/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/များပြားလှတဲ့အလုပ်တာဝန်ကြားမှာ-ကျန်းမာစွာ-နေထိုင်နိုင်ဖို့

များပြားလှတဲ့အလုပ်တာဝန်ကြားမှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အလုပ်တာဝန်တွေ များပြားနေတဲ့အခါ ကျန်းမာအောင်နေထိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အလုပ်များများ ကျန်းမာရေးကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီတော့ အလုပ်တာဝန်တွေ များပြားတဲ့ကြားထဲက ကျန်းမာရေးကိုဂရုစိုက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်နာကြည့်ပါ။

၁။  အစားအသောက်ကို သေချာပြင်ဆင်ပါ။
အများစုအတွက် အလုပ်ရှူပ်နေချိန် ကျန်းမာရေးနဲ့ညီညွတ်အောင် စားဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ အလုပ်ရှူပ်နေတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်အောင် ပြင်ဆင်စားသောက်ဖိူ့ထက် အလွယ်တကူရနိုင်တဲ့ Junk food တွေ စားလိုက်မိတာ များပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နိုင်ဖို့ဆိုရင် အစားအသောက်ကို သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် တစ်ပတ်စာအတွက်ကို တနင်္ဂနွေတစ်ရက်မှာ အချိန်ယူပြင်ဆင်ပြီး ရေခဲသေတ္တာထဲ ထည့်ထားခြင်းဖြင့် တစ်ပတ်တာလုံး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ဖြစ်တဲ့အပြင် အချိန်ရော၊ ပိုက်ဆံပါ သက်သာစေနိုင်ပါတယ်။

ImmunPro 2022 IA 1

၂။  ရေဓာတ်ပြည့်ဝအောင် သောက်ပါ။
နောက်ထပ် အရေးကြီးတဲ့တစ်ချက်က ရေဓာတ်ပြည့်ဝအောင် သောက်ဖို့ပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ဆိုးကျိုးတွေ အများကြီးပေးနိုင်ပါတယ်။ အများဆုံး ခံစားရတာက ခေါင်းကိုက်တာ၊ မလန်းဆန်းတာ၊ စိတ်ဆတ်တာ၊ အစားစားချင်စိတ်များတာ စတာတွေ ခံစားရတတ်ပါတယ်။

၃။  လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
အလုပ်များနေချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ Gym သွားမှမဟုတ်ဘဲ တစ်နေ့ ၁၅ မိနစ် - မိနစ် ၂၀ လောက် လုပ်ရင်တောင် သိသာတဲ့ရလဒ်တွေ ရနိုင်ပါတယ်။ လမ်းလျှောက်ပေးတာ၊ ယောဂအတိုလေး ပြုလုပ်တာ၊ အေရိုးဗစ်လုပ်တာ စသဖြင့် လုပ်ပေးနိုင်ပါတယ်။ အချိန်သက်သက် မပေးနိုင်ရင်တောင် အလုပ်ခဏနားချိန်မျိုးမှာ လမ်းပတ်လျှောက်ပေးတာမျိုး လုပ်နိုင်ပါတယ်။

ImmunPro 2022 IA 2

၄။  အားလပ်ရက် ပိတ်ရက်အလေ့အကျင့်တွေကို သတိထားပါ။
အားလပ်ရက်ပိတ်ရက်ဆိုတာ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ပြီး အနားယူရမယ့်အချိန်ဖြစ်ပေမယ့် ဒီအားလပ်ရက်မှာ လုပ်တာက တစ်ပတ်လုံးစာအတွက် သက်ရောက်မှုရှိပါတယ်။ ပိတ်ရက်မှာ အပြင်ထွက် အရက်သောက်တာ၊ ညနက်မှအိပ်တာ စတာတွေကြောင့် တနင်္လာနေ့မှာ ပင်ပန်းနေတာမျိုး ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာဟာ ပုံမှန်သူ့အချိန်စာရင်းနဲ့သူ အလုပ်လုပ်နေမှသာ ကောင်းကောင်း အလုပ်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ပိတ်ရက်မှာလည်း အချိန်မှန်အိပ်၊ အချိန်မှန်စားပေးတာသာ အကောင်းဆုံးပါပဲနော်။

၅။  အိပ်ရေးဝဝအိပ်ပါ။
အလုပ်ရှူပ်နေချိန်မှာ အိပ်ရေးဝအောင်အိပ်ဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးကို ဖုန်းတွေ၊ လက်ပ်တော့တွေမသုံးဘဲ အိပ်ခန်းကိုလည်း အေးပြီး မှောင်နေအောင် ထားပေးပါ။ ဒီနည်းအားဖြင့် အိပ်ရေးဝပြီး ကျန်းမာလာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ အလုပ်ရှူပ်နေချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ဖို့ မလွယ်ကူဘူးဆိုပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)