/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်နှာတစ်ခြမ်း-လေဖြတ်ခြင်း

မျက်နှာတစ်ခြမ်း လေဖြတ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်နှာတစ်ခြမ်း ခဏတာ လေဖြတ်ပြီးတော့ ရွဲ့သွားတာကို ဆေးပညာအရ Bell’s palsy လို့ ခေါ်ပါတယ်။ ဒီမှာဆိုရင် မျက်နှာမှာရှိတဲ့ ကြွက်သားတွေအားလုံး (သို့) တစ်စိတ်တစ်ဒေသကို ထိပါတယ်။ မျက်နှာတစ်ခြမ်းပဲ ဖြစ်တာများပေမယ့် မျက်နှာ ၂ ခြမ်းလုံးလည်း ဖြစ်တတ်ပါတယ်။ ရှားတော့ ရှားတာပေါ့။ ဒီလို ဘာလို့ဖြစ်ရတာလဲဆိုရင် မျက်နှာလှုပ်ရှားမှုတွေ၊ အရသာခံတာတွေနဲ့ တခြားသတင်းအချက်အလက်တွေကို မျက်နှာနဲ့ ဦးနှောက်ဆီကို အပြန်အလှန်ပို့ဆောင်ပေးတဲ့ အာရုံကြော ထိခိုက်သွားလို့ပါ။ ဒီအာရုံကြော ထိခိုက်ပျက်စီးသွားတဲ့အခါမှာတော့ ဦးနှောက်နဲ့မျက်နှာကြား အပြန်အလှန် သတင်းဆက်သွယ်မှှုတွေ မလုပ်နိုင်တော့ပါဘူး။

 

>>    မျက်နှာတစ်ခြမ်း လေဖြတ်တဲ့လက္ခဏာများ

●        မျက်နှာတစ်ခြမ်းက တွဲကျသွားပြီးတော့ မျက်နှာ ၂ ဖက်က မညီတော့ဘူး

●        ပြုံးတာ၊ ရယ်တာ၊ မဲ့တာ စတဲ့ မျက်နှာအမူအရာတွေ လုပ်လို့မရတော့ဘူး

●        မျက်နှာမှာရှိတဲ့ ကြွက်သားတွေ လှုပ်နေမယ်

●        အစာ စားရ၊ သောက်ရတာမှာ ခက်ခဲမယ်

●        စကားပြောရ ခက်မယ်

●        အရသာ လုံးဝခံလို့ မရတော့ဘူး (သို့) အရသာနည်းနည်းပဲ ခံလို့ရမယ်

●        နားကိုက်မယ်

●        အသံတွေရဲ့ဒဏ်ကို မခံနိုင်ဘူး၊ ထိရှလွယ်တယ်

●        မျက်လုံးပိတ်ရ ခက်မယ်

●        မျက်လုံးတွေ ခြောက်လာမယ်

          ဒီလက္ခဏာတွေက အများအားဖြင့် မျက်နှာတစ်ခြမ်းတည်းမှာ ဖြစ်လေ့ရှိပြီးတော့ မြန်မြန်ကြီး ပေါ်လာကာ ရက်အနည်းငယ်အတွင်းမှာ အဆိုးဆုံးထိ ရောက်သွားနိုင်ပါတယ်။

 

>>    မျက်နှာ လေဖြတ်စေသော အကြောင်းအရင်းများ

          ဘာကြောင့် မျက်နှာလေဖြတ်ရတယ်ဆိုတဲ့ အကြောင်းအရင်း အကုန်လုံးကိုတော့ မသိပါဘူး။ ဗိုင်းရပ်စ်ပိုးဝင်ပြီးတော့ အအေးမိရင်လည်း မျက်နှာမှာရှိတဲ့ အာရုံကြော ရောင်ရမ်းပြီးတော့ ဘေးနားက အရိုးနဲ့ အဖိခံရကာ ကောင်းကောင်း အလုပ်မလုပ်နိုင် ဖြစ်တတ်ပါတယ်။

          အသက် ၁၅ နှစ်နဲ့ ၆၀ ကြားမှာ မျက်နှာလေဖြတ်နိုင်ချေများသလို အောက်ပါအချက်တွေရှိရင်လည်း ဖြစ်နိုင်ချေများပါတယ်။

●        ရေယုန်

●        ဆီးချို

●        အအေးမိ

●        တုပ်ကွေး

●        သွေးတိုး

●        Lyme disease

●        Mononucleosis

●        HIV

●        Sarcoidosis

●        ဦးခေါင်း ထိခိုက်ဒဏ်ရာရထားခြင်း

          လူပေါင်း ၅၀၀၀ လောက်မှာ တစ်ယောက်က မျက်နှာလေတစ်ခြမ်း ဖြတ်နိုင်ချေရှိပြီးတော့ တစ်ခါဖြစ်ဖူးရင် နောက်တစ်ခါဖြစ်နိုင်ချေ အနည်းငယ်ရှိပါတယ်။

 

>>    ရောဂါရှာဖွေဖော်ထုတ်ခြင်း

        မျက်နှာလေဖြတ်တာကို တိတိကျကျ စမ်းသပ်နိုင်မယ့် စစ်ဆေးမှုလို့တော့ မရှိပါဘူး။ ဆရာဝန်က ရောဂါအကြောင်း မေးမြန်းစစ်ဆေးပါလိမ့်မယ်။ လေဖြတ်တာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ ကင်ဆာတွေကြောင့်လည်း မျက်နှာလေဖြတ်နိုင်ချေ ရှိပါတယ်။ ဒီတော့ ဘာတွေကြောင့်များ ဒီလက္ခဏာတွေ ပြရသလဲဆိုတာကို ဆရာဝန်က စစ်ကြည့်ပါလိမ့်မယ်။ လိုအပ်ရင် ဓာတ်မှန်၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခိုင်းပါလိမ့်မယ်။

 

>>    မျက်နှာ လေမဖြတ်အောင် ကာကွယ်လို့ရသလား

          ကြိုပြီး ကာကွယ်လို့မဖြစ်အောင် ရှောင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ လက္ခဏာစပေါ်ပြီဆိုတာနဲ့ ဆရာဝန်သွားပြပါ။

 

>>    ကုထုံး

          ဒါက တစ်လ၊ နှစ်လမှာ သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ အလုံးစုံပြန်ကောင်းဖို့ ဆိုရင်တော့ Steroid ဆေးတွေကို ဆရာဝန်က ညွှန်ပါလိမ့်မယ်။

          ပြန်ကောင်းဖို့အတွက် အိမ်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ့်အချက်တွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ပြီးတော့ ကောင်းကောင်းအနားယူပါ။ အပြင်ထွက်ရင် နေကာမျက်မှန် တပ်သွားပြီးတော့ မျက်လုံးကို ကာကွယ်ပါ။ အထူးသဖြင့် ကွန်ပျူတာလိုမျိုး ဖန်သားပြင်တွေကိုကြည့်ပြီးတော့ အလုပ်လုပ်ရတဲ့အခါတွေမှာ မျက်လုံးအစိုဓာတ်ကို ထိန်းထားပါ။ ညဘက်အိပ်ရင် မျက်လုံးအုပ်လေး သုံးပြီးအိပ်ခြင်းဖြင့် မျက်လုံးကို အကာအကွယ်ရစေပါတယ်။ မျက်လုံးရောင်တာတွေ၊ နာကျင်တာတွေကို သက်သာစေဖို့အတွက် အပူအနည်းငယ်ပါတဲ့ မျက်လုံးအုပ်နဲ့ အုပ်ပြီးအိပ်နိုင်ပါတယ်။ ပြီးတော့ ညင်သာစွာ နှိပ်နယ်ပေးတာကလည်း အကျိုးရှိစေပါတယ်။ အရမ်းနာကျင်ကိုက်ခဲနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။

          ပြန်ကောင်းနိုင်မယ့်အချိန်ကတော့ မျက်နှာအာရုံကြော ဘယ်လောက်အထိ ပျက်စီးသွားလဲဆိုတာအပေါ်မှာ မူတည်ပါတယ်။ ပြန်ကောင်းလာဖို့ အရမ်းအချိန်ကြာတယ်ဆိုရင် မျက်နှာမှာ ကိုယ်ထိန်းချုပ်လို့မရဘဲ လှုပ်နေတတ်တာမျိုး၊ မျက်ရည်တွေ ထွက်တာမျိုးလိုမျိုး ဘေးထွက်ဆိုးကျိုး အနည်းငယ် ကျန်နေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)