/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးကို-ထိခိုက်မိခဲ့ရင်

မျက်လုံးကို ထိခိုက်မိခဲ့ရင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မျက်လုံးဆိုတာ အရေးကြီးတဲ့ မရှိမဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ မကြာမကြာလည်း ထိခိုက်ဒဏ်ရာရတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီလောက်တန်ဖိုးရှိတဲ့မျက်လုံးလေး ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာတွေလုပ်သင့်တယ်ဆိုတာလေး ပြောပြပေးမယ်နော်။
မျက်လုံးထဲကို ခေါင်းလျှော်ရည်တို့၊ ဖုန်မှုန့်တို့ဝင်တာမျိုးကတော့ ၁ ရက်လောက်နဲ့ သူ့ဟာသူ ပျောက်သွားလေ့ရှိတတ်ပါတယ်။ ဒါပေမဲ့ မျက်လုံးကို တစ်ခုခုနဲ့ထိုးမိတာတို့၊ ဓာတ်ပစ္စည်းတစ်ခုခု ဝင်သွားတာလိုမျိုးဆိုရငိတော့ အရေးပေါ်ကို သွားမှရပါမယ်။

>>  ဒီလိုဖြစ်ရင် အရေးပေါ်သွားပါ။
●  မျက်လုံးထဲကို ဓာတုပစ္စည်းတစ်မျိုးမျိုးဖြစိတဲ့ မုန့်ဖုတ်စက်ဆေးရည်တို့၊ ကြေးချွတ်ဆေးရည်တို့ ဝင်သွားခဲ့ရင် (မျက်လုံးကို ရေနဲ့တောက်လျှောက်ဆေးပြီး အရေးပေါ်ကိုသွားပါ။)
●  မျက်လုံးကို အချွန်တစ်ခုခုနဲ့ ထိုးမိခဲ့ရင်
●  အရှိန်ပြင်းတဲ့အရာတစ်ခုခုနဲ့ တိုက်မိခဲ့ရင်
●  မျက်လုံး ထိခိုက်မိပြီးနောက် အမြင်တွေပြောင်းလဲလာရင်
●  ခေါင်းကိုက်တာ၊ ဖျားတာ၊ အလင်းအစူးမခံနိုင်တာမျိုး ဖြစ်လာခဲ့ရင်
●  မျက်လုံးကို ထိခိုက်မိပြီးနောက် နေထိုင်မကောင်းဖြစ်လာရင်
●  မျက်လုံး လှုပ်မရ၊ ဖွင့်မရခဲ့ရင်
●  မျက်လုံးထဲက သွေးတွေ၊ ပြည်တွေထွက်လာရင် အရေးပေါ်ကိုသွားဖို့ လိုပါတယ်။

>>  အိမ်မှာ မျက်လုံးဒဏ်ရာကို ကုသမယ်ဆိုရင် -
**  လုပ်သင့်တာတွေက  **
●  မျက်လုံးထဲ တစ်ခုခုရှိနေရင် ရေသန့်သန့်နဲ့ ဆေးကြောပါ။
●  အလှပြင်ပစ္စည်းတို့၊ အိမ်သုံးပစ္စည်းတို့ မျက်စိထဲဝင်သွားရင် အညွှန်းမှာ မှာကြားထားတဲ့အတိုင်း လုပ်ပါ။
●  နာတာကျင်တာ သက်သာဖို့ ပါရာစီတမောတို့၊ အိုင်ဗြူပရိုဖန်တို့ သောက်ပါ။

**  မလုပ်သင့်တာတွေက  **
●  မျက်လုံးကို ဖောက်မိတဲ့ပစ္စည်းကို ကိုယ့်ဟာကိုယ် ဆွဲမထုတ်ပါနဲ့။
●  သက်သာသွားတဲ့အထိကို မျက်လုံးကို မထိပါနဲ့။ မပွတ်ပါနဲ့။
●  သက်သာသွားတဲ့အထိ မျက်လုံးနားတစ်ဝိုက်ကို မိတ်ကပ်မလိမ်းပါနဲ့။
●  သက်သာသွားတဲ့အထိ မျက်ကပ်မှန် မတပ်ပါနဲ့။

>>  မျက်လုံးကို ဘယ်လိုဆေးကြမလဲ?
●  ရေသန့်သန့်လေးနဲ့ ဆေးပေးပါ။
●  မျက်လုံးကို ဖွင့်ထားပါ။
●  အနည်းဆုံး မိနစ် ၂၀ လောက် မျက်လုံးကို ရေတွေအများကြီးနဲ့ ဆေးချပါ။
၂၄ နာရီကြာတဲ့အထိ မသက်သာဘူး၊ စိုးရိမ်တယ်ဆိုရင်တော့ အရေးပေါ်မှာ သွားပြတာ အကောင်းဆုံးပါပဲ။

Dr. Mya Phoo Ngon (www.drmyanmar.com)