/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးများ-ကျန်းမာစေဖို့

မျက်လုံးများ ကျန်းမာစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ကောင်းစွာစားသောက်ခြင်း

        မျက်စိကျန်းမာရေးဟာ မိမိစားသောက်တဲ့ အစားအစာပေါ်များစွာတည်မှီပါတယ်။ အိုမီဂါ 3 အက်ဆစ်၊ ရောင်ခြယ်တစ်မျိုး (Lutein)၊ ဇင့်၊ ဗီတာမင် C နဲ့ E ကဲ့သို့ အာဟာရဓာတ်တွေဟာ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ၎င်းဓာတ်တွေကို ရစေဖို့အတွက် အောက်ပါတို့ကို စားသုံးပေးနိုင်ပါတယ်။

- ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီထုပ် စတဲ့အစိမ်းရောင်ရှိသော အသီးအရွက်များ

- ဆဲလ်မွန်ငါး၊ တူနာငါးနဲ့ အခြားအဆီပါဝင်မှုမြင့်မားတဲ့ငါးများ

- ဥအမျိုးမျိုး၊ သစ်စေ့များ၊ ပဲအမျိုးမျိုးနဲ့ အသားမဟုတ်ဘဲ ပရိုတင်း (အသားဓာတ်) ပါဝင်တဲ့အစားအစာများ

- လိမေ္မာ်သီးနှင့် အခြားအချဉ်ဓာတ်ပါဝင်သော အသီး၊ ဖျော်ရည်များ

- ကမာနှင့် ဝက်သား

          အစားအသောက်ကိုသင့်တင့်မျှတစွာ စားသောက်ခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်တာကြောင့် အဝလွန်ခြင်းနဲ့ ၎င်းနှင့်ဆက်စပ်နေတဲ့ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါအမျိုးအစား (2) ဖြစ်ခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါဟာ လူကြီးတွေမှာ မျက်စိကွယ်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။

2. ဆေးလိပ်သောက်ခြင်း

        ဆေးလိပ်သောက်ခြင်းဟာ အတွင်းတိမ်ဖြစ်ခြင်း၊ အာရုံကြောတွေပျက်စီးစေခြင်းနဲ့ အမြင်အာရုံချို့ယွင်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ကြိမ်တစ်ခါနဲ့ ဖြတ်လို့မရရင်လည်း လက်မလျှော့ပါနှင့်။ အကြိမ်ရေများများ ကြိုးစားလေ အောင်မြင်နိုင်ချေများလေလေပဲဖြစ်ပါတယ်။ လိုအပ်ပါက ဆရာဝန်ထံမှလည်း အကူအညီရယူနိုင်ပါတယ်။

3. နေကာမျက်မှန်ဝတ်ဆင်ပါ

        နေကာမျက်မှန်ဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်လုံးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မကြာခဏထိတွေ့ပါက အတွင်းတိမ်နဲ့ အမြင်အာရုံချို့ယွင်းခြင်းတွေဖြစ်နိုင်ပါတယ်။

          ခရမ်းလွန်ရောင်ခြည် A နဲ့ B တွေကို 99% မှ 100% ထိ ကာကွယ်ပေးနိုင်ပြီး မျက်လုံးဘေးဘက်ထိပါ ကာပေးနိုင်တဲ့ မျက်မှန်မျိုးကိုရွေးချယ်ဝတ်ဆင်ပါ။ ထိုကဲ့သို့ ရောင်ခြည်တန်းတွေကို ကာပေးနိုင်တဲ့ မှန်ဘီးလူတွေဟာ ကားမောင်းစဉ် မျက်စိစူးခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

          မျက်ကပ်မှန်တွေမှာ နေရောင်ခြည်ကာပေးနိုင်တဲ့ အမျိုးအစားရှိပေမယ့်လည်း အကောင်းဆုံးကတော့ နေကာမျက်မှန်ကို ထပ်မံဝတ်ဆင်ခြင်းဖြင့် ပိုမိုထိရောက်တဲ့ကာကွယ်မှုကိုရယူသင့်ပါတယ်။

4. လုပ်ငန်းခွင်တွင် အန္တရာယ်ကင်း မျက်လုံးအကာများ ဝတ်ဆင်ခြင်း

        လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရမည်ဆိုပါက မျက်လုံးအကာအကွယ်များကို မဖြစ်မနေဝတ်ဆင်သင့်ပါတယ်။

          ရေခဲပြင်ဟော်ကီကစားနည်းကဲ့သို့ အားကစားများသည် မျက်လုံးကိုထိခိုက်ဒဏ်ရာရစေနိုင်တာကြောင့် မျက်လုံးအကာအကွယ်များ၊ ဦးထုပ်များ၊ မျက်နှာအကာအကွယ်အဖုံးများ စတာတွေကိုဝတ်ဆင်ပြီးမှ ကစားသင့်ပါတယ်။

5. ကွန်ပျူတာဖန်သားပြင်မှ ဝေးရာသို့ကြည့်ပေးခြင်း

        ကွန်ပျူတာ (သို့) ဖုန်းမျက်နှာပြင်ကို အကြာကြီးစိုက်ကြည့်နေပါက -

- မျက်လုံးဒဏ်ရာရခြင်း

- အမြင်အာရုံဝေ​ဝါးလာခြင်း

- အဝေးကို အာရုံစူးစိုက်ရာတွင်ပြဿနာဖြစ်လာခြင်း

- မျက်လုံးခြောက်ခြင်း

- ခေါင်းကိုက်ခြင်း

- လည်ပင်း၊ ကျောနဲ့ လက်မောင်းနာကျင်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

မျက်လုံးများကို ကာကွယ်ရန်မှာ -

- မျက်မှန် (သို့) မျက်ကပ်မှန်တွေဟာ မိမိမျက်လုံးရဲ့ပါဝါနဲ့ကိုက်ညီမှုရှိပြီး ကွန်ပျူတာမျက်နှာပြင်ကို ကြည့်လို့ကောင်းတာသေချာပါစေ။

- မျက်လုံးကိုက်တာမသက်သာပါက ဆရာဝန်နှင့် ပြသပါ။

- ကွန်ပျူတာမျက်နှာပြင်ရဲ့ အပေါ်ဆုံးထိပ်ဟာမျက်လုံးနဲ့တစ်တန်းတည်းရှိနေပါစေ။ သို့မှသာ မျက်နှာပြင်ကို အနညး်ငယ်ငုံ့ကြည့်သယောင်ဖြစ်စေမှာဖြစ်ပါတယ်။

- သက်သောင့်သက်သာရှိပြီး ခန္ဓာကိုယ်ကို အထောက်အပံ့ပေးနိုင်မယ့် ကုလားထိုင်များကို ရွေးချယ်ပါ။ ခြေထောက်များကို ကြမ်းပြင်ပေါ် အပြားလိုက်ချထားနိုင်တဲ့အနေအထားဖြင့်သာထိုင်ပါ။

- မျက်စိများခြောက်သွေ့လာပါက မကြာခဏမျက်တောင်ခတ်ပေးပါ။

- မျက်လုံးများကို မိနစ် 20 တစ်ခါ အနားပေးပါ။ ပေ 20 ခန့်အကွာအဝေးကို စက္ကန့် 20 ခန့်ကြည့်ပေးပါ။ 2 နာရီကြာတစ်ခါထ၍ 15 မိနစ်ခန့် အားလပ်ချိန်ယူပါ

6. မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသပါ

        ကလေးငယ်တွေအပါအဝင် လူတိုင်းဟာ ပုံမှန်မျက်စိစစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဟာ အမြင်အာရုံကိုကာကွယ်ပေးနိုင်ရုံသာမက ကြည်လင်ပြတ်သားသောမြင်ကွင်းကိုလည်း ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

          မျက်စိစစ်ဆေးမှုခံယူခြင်းဖြင့် ဘာရောဂါလက္ခဏာမှမပြတတ်တဲ့ ရေတိမ်ကဲ့သို့ရောဂါမျိုးကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါကိုစောစီးစွာသိရှိပါက ကုသမှုခံယူရာမှာ ပိုမိုလွယ်ကူပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com