မျက်လုံး စမ်းသပ်ဖို့ ဘာလို့အရေးကြီးတာလဲ
အမြင်အာရုံ စမ်းသပ်မှုဆိုတာ လူကြီးလူငယ်မရွေး လုပ်သင့်တဲ့ ဆေးစစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။ မျက်ဝန်းတစ်စုံမှာ ကြည်လင်တဲ့အမြင်အား ရှိ၊ မရှိ စမ်းသပ်ဖို့ ဘာလို့အရေးကြီးတာလဲ။
• ကလေးသူငယ်တွေဟာ အခုခေတ်မှာ စာအုပ်နဲ့စာဖတ်အား နည်းပါးလာပြီး ကွန်ပျုတာ၊ အင်တာနက်၊ ဂိမ်းဆော့တဲ့ခေတ် ရောက်တာနဲ့အမျှ ကလေးတွေရဲ့ အမြင်အာရုံဟာလည်း တဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရမှာပါ။ တစ်နှစ်ကိုတစ်ခါ မျက်စိ စစ်ဆေးကြည့်တာဟာ ကလေးတွေအတွက် အရေးပါတဲ့ ကျန်းမာရေးစစ်ဆေးချက် ဖြစ်ပါတယ်။
• အနီးမှုန်ရောဂါ အသက်ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးတွေမှာ ဖြစ်တာတွေ့နေရပါပြီ။ အနီးမှုန်ရောဂါဟာ တဖြည်းဖြည်းချင်း ဆိုးဝါးလာတတ်ပြီး အမြင်အာရုံ လုံးဝဆုံးရှုံးသည်အထိ ဆိုးဝါးသွားတတ်လို့ ကြောက်စရာကောင်းလှပါတယ်။ ရေတိမ်၊ တိမ်ဖုံးခြင်းနှင့် မြင်လွှာကွာကျခြင်းတွေပါ ဖြစ်စေပါတယ်။
• သာမန်အမြင်အာရုံ စစ်ဆေးခြင်းဟာ ပြင်းထန်ရောဂါတွေမှာပဲ သိသာစွာပေါ်လာတတ်ပြီး သိပ်အသုံးကျတယ်လို့ မဆိုနိုင်ပါဘူး။ တတ်ကျွမ်းနားလည်တဲ့ မျက်စိအထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးပြီး သေချာကျကျနန အမြင်အာရုံ စစ်ဆေးတာကသာလျှင် ပြင်းထန်မျက်စိရောဂါတွေ အပါအဝင် အမြင်အာရုံကို သေချာစွာ စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။
• ရေတိမ်ဟာ အလွန်ကြောက်စရာရောဂါပေမယ့် ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ မျက်စိကို ပုံမှန် စမ်းသပ်စစ်ဆေးမှု ယူနေမှသာ ရေတိမ်ဖြစ်ပွားမှု ရှိ၊ မရှိ သိရှိနိုင်ပြီး လိုအပ်တဲ့ ကုသမှုနဲ့ ခွဲစိတ်မှု ရယူနိုင်တာ ဖြစ်ပါတယ်။ အချိန်မီ တွေ့ရှိကုသနိုင်ခြင်းမရှိတဲ့ ရေတိမ်ဟာ မျက်စိ လုံးဝကွယ်သွားနိုင်တာကို မမေ့ကြဖို့ ဖြစ်ပါတယ်။
• တကယ်လို့ မိမိမှာ ဆီးချိုနှင့် သွေးတိုးရောဂါတွေ ခံစားနေရမယ်ဆိုရင် မျက်လုံးစစ်ဆေးမှုဟာ အလွန်အရေးပါတဲ့ အခြေအနေကို ရောက်သွားပါပြီ။
1. သေချာစွာ ကုသမှုမရှိသော ဆီးချိုရောဂါ
2. သွေးတိုးရောဂါ
3. သွေးတွင်း အဆီတက်ရောဂါ
4. ရှားပါးသွေးကြောရောဂါများက သွေးစီးဆင်းမှုနှင့် မျက်လုံးအိမ်က သွေးကြောတွေကို ထိခိုက်စေလို့ အလွန်အန္တရာယ်များသောရောဂါများ ဖြစ်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါဆိုရင် ဘာရောဂါလက္ခဏာမှမပြဘဲ မသိလိုက်မသိဖာသာ တစ်စတစ်စ ဆိုးဝါးနေပြီး နောက်ဆုံး မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ တစ်နှစ်ကိုတစ်ခါ မျက်စိ စစ်ဆေးကြည့်တာဟာ အလွန်အရေးပါတဲ့ ကျန်းမာရေး ဆောင်ရွက်ချက် ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























