မျက်စိနာတာကို ကာကွယ်ကြမယ်
ရာသီဥတု အပြောင်းအလဲတွေမှာ မျက်စိနာတာက အဖြစ်များပါတယ်။ မျက်စိနာတာမှာ ဖုန်တွေ၊ သဲတွေကြောင့် ဓာတ်မတည့်လို့ ဖြစ်တာ၊ Virus ကြောင့်ဖြစ်တာ၊ bacteria ကြောင့်ဖြစ်တာ၊ chemical ( ဓာတုပစ္စည်း) တွေနဲ့ ထိတွေ့လို့ဖြစ်တဲ့ မျက်စိနာတာဆိုပြီး ရှိပါတယ်။ မျက်စိနာတာက ကူးလို့လည်း လွယ်၊ ကုဖို့လည်းလွယ်ပေမဲ့ တစ်ခါတလေမှာ ပိုပြီးဆိုးရွားတဲ့ရောဂါမျိုးတွေ ဖြစ်သွားနိုင်တာလည်း ရှိပါတယ်။ ဒါကြောင့် မျက်စိနာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
>> သူ့ရဲ့ လက္ခဏာတွေကတော့ -
● မျက်သားအဖြူက ရဲတာ
● မျက်ရည်ထွက်တာ
● အဝါရောင် မျက်ဝတ်တွေ ထွက်တာ
● မျက်လုံးယားတာ၊ အောင့်တာ၊ နာတာ
● အလင်းရောင်ကို မခံနိုင်တာ
● အမြင်အာရုံ ဝေဝါးတာတို့ပဲ ဖြစ်ပါတယ်။
>> ဘယ်လိုတွေ ကာကွယ်ရမလဲ?
♦ အိမ်မှာ တစ်ယောက်ယောက် မျက်စိနာပြီဆိုတာနဲ့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ စောင်တွေကို ရေနွေးနဲ့ ပြုတ်ပြီး လျှော်ပါ။ အိမ်ကိုလည်း ပိုးသတ်ဆေးသုံးပြီး သန့်ရှင်းရေး လုပ်ပါ။
♦ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တစ်ဦးတည်း သုံးပါ၊ သူများနဲ့ ရောမသုံးပါနဲ့။
♦ လက်ကို ခဏခဏ ဆေးပါ၊ မျက်နှာ၊ မျက်စိကို လက်နဲ့ ကိုင်တာမျိုး မလုပ်ပါနဲ့။
♦ ကိုယ်ခံအားကောင်းစေတဲ့ အစိမ်းရောင်၊ လိမ္မော်ရောင် ရှိတဲ့ အသီးအရွက်တွေကို စားပေးပါ။
♦ လက်ကိုင်ပဝါအစား တစ်ခါသုံးတစ်ရှူးကိုသာ သုံးပါ၊ စနစ်တကျ စွန့်ပစ်ပါ။
♦ လူထူထပ်တဲ့နေရာတွေ မသွားပါနဲ့၊ မျက်စိနာနေခဲ့ရင် ဖုန်တွေ၊ သဲတွေကြောင့် ပိုဆိုးစေလို့ နေကာမျက်မှန် တပ်ပါ။
♦ မျက်စိအတွက်သုံးတဲ့ အလှပြင်ပစ္စည်းတွေ၊ မျက်ကပ်မှန်တွေကို တစ်ဦးတည်း သုံးပါ၊ သူများနဲ့ ရောမသုံးပါနဲ့။
Htar (www.drmyanmar.com)






























