မျက်လုံးကင်ဆာဆိုတာ ဘာလဲ
ပတ်ဝန်းကျင်မှာ ကင်ဆာဆိုတဲ့ အရိပ်မည်းကြီးကို မကြာမကြာ ကြုံတွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မျက်လုံးကင်ဆာဆိုတာကိုတော့ အကြားနည်းကြပါလိမ့်မယ်။ ဆဲလ်ကလာဒ်စည်းလေးတွေ ထိန်းမနိုင် သိမ်းမရ ပွားလာတာကို ကင်ဆာလို့ ခေါ်တာပါ။ ဒါကြောင့် မျက်လုံးထဲမှာလည်း ကင်ဆာတွေ ဖြစ်လာနိုင်တာပါပဲ။
မျက်လုံးကင်ဆာတွေထဲမှာ အဖြစ်အများဆုံးကတော့ ရောင်ခြည်ဆဲလ်ကင်ဆာပါ။ တခြားအမျိုးအစားတွေလည်း အများကြီးရှိလို့ နေပါသေးတယ်။
၁။ မျက်လုံးတွင်းကင်ဆာဖြစ်ခြင်း
မျက်လုံးတွင်းသားကနေ စဖြစ်တဲ့ကင်ဆာကို ကနဦး မျက်လုံးတွင်းသားကင်ဆာ primary intraocular cancer လို့ခေါ်ပြီး တခြားကင်ဆာတစ်နေရာကနေ ပျံ့နှံ့လာတဲ့ကင်ဆာကို ဒုတိယမျက်လုံးတွင်းသားကင်ဆာ secondary introcular cancer လို့ ခေါ်ပါတယ်။
>> လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကနဦး မျက်လုံးတွင်းသားကင်ဆာတွေကတော့ -
● ရောင်ခြည်ဆဲလ်ကင်ဆာ Melanoma
● လင့်ကျိတ်ကင်ဆာ Non-hodgkin lymphoma တို့ပါပဲ။
>> ကလေးတွေမှာ ဆိုရင်တော့ -
● မြင်လွှာကင်ဆာ retinoblastoma
● ပင်မဆဲလ်ကနေဖြစ်တဲ့ ကင်ဆာတစ်မျိုးဖြစ်တဲ့ Medulloepithelioma စတဲ့ အမျိုးအစားတွေ ဖြစ်နိုင်ပါတယ်။
ဒုတိယ မျက်လုံးတွင်းသားကင်ဆာတွေကတော့ တကယ့်မျက်လုံးကင်ဆာစစ်စစ် မဟုတ်ပေမယ့် ပိုပြီးအဖြစ်များပါတယ်။ များသောအားဖြင့် ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာကနေ ပြန့်လာတာ များပါတယ်။ မျက်လုံးတွင်း မြင်လွှာလမ်းကြောင်းကို ပြန့်တာ အများဆုံးပါပဲ။
၂။ မျက်လုံးတွင်းသား မှဲ့ကင်ဆာ
တော်တော်တော့ ရှားပေမယ့် လူကြီးတွေမှာ အဖြစ်အများဆုံး မျက်လုံးတွင်းသား ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ ရောင်ခြည်ဆဲလ်ကင်ဆာဆိုတာ မျက်လုံးမှာထက် အရေပြားမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ နေရောင်ကာ ရောင်ခြယ်ထုတ်တဲ့ melanocyte ဆဲလ်ကလာဒ်စည်းကနေ ဖြစ်လာတာဖြစ်ပြီး မျက်လုံးမှာစဖြစ်ရင် မျက်လုံးတွင်း မြင်လွှာလမ်းကြောင်းနဲ့ ရှားရှားပါးပါး မျက်စိအမြှေးပါးတို့မှာ ဖြစ်တတ်ပါတယ်။
၃။ မျက်လုံးတွင်း မြင်လွှာလမ်းကြောင်း ရောင်ခြည်ဆဲလ်ကင်ဆာ
Uvea လို့ခေါ်တဲ့ မျက်လုံးတွင်း မြင်လွှာလမ်းကြောင်းဆိုတာဟာ မျက်လုံးအတွင်းထဲက အလယ်လွှာပါ။ အဓိကအားဖြင့် ၃ ပိုင်း ပါပါတယ်။
မျက်လုံးတွင်းသား မှဲ့ကင်ဆာ ၁၀ ခုမှာ ၉ ခုလောက်က မျက်လုံးကာရံလွှာနဲ့ ရှုံ့ကြွက်သားမှာ ဖြစ်တာများပါတယ်။ ရှုံ့ကြွက်သားဟာ အရေပြားမှာရှိတဲ့ နေရောင်ကာ ရောင်ခြည်ဆဲလ်တွေလို နေရောင်ကာရောင်ခြည်တွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ရောင်ခြည်ဆဲလ်ကင်ဆာ ဖြစ်တတ်တာပေါ့။
ကျန်တဲ့ကင်ဆာတွေကတော့ မျက်နက်ဝန်းမှာ ဖြစ်တတ်ပါတယ်။ မျက်နက်အမည်းနေရာကနေ ကင်ဆာပွားလာတာမို့ သိသာပါတယ်။ ပြီးတော့ ပွားနှုန်းလည်း နှေးတာကြောင့် တစ်ခြားနေရာတွေကို သိမပြန့်တတ်ပါဘူး။ ဒါကြောင့် မျက်နက်ဝန်း ရောင်ခြည်ဆဲလ်ကင်ဆာတွေဟာ တစ်ခြားနေရာတွေထက်စာရင် သိပ်မဆိုးဘူးလို့ ဆိုရမှာပေါ့။
မျက်လုံးတွင်း မြင်လွှာလမ်းကြောင်း ရောင်ခြည်ဆဲလ်ကင်ဆာဟာ သွေးကနေတစ်ဆင့် အသည်းထိကို ပျံ့နှံ့နိုင်ပါတယ်။
၄။ မျက်လုံးအမြှေးပါး ရောင်ခြည်ဆဲလ်ကင်ဆာ
အရမ်းကို ရှားပါးတဲ့ကင်ဆာတစ်မျိုးပါ။ အရမ်းဆိုးပြီး ဘေးနားက တခြားအစိတ်အပိုင်းတွေကိုပါ ထွင်းဖောက်နိုင်စွမ်း ရှိပါတယ်။ ပိုဆိုးတာက သွေးနဲ့လင့်ပြန်ကြောကနေတစ်ဆင့် အဆုတ်၊ အသည်း၊ ဦးနှောက်တွေအထိကို ပျံ့နှံ့ပြီး အသက်အန္တရာယ် ရှိလာနိုင်တာပါပဲ။
၅။ မျက်လုံးအိမ်နဲ့ မျက်လုံးအကာအရံပစ္စည်းကင်ဆာ
မျက်လုံးအိမ်ဆိုရာမှာ မျက်လုံးကို ရွေ့လျားနိုင်အောင် ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ၊ မျက်လုံးကို တွယ်ချိတ်ထားတဲ့ အာရုံကြောတွေ ပါပါတယ်။ ဒီတစ်သျှူးတွေမှာ ဖြစ်တဲ့ကင်ဆာကို မျက်လုံးအိမ်ကင်ဆာလို့ ခေါ်ပါတယ်။
မျက်လုံးအကာအရံဆိုရာမှာ မျက်ခွံနဲ့ မျက်ရည်ဂလင်းတွေ ပါပါတယ်။
● မျက်ခွံကင်ဆာ (အရေပြားကင်ဆာတစ်မျိုးပါပဲ။)
● မျက်လုံးကြွက်သားကင်ဆာ
● မျက်လုံးလင့်ပြန်ကျိတ်ကင်ဆာ ဆိုပြီးတော့ မျက်လုံးနားတစ်ဝိုက်က ကြွက်သားတွေ၊ အာရုံကြောတွေ၊ အရေပြားတွေမှာ ကင်ဆာ ဖြစ်လာနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























