/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးလေးတွေက-ပြောပြနေတဲ့-ကျန်းမာရေးအခြေအနေ

မျက်လုံးလေးတွေက ပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        မျက်လုံးလေးတွေကနေမှတစ်ဆင့် ကမ်ဘာကြီးကို မြင်ရတယ်။ အရာဝတၳုပစ္စည်းတွေ၊ အရောင်တွေ စတဲ့ အရာရာကို မြင်နိုင်ပါတယ်။ ဒီတော့ ကိုယ့်အတွက် အရေးကြီးတဲ့ ဒီမျက်လုံးလေးတွေကို ဂရုစိုက်ပြီး စောင့်ကြည့်ပေးဖို့ အရေးကြီးပါတယ်။

          မျက်လုံးမှာ အောက်ပါလက္ခဏာလေးတွေပြပြီဆိုရင် ဂရုစိုက်ဖို့လိုပါတယ်။

1.      အဖြူစက်များ

          မျက်ကပ်မှန် တပ်တဲ့လူတွေမှာ မြင်လွှာပေါ်မှာ အဖြူရောင်အစက်လေးတွေကို သတိထားမိပြီဆိုရင် ဒါက မြင်လွှာ ပျက်စီးပြီးတော့ ရောဂါပိုးဝင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဖြူစက်တွေအပြင် မျက်လုံးရောင်တာ၊ နာတာတွေပါ ဖြစ်လာရင်တော့ မျက်စိဆရာဝန်နဲ့ သွားပြပါ။ အရမ်းလည်း မစိုးရိမ်ပါနဲ့။ ဒါက ဖြစ်လေ့ဖြစ်ထရှိပြီးတော့ မျက်ကပ်မှန်ကို ရက်နည်းနည်းလောက် ချွတ်ထားဖို့တော့ လိုပါလိမ့်မယ်။

 

2.      မျက်ခွံလှုပ်ခြင်း

          ဘယ်လိုပဲလုပ်လုပ် မျက်ခွံတွေ ဆက်တိုက်လှုပ်နေတာက ရပ်မသွားဘူးဆိုရင် ဒါက စိတ်ဖိစီးမှုတွေ အများကြီးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ရေချိုး၊ စာအုပ်လေးဖတ်၊ အိပ်ရာလေး စောစောဝင်ပြီး အနားယူလိုက်ပါ။

 

3.      အမြင်အာရုံဝေဝါးခြင်း

          အမြင်အာရုံ မကောင်းတဲ့လက္ခဏာပါ။ အမြင်အာရုံ ဝေဝါးတာက ဆက်ဖြစ်နေရင် ဆီးချိုလိုမျိုး ရောဂါကြီးကြီးတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ မျက်စိတိမ်စွဲခြင်း၊ မျက်လုံး ပျက်စီးယိုယွင်းခြင်းစတဲ့ အခြေအနေတွေကိုပြတဲ့ စဦးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

 

4.      မျက်နက်ဝန်းဘေးက အဖြူရောင်ကွင်းများ

          မျက်လုံးအထဲက အနက်ဆံလေးဘေးနားမှာ အဖြူရောင်ကွင်းတွေ ပေါ်လာတာကတော့ သွေးတွင်း ကိုလက်စရောနဲ့ triglyceride လို့ခေါ်တဲ့ အဆီဓာတ်တွေများလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေ ဖြစ်လာရင်တော့ နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ လေဖြတ်နိုင်ချေတွေ များတယ်ဆိုတာကိုလည်း ပြပါတယ်။ ဒီတော့ ဒီအဖြူကွင်းတွေ တွေ့တယ်ဆိုရင် မျက်စိဆရာဝန် (သို့) သမားတော်ကို သွားပြပါ။

 

5.      မျက်လုံးခြောက်ခြင်း

          အမြဲတမ်း မျက်လုံးတွေ အရမ်းခြောက်နေတာကတော့ မျက်လုံးမှာ လုံလောက်တဲ့ ချောဆီနဲ့ စိုစွတ်မှုမရှိတဲ့အတွက်ဖြစ်တဲ့ မျက်လုံးခြောက်ခြင်း ရောဂါလက္ခဏာစုကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ မျက်လုံးခြောက်တာအတွက် မျက်စဉ်းဝယ်ခတ်နိုင်သလို ဆရာဝန်သွားပြလည်း ရပါတယ်။ မျက်လုံးခြောက်တာက ဓာတ်မတည့်တဲ့လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။

 

6.      မျက်လုံးထဲက အဝါရောင်အစက်လေး

          မျက်လုံးအတွင်းဘေးလေးမှာ အဝါရောင် အစက်အကွက်လေး ဖြစ်လာရင် နေပူထဲမှာ အနေများလို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိဆရာဝန်သွားပြပါ။ ပြီးတော့ ခရမ်းလွန်ရောင်ခြည်ကို ကောင်းကောင်း ကာကွယ်ပေးနိုင်တဲ့ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန် ဝယ်တပ်လိုက်ပါ။

 

7.      မျက်လုံးတစ်ခုလုံး ဝါနေခြင်း

          မျက်လုံးထဲမှာရှိတဲ့ အဖြူသားတွေ အကုန်လုံး ဝါနေရင်တော့ အသားဝါရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြားတွေလည်း ဝါနေနိုင်ပါတယ်။ အသားဝါရောဂါက အသည်းမှာရောဂါပိုး ဝင်တဲ့လက္ခဏာဖြစ်လို့ ဆရာဝန်သွားပြဖို့ လိုပါတယ်။

 

8.      မျက်ရည် အမြဲထွက်နေခြင်း

          တစ်နေ့လုံး ကွန်ပျူတာသုံးပြီး အလုပ်လုပ်နေရပါသလား၊ ရုပ်ရှင်ကားတွေ တစ်နေကုန် ကြည့်နေပါသလား။ ဖုန်း တစ်နေကုန် သုံးနေပါသလား။ ဒီလိုဖန်သားပြင်တွေကို အမြဲစိုက်ကြည့်နေတဲ့အခါမှာ မျက်လုံးက မျက်ရည်ကျစေပါတယ်။ ဒါကဖြစ်လေ့ရှိပြီးတော့ ဖန်သားပြင်တွေ ကြည့်ရာကနေ ခွာပြီး အနားယူပေးပါ။

 

9.      မျက်လုံးနီရဲနေခြင်း

          မျက်လုံးတွေ အရမ်းရဲနေတာကလည်း ဖြစ်လေ့ရှိတဲ့ မျက်လုံးပြဿနာတစ်မျိုးပါပဲ။ တစ်ခါတလေဆိုရင် အအေးမိတဲ့အခါ၊ ချောင်းအရမ်းဆိုးတဲ့အခါ။ ညဘက်အိပ်တာ နောက်ကျတဲ့အခါတွေနဲ့ မျက်လုံးကို အားစိုက်ပြီးတော့ အတင်းဖွင့်ရတဲ့အခါတွေမှာလည်း မျက်လုံး

ရဲတတ်ပါတယ်။

 

10.    မျက်စိရှေ့မှာ တစ်ခုခုမျောနေသလို မြင်ရခြင်း

          ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာပါပဲ။ ခဏတာဖြစ်တာက ပြဿနာမရှိပေမယ့် အမြဲဖြစ်နေရင်တော့ မြင်လွှာစုတ်ပြဲသွားတာ၊ ကွာသွားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

11.    မျက်လုံးကြီးဖောင်းပြီး နီနေခြင်း

          မျက်လုံးဖောင်းပြီး နီနေတာနဲ့အတူ ယားတာ၊ ခိုးလို့ခုလုဖြစ်တာတွေ မရှိဘူးဆိုရင် ဒါက အရမ်းပင်ပန်းပြီးတော့ အိပ်စက်အနားယူဖို့ လိုအပ်လို့ ဖြစ်နိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)