/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျိုးအောင်နိုင်စွမ်းနှင့်-အစားအစာများ

မျိုးအောင်နိုင်စွမ်းနှင့် အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပျော်ရွှင်တဲ့မိသားစုဘ၀မှာ ချစ်စရာ သားငယ်သမီးငယ်လေးတွေဟာ အခရာဖြစ်ပါတယ်။ သားသားမီးမီးလေးတွေ လိုချင်ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်၀န်ဆောင်နိုင်ဖို့ ခဲယဉ်းနေကြတဲ့ အိမ်ထောင်ရှင် တွေလည်းရှိကြပါတယ်။ မျိုးအောင်နိုင်စွမ်းကို ကျဆင်းစေတဲ့အချက်တွေထဲမှာ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေလဲ ပါ၀င်နေပါတယ်။ ဒါကြောင့် မျိုးအောင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေနဲ့ ကျဆင်း နိုင်တဲ့ အစားအစာတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ပေးသော အစားအစာများ

 

1)     နို့နှင့် နို့ထွက်ပစ္စည်းများ

            အရိုးသန်မာစေဖို့နဲ့ မျိုးပွားမှုလုပ်ငန်းစဉ်ကောင်းမွန်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ် ဓာတ်ဟာ နွားနို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲ အစရှိတဲ့ အစားအစာတွေမှာပါ၀င်ပါတယ်။ ဒါပေမယ့် မလိုင်ပြည့်၀နေတဲ့ နို့တွေက တော့ သနေ္ဓဖြစ်တည်မှု အလားအလာကိုလျော့ကျစေနိုင်ပါတယ်။ ကိုယ်၀န်ဆောင်နေချိန်မှာ ကလေးငယ်ရဲ့အရိုး နဲ့သွားတွေဖွ့ံဖြိုးဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ဆော်မွန်ငါး၊ တို့ဟူး၊ ဗာဒံစေ့၊ သစ်သီးဖျော်ရည်တို့ကို စားသုံးပေးခြင်းဖြင့် အလုံအလောက်ရရှိစေနိုင်ပါတယ်။ ကိုယ်၀န်ဆောင် မိခင်တွေအနေနဲ့ ကယ်လ်ဆီယမ်ဓာတ်ကို နေ့စဉ် 1000 mg ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

2)     အဆီနည်းအသား

            မျိုးအောင်နိုင်နှုန်းမြင့်မားစေတဲ့ သံဓာတ်ဟာ ကြက်ဆင်သား၊ အမဲသားနဲ့ ကြက်သားတို့မှာ ပြည့်၀စွာ ပါ၀င်ပါတယ်။ ဒါပေမယ့် ပရိုတင်းဓာတ်ကို တနေ့မှာ နှစ်ကြိမ်စားသုံးရမယ့် သတ်မှတ်ချက်ထက် ကျော်လွန်သွားပါ က မျိုးအောင်နိုင်ချေကို ကျဆင်းစေပါတယ်။ အသားမစားတဲ့ ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ကတော့ သံဓာတ်ပါ၀င်တဲ့ အားဖြည့်ဆေးတွေမှီ၀ဲပေးဖို့ လိုအပ်တဲ့အပြင် ပဲသီးတောင့်၊ တို့ဟူးတို့ကို စားသုံး ပေးဖို့ လိုအပ်ပါတယ်။

3)     ကစီဓာတ်ပါ၀င်တဲ့အစားအစာများ

            ပြုပြင်မွမ်းမံထားတဲ့ ကစီဓာတ်ပါ၀င်အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်ဖြူ၊ ဆန်ချောနဲ့ အချိုဓာတ်ကဲထားတဲ့ အစားအစာတွေဟာ မျိုးပွားဟော်မုန်း တိုးပွားမှုကို ဟန့်တားစေနိုင်တဲ့ အင်ဆူလင်ပမာဏ မြှင့်တင်ပေးပြီး သွေး တွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။

       ဒါကြောင့် ဓာတုဒြပ်ပေါင်းတွေနဲ့ ပြုပြင်ထားခြင်းမရှိဘဲ ဖောလစ်အက်ဆစ်ဓာတ် ကြွယ်၀စွာပါ၀င်တဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့အစားအစာ၊ ပဲသီးတောင့်၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီး၀လံ တွေကို မျိုးအောင်နိုင်စွမ်း တိုးတက်ကောင်းမွန်စေဖို့နဲ့ မွေးရာပါချို့ယွင်းချက်ပါရှိတဲ့ ကလေးမွေးဖွားခြင်းမှ ကာကွယ် နိုင်ဖို့ ကိုယ်၀န်ဆောင်ဖို့ ရည်ရွယ်ထားစဉ်ကတည်းက စားသုံးသင့်ပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်ကြွယ်၀တဲ့ ကိုယ်၀န်ဆောင် အားဖြည့်ဆေး မှီ၀ဲပေးဖို့လို့အပ်ပါတယ်။ တနေ့တာ ဖောလစ်အက်ဆစ် လိုအပ်ချက်က 400 mcg ဖြစ်ပါတယ်။

 

4)     အဆီများသောငါးများ

            အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်၀စွာပါတဲ့ ငါးတွေဖြစ်တဲ့ ဆော်မွန်ငါး၊ ဆာဒင်းငါးနဲ့ ငါးသလောက် ငါးမျိုး နွယ်တွေဟာ မျိုးပွာဟော်မုန်းတိုးပွားစေဖို့ အထောက်အကူပေးနိုင်တဲ့အပြင် မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုကောင်းစေပြီး စိတ်ခံစားမှုအပိုင်းကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

            သစ်ကြားသီး၊ ဖရုံစေ့၊ ဥအမျိုးမျိုးတို့ကို စားသုံးခြင်းဖြင့်လည်း အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို လုံလုံလောက်လောက်ရရှိစေနိုင်ပါတယ်။

5)     မျောက်ဥ၊ ၀ဥ

            မျိုးအောင်မှုကို အားပေးတဲ့ အစားအစာအမျိုးအစာတွေထဲကမှ မျောက်ဥ၊ ၀ဥ တို့လို သစ်သီးသစ်ဖုတွေ ကို စားသုံးပေးပါက မျိုးအောင်နိုင်စွမ်းကို နှစ်ဆ တိုးတက်မြင့်မားစေပြီး အမွှာမွေးနှုန်းမြင့်မား ပါတယ်။

6)     ဘယ်ရီသီးများ

            အင်တီအောက်ဆီးဒင့်ပါ၀င်တဲ့ ဘလူးဘယ်ရီသီးတွေနဲ့ ရတ်စဘယ်ရီသီးတွေဟာ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် မျိုးပွားဆဲလ်တွေကို ရှင်သန်စေနိုင်တာကြောင့် ကိုယ်၀န်ဆောင်မိခင်တွေစားသုံးပေး သင့်တဲ့ သစ်သီးအမျိုးအစားထဲမှာ ပါ၀င်ပါတယ်။

7)     ကမာကောင်

            ကာမအားတိုးဆေးအဖြစ် အသိအမှတ်ပြုခြင်းခံထားရတဲ့ ကမာကောင်မှာ ဇင့်ဓာတ်ပါ၀င်တာကြောင့်  သနေ္ဓ တည်မှုကို အားပေးတဲ့အပြင် ရာသီစက်၀န်းကိုလည်း မှန်ကန်စေနိုင်ပါတယ်။

      တကယ်လို့ ကမာကောင်ကို သီးသန့်အနေနဲ့ မစားဖြစ်ရင်တောင်မှ ဇင့်ဓာတ်ကြွယ်၀တဲ့ အစားအစာ တွေဖြစ်တဲ့ အမဲသား၊ မွေးမြူရေး ကြက်သား၊ ဘဲသား၊ အခွံမာသီးများ၊ ဥ အမျိုးမျိုး၊ ဂျုံနဲ့ ပြုလုပ်ထားသော အစားအစာများ၊ ပဲတောင့်ရှည် များ စတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုအပ်တဲ့အပြင်၊ ဇင့်ဓာတ်ပါ၀င်တဲ့ ကိုယ်၀န်ဆောင်အားဖြည့်ဆေးကို လည်း မှီ၀ဲပေးဖို့လိုအပ်ပါတယ်။

8)     ဖရုံစေ့

            သံဓာတ်ကြွယ်၀စွာပါ၀င်တဲ့ ဖရုံစေ့ကိုစားသုံးပေးခြင်းဖြင့် မျိုးအောင်နိုင်မှုစွမ်းရည်ကို ပိုပြီး တိုးတက် ကောင်း မွန်စေပါတယ်။

9)     သံလွင်ဆီ

            ပြည့်၀ဆီမဟုတ်တဲ့ သံလွင်ဆီကို ချက်ပြုတ်ရာမှာထည့်ပြီး စားသုံးပေးခြင်းဖြင့် မျိုးပွားဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့အပြင် သနေ္ဓသားဖွ့ံဖြိုးကြီးထွားစေဖို့လည်း များစွာအထောက်အကူပြုပါတယ်။

 

မျိုးအောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတဲ့ အစားအစာများ

 

      ဓါးရှည်နှုတ်သီးငါး၊ မက်ကရယ်ငါး၊ တူနာငါးနဲ့ ငါးမန်း တို့လို ငါးမျိုးနွယ်၀င်တွေဟာ မီးစုန်းဓာတ် များပြားစွာ ပါ၀င်ပြီး မျိုးအောင်နိုင်စွမ်းကို ကျဆင်းစေတာကြောင့် ကိုယ်၀န်ဆောင်ဖို့ ရည်ရွယ်ထားတဲ့အမျိုးသမီးတွေအနေနဲ့ စားသုံးခြင်းမှ ရှောင်ရှားသင့် ပါတယ်။

      ပြည့်၀ဆီ (သို့) အသွင်ပြောင်းဆီတွေ ပါ၀င်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အကြော်စာတွေက မျိုးအောင်နိုင်စွမ်းကို လျော့ကျစေတာကြောင့် ကိုယ်၀န်ဆောင်မယ့် အမျိုးသမီးတွေအနေနဲ့ မစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

      ယင်းအစားအစာတွေ စားသုံးမယ့်အစား အဆီများသောငါး၊ သစ်ကြားသီးနဲ့ နေကြာစေ့ ကဲ့သို့ အစားအစာ တွေကို ကိုယ်၀န်ဆောင် မိခင်တွေအနေနဲ့ရော ကိုယ်၀န်ဆောင်ဖို့ရည်ရွယ်ထားတဲ့ မိခင်လောင်းတွေပါ မဖြစ်မနေ စားသုံး ပေးဖို့လိုအပ်ပါတယ်။

Cho Thet

www.drmyanmar.com