/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးနားက-အဆီဖတ်တွေ

မျက်လုံးနားက အဆီဖတ်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         မျက်ခွံ့တစ်ဝိုက်နားမှာရှိတဲ့ အဝါရောင်အစက်တွေဟာ သွေးထဲမှာ အဆီတွေများနေကြောင်း ပြနေတာပါ။ အစောပိုင်းတော့ ဘာမှမဖြစ်ပေမယ့် ကြာလာရင် ပိုပိုဆိုးလာပြီး နာတာ၊ ကျင်တာကို ဖြစ်စေနိုင်တယ်။ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

 

>>    သူ့ရဲ့လက္ခဏာတွေကတော့ -

          အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံပေါ်မှာ ဝါတာတာ အဆီဖတ်ကလေးတွေ စုလာတတ်တယ်။ ဒီအဆီဖတ်မှာ ကိုလက်စထရောတွေ အပါအဝင်တွေ အဆီတွေပါနေပြီး မျက်လုံးနဲ့ နှာခေါင်းမှာ ဆင်တူပေါ်တတ်ပါတယ်။

          ဒီလိုအဆီဖတ်တွေဟာ မျက်လုံးကို ဘာမှမထိခိုက်နိုင်ပါဘူး။ မျက်တောင်ခတ်တာနဲ့ မျက်လုံးအဖွင့်အပိတ်ကိုလည်း မထိခိုက်စေပါဘူး။ ဒါပေမဲ့ အချိန်ကြာလာရင်တော့ တဖြည်းဖြည်း ကြီးလာပြီးတော့ မအီမသာ ဖြစ်လာစေတယ်။ ဒီလိုဖြစ်လာရင်တော့ ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။

 

>>    ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -

          လူတိုင်းမှာတော့ ဒီလိုအဆီဖတ်ပုံတာ ဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ သွေးထဲအဆီဓာတ်များတဲ့ ရောဂါသမားတွေမှာ တွေ့ရတတ်ပါတယ်။

●        Hypercholestrolemia လို့ခေါ်တဲ့ ကိုလက်စထရော ၂၀၀mg/dl ထက် ပိုများနေတဲ့ရောဂါ

●        Hypertriglyceridemia လို့ခေါ်တဲ့ ထရိုင်ဂလစ်စရိုက်အဆီ ၁၅၀mg/dl ထက် ပိုများနေတဲ့ရောဂါ

●        LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော ၁၀၀mg/dl ထက် များနေတဲ့ရောဂါ

●        HDL လို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရော ၄၀mg/dl ထက် များနေတဲ့ရောဂါ

          ဒီလိုအဆီပုံစေတဲ့ အကြောင်းရင်းတွေ အများကြီးထဲကမှ တချို့တွေက မျိုးရိုးလိုက်ရောဂါကြောင့် ဖြစ်တာမို့ ကာကွယ်လို့မရပေမယ့် တချို့တွေမှာတော့ လူနေမှုပုံစံ အပြောင်းအလဲနဲ့တင် ကာကွယ်လို့ရတယ်။

 

>>    အဆီများစေတဲ့ လူနေမှုပုံစံတွေကတော့ -

●        ပြည့်ဝဆီ များပြီး မပြည့်ဝဆီ နည်းခြင်း

●        အရက် အလွန်အကျွံသောက်ခြင်း

●        နှလုံးနဲ့ သွေးကြော အားပေးတဲ့လေ့ကျင့်ခန်းတွေ မလုပ်တာ

●        အဝလွန်တာ

●        အမျှင် အစားနည်းတာ

●        ဆေးလိပ်သောက်တာ စတာတွေပါပဲ။

 

>>    မျက်လုံးနားတစ်ဝိုက် ကိုလက်စထရော အဆီဖတ်တွေ ပုံလာစေတဲ့ ဆေးဝါးတွေကတော့ -

●        betablocker

●        သနေ္ဓတားဆေး

●        အီစထရိုဂျင်ပါတဲ့ဆေးတွေ

●        စတီးရွိုက်ဆေးတွေ

●        retinoid ဗီတာမင်အေ

●        thiazide ဆီးဆေး

●        protease inhibitor

●        Anabolic steroid

●        အတက်ကျဆေးတွေပါပဲ။

          ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်အားနည်းရောဂါ၊ ဆီးချိုရောဂါတွေကြောင့်လည်း သွေးထဲအဆီတွေများပြီး ရတတ်သေးတယ်။ တစ်ခါတလေတော့လည်း ဘာကြောင့်မှန်းမသိ ဖြစ်တတ်သေးတယ်။

 

>>    ရောဂါကို ရှာဖို့အတွက်

          ဘယ်တုန်းက စပေါ်ပြီး ဘာတွေ ဆက်ပြောင်းလဲလာသလဲဆိုတာကို ဆရာဝန်က မေးပါလိမ့်မယ်။ ကြည့်ရုံနဲ့တင် အဆီများ အဆီဖတ်ကပ်တာကို ခွဲခြားသိနိုင်ပါတယ်။

          ဒီလိုအဆီရောဂါဖြစ်စေနိုင်တဲ့ အောက်ခံအကြောင်းရင်းတွေရော ရှိလားဆိုတာ လိုက်ရှာရမယ်။ အဆီပမာဏကို သိရဖု့ိ HDL, LDL, triglycerideနဲ့ apolipoprotein B100 စသဖြင့် သွေးထဲက အဆီပမာဏ အမျိုးမျိုးကို စစ်ဆေးကြည့်ရမယ်။ တက်နေတဲ့အဆီကိုကြည့်ပြီး ရောဂါကို ခန့်မှန်းနိုင်ပါတယ်။

 

>>    မျက်ခွံနားတစ်ဝိုက် အဆီပုံတဲ့ရောဂါကို ကုသဖို့ -

●        ခွဲစိတ်ခြင်း : ဘလိတ်ဓားလို ဓားပါးလေးနဲ့ အဆီခဲတွေကို ဖြတ်ထုတ်လိုက်လို့ရတယ်။ ၄ ပတ်လောက်အတွင်းမှာတင် နဂိုအတိုင်း ပြန်ဖြစ်နိုင်တယ်။

●        ဓာတုပစ္စည်းနဲ့ ဖြတ်ထုတ်ခြင်း : chlorinated acetic acid ကိုသုံးပြီး အမာရွတ်မကျန်စေဘဲ ဖယ်ရှားတဲ့နည်းလမ်းပါ။

●        အအေးခဲ ဖြတ်ထုတ်ခြင်း : မကြာခဏ ပြုလုပ်ပေးရင် ပျောက်နိုင်ပါတယ်။ ဒါပေမဲ့ အမာရွတ်ကျန်တာ၊ အသားရောင်ပြောင်းတာတွေ ဖြစ်နိုင်တယ်။

●        ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အာဂွန်လေဆာ ဖျက်ဆီးခြင်း : ခွဲစိတ်တာလောက် ထဲထဲဝင်ဝင်မရှိဘဲ အောင်မြင်နိုင်ခြေလည်း များတယ်။ အသားရောင် ပြောင်းတာမျိုးတော့ ရှိနိုင်တယ်။

●        လျှပ်စစ်နဲ့ ဖျက်ဆီးခြင်း : အအေးခဲ ဖြတ်ထုတ်ခြင်းနဲ့အတူ သုံးလေ့ရှိတယ်။

          ဒီကုထုံးတွေလုပ်ပြီး နောက်ပိုင်းမှာ ကိုယ်ခံစားရသမျှကို ဆရာဝန်ကို ပြောပြဖို့ လိုတယ်။ ဒီမျက်ခွံအဆီဖတ်ဟာ ပြန်ပြန်ဖြစ်တတ်တယ်။ အထူးသဖြင့် ခွဲစိတ်ထုတ်ကုထုံး ဒါမှမဟုတ် သွေးတွင်း အဆီအရမ်းများနေတဲ့ အခြေအနေမျိုးမှာပေါ့။

          တကယ်လို့ အောက်ခံအကြောင်းရင်းက သွေးတွင်းအဆီ များနေလို့ဖြစ်တာဆိုရင် သွေးတွင်းအဆီဓာတက်ကို လျှော့ချပေးရုံနဲ့တင် နောက်ထပ် ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

●        အာဟာရပညာရှင်နဲ့ တိုင်ပင်ပြီး အစားအသောက်ကို ပြင်ဆင်ပြောင်းလဲပါ။

●        တစ်နေ့တာစားတဲ့ အဆီပမာဏကို တစ်နေ့ ကယ်လိုရီပမာဏရဲ့ ၉ ရာခိုင်နှုန်းအောက်မှာ ရှိပါစေ။

●        အမျှင်ဓာတ် ပိုစားပေးပါ။

●        ပရိုတင်းတွေ၊ အထူးသဖြင့် တို့ဖူး၊ ပဲစတဲ့ အပင်ပရိုတင်းကို ပိုစားပေးပါ။

●        အရက်ကို လျှော့သောက်ပါ။

●        ဆေးလိပ်ဖြတ်ပါ။

●        မပြည့်ဝအဆီတွေကို စားပေးပါ။

●        တစ်ပတ်နှစ်ကြိမ်လောက် လေ့ကျင့်ခန်းလေး လုပ်ပေးပါ။

          triglyceride တွေ၊ ကိုလက်စထရောတွေ လျှော့ချဖို့ ဆေးတွေလည်း ပေးပါလိမ့်မယ်။

          မျက်ခွံအဆီဖတ် ကပ်တဲ့ရောဂါဟာ အသက်အရွယ်မရွေးမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်တယ်။ ကြာလာပြီး မကုဘဲထားရင် ပိုပိုကြီးလာပြီး နေရထိုင်ရ ခက်လာပါလိမ့်မယ်။

          သွေးတွင်းအဆီများနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်တာမို့ သွေးကြော အဆီဖုံးတာ၊ နှလုံးရောဂါ စသဖြင့် နောက်ပိုင်းနောက်ဆက်တွဲတွေကို ကာကွယ်ဖို့ လိုတယ်။

          အဆီဖတ်ကို ခွဲစိတ်တာ၊ အအေးခဲဖြတ်ထုတ်တာတွေ လုပ်လို့ရတယ်။ အောက်ခံသွေးတွင်း အဆီများတာကိုလည်း ကုသဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)