/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးထဲကို-တစ်ခုခု-၀င်သွားတဲ့အခါ

မျက်လုံးထဲကို တစ်ခုခု ၀င်သွားတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျွနု်ပ်တို့ရဲ့ ကိုယ်ခန္ဓာတွင် မျက်စိဟာ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဆိုလညး် မမှားပါဘူး။ မျက်စိမှာ အလွန်နုနယ်သော ကြွက်သားများ၊ သွေးကြောများဖြင့် ဖွဲ့စည်းထားတာကြောင့် ဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ပြင်ပမှ ဖုန်များ၊ သဲများ သို့မဟုတ် အင်းဆက်ပိုးများ စသည့် အရာ၀တၳုများ မျက်စိတွင်း ၀င်ရောက်လာတတ်ပါတယ်။ ထိုအခါမျိုးမှာ မျက်စိကို မထိခိုက်အောင် ဘယ်လိုစောင့်ရှောက် ထိန်းသိမ်းသင့်လဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

>>    သင့်မျက်စိတွင်းသို့ ပြင်ပမှ အရာ၀တၳုတစ်မျိုးမျိုး ၀င်ရောက်ပါက -

●        ပထမဆုံး လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။

●        ရေကျက်အေး အနည်းငယ်ကို မျက်စိတွင်းသို့ လောင်းချပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်ပါ။ တော်ရုံဖုန်မှုန့် ပိုးကောင်များဆို ထိုနည်းဖြင့် ပြန်ထွက်သွားတတ်ပါတယ်။  သန့်စင်သော ဖန်ခွက်တစ်လုံးတွင် ရေကျက်အေးကို ထည့်ကာ မျက်လုံးအောက်ဘက်ရှိ မျက်ရိုးပေါ်တွင် ခွက်ကိုတင်ပြီး ဖြည်းဖြည်းချင်း ထည့်ပေးရမှာ ဖြစ်ပါတယ်။ ခွက်ကော၊ ရေကော သန့်ရှင်းဖို့ အရေးကြီးပါတယ်။

●        နောက်တစ်နည်းအနေနှင့် ရေချိုးခန်းရှိ ရေပန်းအောက်တွင် ရပ်နေပေးပါ။ မျက်ခွံကို ဖွင့်ထားရပါမယ်။

●        မျက်ကပ်မှန် တပ်ဆင်သူများအနေဖြင့် မျက်စိတွင်းသို့ ရေမလောင်းချမီ မျက်ကပ်မှန်ကို ချွတ်ရပါမယ်။ တစ်ခါတလေမှာ ဖုန်နှင့် သဲမှုန့်များက မျက်ကပ်မှန်အောက်တွင် ကပ်နေတတ်လို့ ဖြစ်ပါတယ်။

 

>>    သင့်အနီးအနားရှိ တစ်စုံတစ်ယောက်တွင် ဖြစ်ပေါ်ပါက ဘယ်လိုကူညီမလဲ?

●        သင့်လက်ကို ဆပ်ပြာဖြင့် အရင်ဆုံး ဆေးကြောလိုက်ပါ။

●        ကာယကံရှင်ကို အလင်းရောင် လုံလောက်စွာရသော နေရာတွင် ထိုင်ခိုင်းပါ။

●        သူ့မျက်စိကို လက်ဖြင့် ညင်သာစွာ ဖွင့်ပြီး ၀င်ရောက်နေသော အရာကို ရှာပါ။ တကယ်လို့ ၀င်ရောက်သောအရာသည် မျက်စိ၏ အပေါ်ယံမျက်နှာပြင်မှာ ကပ်နေပါက ကလေးများကို ဆေးတိုက်သည့် ပြွန်ငယ်လေးထဲသို့ ရေသန့်ထည့်ပြီး ထိုပြွန်လေးဖြင့် မျက်စိအတွင်းကို ဆေးကြောနိုင်ပါတယ်။

**     သတိပြုရန်

●        မျက်စိအတွင်းတွင် မြုပ်နေသော ပစ္စည်းများကို မိမိသဘောဖြင့် မဖယ်ထုတ်ရပါ။

●        မျက်စိကို လက်ဖြင့် မပွတ်သင့်ပါ။

●        မျက်စိကြွက်သားများကို ထိခိုက်နိုင်သည့် ကြီးလေးသောပစ္စည်းများကို မိမိသဘောဖြင့် အတင်းအကျပ် မဖယ်ထုတ်သင့်ပါ။ ဥပမာ - ခဲလုံး၊ ဖန်စ။

 

>>    ဘယ်အချိန်တွင် ဆရာ၀န်ထံ ပြသင့်လဲ?

          အောက်ပါအခြေအနေမျိုးတွင် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ရပါမယ်။

●        ရေဆေးချသောနည်းဖြင့် ဖယ်ထုတ်မရလျှင်

●        မျက်စိအတွင်း မြုပ်နေသော ပစ္စည်းဖြစ်ပါက

●        မျက်စိ ဝါးလာရင် သို့မဟုတ် မျက်စိမမြင်ရခြင်း ဖြစ်ပေါ်ပါက

●        ၀င်နေသောအရာကို ထုတ်ပြီးချိန်တွင် မျက်စိ နာကျင်ခြင်း နီရဲခြင်း ရှိနေပါက

          တစ်ခါတလေတွင် ၀င်ရောက်သောအရာ ပြန်ထွက်သွားလျှင်တောင်မှ မျက်စိကြွက်သားများတွင် ဒဏ်ဖြစ်ကျန်ခဲ့သောကြောင့် ၂၄ နာရီအတွင်း နာကျင်နီမြန်းခြင်း ကသိကအောက်ဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ မည်သို့ပင်ဖြစ်စေ မျက်စိနှင့် ပတ်သက်ပါက မပေါ့ဆသင့်ပဲ ကျွမ်းကျင်သောပညာရှင်တို့နှင့် လျင်မြန်စွာ ပြသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်သင့်ပါတယ်။

Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)