ ပိုးကောင်၊ စက္ကူစ၊ မှန်စ၊ မိတ်ကပ်နဲ့ လက်သည်းအပိုင်းအစတို့ဖြစ်ပါတယ်။
မျက်ခွံနဲ့ မျက်တောင်မွှေးတွေဟာ မျက်လုံးထဲသို့ အမှိုက်သရိုက်တွေမဝင်အောင် ကာကွယ်ပေးတဲ့အပြင် မျက်ရည်ကျခြင်းဖြင့်လည်း အမှိုက်တွေကို ဖယ်ရှားပေးပါတယ်။ သို့တိုင်အောင် တခါတရံမှာခြစ်မိတာတွေ ဖြစ်နိုင်ပါသေးတယ်။
အများအားဖြင့် ပွန်းရှဒဏ်ရာတွေဟာ ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားလေ့ရှိပြီး ဘာပြဿနာမျှပေးလေ့မရှိပါဘူး။
ရောဂါလက္ခဏာများ
မျက်ကြည်လွှာပွန်းရှခြင်းကြောင့် မျက်ကြည်လွှာရဲ့ပုံမှန်လုပ်ဆောင်မှုကိုထိခိုက်စေပြီး အမြင်အာရုံပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ အရာဝတၳုတွေဝေါဝါးလာပြီး ကြည့်ရတာအဆင်မပြေမှုတွေအပြင် အခြားရောဂါလက္ခဏာတွေအနေနဲ့-
- မျက်ရည်ကျခြင်း
- ခိုးလိုးခုလုဖြစ်ခြင်း
- နာကျင်ခြင်း
- မျက်စိနီရဲနေခြင်း
- မျက်ခွံရောင်ခြင်း
- အလင်းရောင်ကို မခံနိုင်ခြင်းတို့ဖြစ်ကြပါတယ်။
မျက်ကြည်လွှာထိခိုက်ဒဏ်ရာရသွားပြီဆိုရင်
အောက်ပါအချက်များကို လိုက်နာခြင်းဖြင့်လည်း မျက်စိထိခိုက်ဒဏ်ရာရမှုကို ပိုမဆိုးအောင် ပြုလုပ်နိုင်ပါတယ်။
- မျက်လုံးကိုမပွတ်ပါနဲ့
- မျက်လုံးကို မည်သည့်အရာနှင့်မျှ မထိပါစေနှင့် (ဥပမာ - ဝါဂွမ်း)
မျက်ကြည်လွှာ၌ ပွန်းရှဒဏ်ရာရပါက ဆရာဝန်နှင့်သွားရောက်ပြသရန်လိုအပ်ပါတယ်။ ဒဏ်ရာအတိမ်အနက်ကို ဆရာဝန်မှ စစ်ဆေးပြီးနောက် ပိုမဆိုးစေရန်နဲ့ အနာမြန်မြန်ကျက်စေရန် ကူညီပေးပါလိမ့်မယ်။
စမ်းသပ်စစ်ဆေးခြင်း
Fluorescein လို့ခေါ်တဲ့ အဏုမြူအရည်ကို မျက်စိ မျက်နှာပြင်မှာထည့်ပြီး အပြာရောင်မီးရောင်အောက်မှာကြည့်ပါက ပွန်းရှမှုရှိတဲ့နေရာမှာ အစိမ်းရောင်တောက်နေတာကို တွေ့ရနိုင်ပါတယ်။
မျက်စိထဲမှာ တစ်စုံတစ်ရာတွေ့ပါက ဆရာဝန်သည် ဖယ်ရှားလိုက်ပြီး မျက်စဉ်းကိုရည်အနည်းငယ်ကြာခတ်ဖို့အတွက် ညွှန်ကြားပါလိမ့်မယ်။ မျက်စိတွင်နာကျင်မှုရှိပါက အကိုက်အခဲပျောက်ဆေးများပေး၍ 4-5 ရက်ခန့် မျက်ကပ်မှန်မတပ်ရန်လည်း လိုအပ်ပါတယ်။ အကယ်၍ ရက်အနည်းငယ်ကြာသည်အထိ မသက်သာပါက (သို့) ရောဂါလက္ခဏာအခြေအနေပိုဆိုးလာပါက ဆရာဝန်ကို ထပ်မံသွားရောက်ပြသသင့်ပါတယ်။
ကာကွယ်ရန်နည်းလမ်းများ
ထိခိုက်ဒဏ်ရာရမှုကိုကာကွယ်ရန် စကိတ်စီးခြင်း၊ ဟော်ကီကစားခြင်း စတဲ့အားကစားတွေပြုလုပ်တဲ့အခါမှာ မျက်စိကာကွယ်ရေးပစ္စည်းများ (မျက်မှန် (သို့) နှာခေါင်းစည်း) ကို အသုံးပြုပေးနိုင်ပါတယ်။ ဓာတ်ခွဲခန်းသုံးမျက်မှန်တွေတပ်ဆင်ခြင်းဟာလည်း သုတေသနလုပ်ငန်းပြုလုပ်တဲ့အချိန်မှာ မျက်လုံးကိုကာကွယ်ပေးနိုင်ပါတယ်။
နေရောင်ထဲထွက်တဲ့အခါဖြစ်ဖြစ်၊ ရေထဲမှာဖြစ်ဖြစ်၊ နှင်းတောထဲထွက်တဲ့အချိန်မှာဖြစ်ဖြစ် နေကာ မျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ အိမ်မွေးတိရစၧာန်တွေရှိပါကလည်း ကစားရင်းမတော်တဆထိခိုက်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။
မျက်ကပ်မှန်တပ်ဆင်ပါက ညွှန်ကြားချက်အတိုင်းတိတိကျကျလိုက်နာရန် လိုအပ်ပါတယ်။ လက်သည်းရှည်တွေဟာ မျက်ကပ်မှန်ဖြုတ်၊ တပ်တဲ့အခါ ခြစ်မိနိုင်တာကြောင့် သေချာဂရုတစိုက်တပ်ဆင်ဖို့ လိုပါတယ်။
Dr. Thinzar Wynn




























