မျက်လုံးထဲကို တစ်စုံတစ်ခု မတော်တဆ ဝင်သွားတဲ့အခါ ...
မျက်လုံးထဲကို တစ်စုံတစ်ရာ ဝင်သွားတဲ့အခါ ဘယ်လိုပြုစုသင့်တယ်ဆိုတာလေး တင်ပြပေးလိုက်တယ်နော်။
● ပထမဆုံးအနေနဲ့ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး ပြောင်စင်အောင် ဆေးကြောပါ။
● ရေဖန်ခွက်ထဲကို ရေသန့်သန့်လေးထည့်ပြီး မျက်လုံးအိမ်ကို ရေထဲမှာနှစ်ကာ မျက်လုံးကို ဖွင့်ချည်ပိတ်ချည်လုပ်ခြင်းဖြင့် မျက်လုံးထဲဝင်သမျှ အမှုန်လေးတွေ၊ ဆေးရည်၊ ဓာတုပစ္စည်းတွေကို ရေအားဖြင့် ဓာတ်ပြယ်စေပါတယ်။
● နောက်တစ်ခုက ရေချိုးခန်းထဲကို ဝင်လိုက်ပြီး ရေပန်းအောက်မှာ မျက်နှာထားကာ မျက်နှာနဲ့ မျက်လုံးထဲကို ရေတသွင်သွင် စီးကျစေတာပါ။
● တကယ်လို့ မျက်ကပ်မှန် တပ်ဆင်ထားမယ်ဆိုရင်တော့ ဘာပဲလုပ်လုပ် မျက်ကပ်မှန်ကို အရင်ဖယ်ရှားဖို့ လိုပါတယ်။ တချို့သော အရာဝတၳုတွေ အမှုန်လေးတွေက မျက်ကပ်မှန်အခြေမှာ ကပ်နေတတ်လို့ပါ။
မျက်လုံးထဲကို ပြင်ပပစ္စည်းတစ်ခုခု ဝင်သွားတဲ့ လူတစ်ယောက်ကို ကူညီမယ်ဆိုရင် -
● သင့်လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး ပြောင်အောင်ဆေးကြောပါ။
● အလင်းရောင် ကောင်းကောင်းနေရာမှာ ထိုင်ခိုင်းပါ။
● မျက်လုံးကို အသာ ဖြဲဖွင့်ပြီး အထဲမှာ ဝင်နေတဲ့အရာကို ရှာပါ။
● မျက်လုံးကို အပေါ်နဲ့အောက် တစ်လှည့်စီ ကြည့်စေပြီး မျက်သားတွေကို ကြည့်ပါ။
● မျက်သားပေါ်မှာ တစ်ခုခု ကပ်နေရင် ရေနဲ့ ဆေးချပါ။
● ဒါမှမဟုတ် မျက်လုံးကို ရေထဲမှာ မှိတ်ချည် ဖွင့်ချည်လုပ်ခြင်းဖြင့် အမှုန်သေးလေးတွေကို သူ့အလိုလို ထွက်သွားစေပါတယ်။
● မျက်လုံးထဲက အရာကို လက်ညှိုးနဲ့ထိပြီး မထုတ်ပါနဲ့။ မျက်လုံးကို မပွတ်ရပါ။ မျက်သားထဲမှာ တစ်ခုခု စိုက်ဝင်နေရင် ချက်ချင်း မျက်စိဆရာဝန် ပြသပါ။
>> ဆေးပညာအကူအညီ ဘယ်အချိန်ယူသင့်ပါသလဲ?
● ရေထဲမှာ ဆေးတာတောင် အရာက ထွက်မသွားဘူး
● သစ်သားစတစ်ခုခု အစအနလေးဟာ မျက်လုံးထဲမှာ စိုက်ဝင်နေရင်
● မျက်လုံးအမြင်အာရုံ ရုတ်တရက် ထိခိုက်သွားရင် မမြင်ရတော့ရင်
● အရာဝတၳု ထုတ်ပြီးပေမယ့် နီနေတာ၊ ကိုက်တာ၊ နာတာ တစ်ခုခု ဆက်လက်ခံစားနေရရင် ဆရာဝန်နဲ့ ဆက်လက်ပြသပြီး ဆေးအကူအညီယူကြဖို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























